bih.button.backtotop.text

ရင်သားကင်ဆာအတွက် သွေးအရည်မှတစ်ဆင့်ကင်ဆာဆဲလ်ရှာဖွေစစ်ဆေးခြင်း - သွေးစစ်ဆေးမှုတစ်ခုမှ မည်သည့်အချက်အလက်များကိုပြောပြပေးနိုင်သနည်း။

ရင်သားကင်ဆာအတွက် သွေးအရည်မှတစ်ဆင့်ကင်ဆာဆဲလ်ရှာဖွေစစ်ဆေးခြင်း - သွေးစစ်ဆေးမှုတစ်ခုမှ မည်သည့်အချက်အလက်များကိုပြောပြပေးနိုင်သနည်း။
ရင်သားကင်ဆာအတွက် သွေးအရည်မှတစ်ဆင့်ကင်ဆာဆဲလ်ရှာဖွေစစ်ဆေးခြင်း - သွေးစစ်ဆေးမှုတစ်ခုမှ မည်သည့်အချက်အလက်များကိုပြောပြပေးနိုင်သနည်း။
Liquid biopsy ဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိအရည်များ (အများအားဖြင့်သွေးကိုဆိုလိုသည်) ထဲတွင် လည်ပတ်စီးဆင်းနေသော ကင်ဆာနှင့်သက်ဆိုင်သည့်အရာဝတ္ထုများကို ရှာဖွေစစ်ဆေးသည့်နည်းလမ်းတစ်ခုဖြစ်သည်။ ရင်သားကင်ဆာများတွင် ctDNA ဟုခေါ်သော ကင်ဆာဆဲလ်များမှ သွေးကြောအတွင်းသို့စွန့်ထုတ်လိုက်သည့် DNA ဗီဇအပိုင်းအစလေးများကို အဓိကထားစစ်ဆေးသည်။
 
အသားစစစ်ဆေးခြင်းနှင့်မတူသည်မှာ Liquid biopsy သည် ပုံမှန်အားဖြင့် သွေးနမူနာအနည်းငယ်ထုတ်ယူရန်သာ လိုအပ်ခြင်းဖြစ်သည်။ ရင်သားကင်ဆာတွင် ဤစစ်ဆေးမှု၏အခန်းကဏ္ဍမှာ ရောဂါအဆင့်မြင့်နေသော သို့မဟုတ် ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသောကင်ဆာများအတွက်ဖြစ်ပြီး ctDNA စစ်ဆေးခြင်းဖြင့် ကုသမှုရွေးချယ်ရာတွင်ကူညီပေးနိုင်မည့် ကင်ဆာအကျိတ်နှင့်ဆက်စပ်သော မျိုးဗီဇပြောင်းလဲမှုများကို ဖော်ထုတ်ပေးနိုင်သည်။
 
အဓိက မှတ်သားရန် အချက်များ
  • Liquid biopsy သည် သွေးအတွင်းလည်ပတ်စီးဆင်းနေသော ကင်ဆာနှင့်ဆက်စပ်နေသည့် မျိုးဗီဇများကို ခွဲခြမ်းစိတ်ဖြာ၍ စစ်ဆေးပေးနိုင်သည်။
  • ရောဂါပျံ့နှံ့အဆင့်ရင်သားကင်ဆာတွင် ctDNA စစ်ဆေးခြင်းသည် ကုသရေးနည်းလမ်းရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသည့် မျိုးဗီဇအသွင်ပြောင်းလဲမှုများကို ဖော်ထုတ်ပေးနိုင်သည်။
  • Liquid biopsy ရလဒ်တွင်ကင်ဆာဆဲလ်မတွေ့ရခြင်းသည် ကင်ဆာမျိုးဗီဇအသွင်ပြောင်းလဲမှု လုံးဝမရှိဟု အတည်သတ်မှတ်၍ မရပါ။
  • ရင်သားကင်ဆာဟု ရောဂါအမည်တပ်အတည်ပြုရန်အတွက် အသားစစစ်ဆေးခြင်းအစား Liquid biopsy ကိုသာပြုလုပ်၍မရပါ။
  • ၎င်းသည် ရင်သား Mammogram သို့မဟုတ် အခြားသတ်မှတ်ထားသည့် ရင်သားကင်ဆာကြိုတင်စစ်ဆေးမှုများ၏ အစားထိုးနည်းလမ်းတစ်ခုမဟုတ်ပါ။
  • ရင်သားကင်ဆာအတွက် စောစီးစွာကုသမှုခံယူပြီးနောက် ရောဂါပြန်လည်ထကြွမှုရှိမရှိ စောင့်ကြည့်စစ်ဆေးရာတွင် ဤစစ်ဆေးမှု၏အခန်းကဏ္ဍကို လေ့လာဆန်းစစ်နေဆဲဖြစ်သည်။
 

Liquid Biopsy က မည်သည့်အရာများကို ရှာဖွေစစ်ဆေးပေးသနည်း။
ပုံမှန်ဆဲလ်များသည် သွေးကြောအတွင်းသို့ သေးငယ်သောမျိုးဗီဇအပိုင်းအစလေးများကို စွန့်ထုတ်ကြသည်။ ယင်းကို Cell-free DNA (cfDNA) ဟုခေါ်သည်။
 
ကင်ဆာဆဲလ်များသည်လည်း ဤမျိုးဗီဇအပိုင်းအစလေးများကို စွန့်ထုတ်နိုင်သည်။ ယင်းကင်ဆာဆဲလ်များမှ ဆင်းသက်လာသောအစိတ်အပိုင်းများကိုမူ Circulating tumor DNA (ctDNA) ဟုသိကြသည်။
 
ဓာတ်ခွဲခန်းများသည် Next-generation sequencing (NGS) ကဲ့သို့သော နည်းပညာများကိုအသုံးပြု၍  ctDNA ၏မျိုးဗီဇဆိုင်ရာစစ်ဆေးမှုများကိုပြုလုပ်နိုင်ပြီး တစ်ချိန်တည်းမှာပင် ကင်ဆာနှင့်သက်ဆိုင်သည့် မျိုးဗီဇအသွင်ပြောင်းလဲမှုများစွာကို ရှာဖွေဖော်ထုတ်ပေးနိုင်သည်။
 

ရင်သားကင်ဆာတွင် Liquid Biopsy စစ်ဆေးမှုကို မည်သို့အသုံးပြုသနည်း။
၎င်း၏ လက်ရှိအဓိကကျသောအခန်းကဏ္ဍမှာ ရောဂါအဆင့်မြင့်နေသော သို့မဟုတ် ရောဂါပျံ့နှံ့အဆင့်ရင်သားကင်ဆာများတွင် ဖြစ်သည်။
ကင်ဆာ၏သဘာဝသည် ရောဂါအခြေအနေပိုမိုဆိုးရွားလာသည့်အခါ သို့မဟုတ် ကုသမှုများနှင့်ထိတွေ့သည့်အခါ မော်လီကျူးဆိုင်ရာပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်လာနိုင်သည်။ Liquid biopsy သည် အသားစထပ်မံယူရန်မလိုအပ်ဘဲ ဤပြောင်းလဲမှုများနှင့်ပတ်သက်သည့် နောက်ဆုံးပေါ်အချက်အလက်များကို ဖော်ပြပေးနိုင်သည်။
 
ဥပမာအားဖြင့် ctDNA စစ်ဆေးခြင်းသည် အောက်ပါတို့ကို ဖော်ထုတ်စစ်ဆေးပေးနိုင်သည် -
  • PIK3CA Mutations: ဟော်မုန်းလက်ခံပစ္စည်းပါဝင်သော HER2-negative ဖြစ်သည့် ရောဂါအဆင့်မြင့်ရင်သားကင်ဆာလူနာအချို့အတွက် ပစ်မှတ်ထားကုထုံးခံယူရန် သင့်တော်ခြင်းရှိ၊မရှိ ဆုံးဖြတ်ရာတွင် ကူညီပေးသည်။
  • ESR1 Mutations: ဟော်မုန်းကုထုံးခံယူနေစဉ်အတွင်းဖြစ်ပေါ်လာနိုင်ပြီး Estrogen ဟော်မုန်းလက်ခံပစ္စည်းပါဝင်သော HER2-negative ရောဂါပျံ့နှံ့အဆင့်ရင်သားကင်ဆာလူနာများအတွက် နောက်ဆက်တွဲ ကုသမှုနည်းလမ်းများဆုံးဖြတ်ရာတွင် သက်ရောက်မှုရှိနိုင်သည်။
 
ဤသည်မှာ ကင်ဆာတစ်ခု၏ မော်လီကျူးဆိုင်ရာထူးခြားသောလက္ခဏာများကို အသေးစိတ်ထည့်သွင်းစဉ်းစားပြီးကုသသည့် Precision Oncology (တိကျသောကင်ဆာကုထုံး) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
 

Liquid Biopsy သည် အသားစနမူနာစစ်ဆေးခြင်းကို အစားထိုးနိုင်ပါသလား။
အစားမထိုးနိုင်ပါ။
ရင်သားကင်ဆာအသစ်ဖြစ်ပွားကြောင်းအတည်ပြုရန်နှင့် ကင်ဆာအကျိတ်အမျိုးအစား၊ အဆင့်၊ ER၊ PR နှင့် HER2 အခြေအနေကဲ့သို့သော အရေးကြီးသည့်အချက်အလက်များကို ဆုံးဖြတ်ရန်အတွက် အသားစနမူနာစစ်ဆေးခြင်းကို မဖြစ်မနေပြုလုပ်ရန်လိုအပ်ပါသေးသည်။
ရောဂါအဆင့်ပြင်းထန်နေသောကင်ဆာများတွင် အသားစမရရှိနိုင်သည့်အခါ၊ အသားစယူရန်ခက်ခဲသည့်အခါ သို့မဟုတ် နောက်ဆုံးပေါ်မော်လီကျူးဆိုင်ရာအချက်အလက်များ လိုအပ်သည့်အခါမှသာ ctDNA စစ်ဆေးခြင်းက ထပ်ဆောင်းမျိုးဗီဇဆိုင်ရာအချက်အလက်များကို ပေးစွမ်းနိုင်သည်။
သို့သော်လည်း အချို့သောကင်ဆာများသည် သွေးကြောအတွင်းသို့ DNA ပမာဏအနည်းငယ်မျှသာစွန့်ထုတ်တတ်ကြသည်။ ထို့ကြောင် ctDNA ရလဒ် Negative ထွက်ခြင်းသည် သက်ဆိုင်ရာမျိုးဗီဇအသွင်ပြောင်းလဲမှု လုံးဝမရှိဟုမဆိုလိုဘဲ အသားစစစ်ဆေးမှုပြုလုပ်ရန် လိုအပ်နိုင်သေးကြောင်းကိုလည်း သတိပြုသင့်သည်။
 

Liquid Biopsy က ရင်သားကင်ဆာပြန်လည်ဖြစ်ပွားလာခြင်းကို စောစီးစွာရှာဖွေဖော်ပြနိုင်ပါသလား။
ဤ အချက်မှာ လက်ရှိလုပ်ဆောင်နေဆဲဖြစ်သော သုတေသနလေ့လာမှုများ၏ အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်သည်။
စောစီးစွာတွေ့ရှိခဲ့သည့်ရင်သားကင်ဆာအားကုသပြီးနောက် ခန္ဓာကိုယ်အတွင်းတွင် ကင်ဆာဆဲလ်ပမာဏ အနည်းငယ်ကျန်ရှိနေနိုင်သည်။ ယင်းကို Molecular Residual Disease (MRD) ဟုခေါ်သည်။
ကုသမှုပြီးဆုံးပြီးနောက် ctDNA ကိုတွေ့ရှိရခြင်းသည် အနာဂတ်တွင်ရောဂါပြန်လည်ထကြွနိုင်ခြေ ပိုမိုမြင့်မားခြင်းနှင့်ဆက်စပ်နေပြီး ပုံရိပ်ဖော်စစ်ဆေးမှုများတွင်မတွေ့မြင်ရမီ မော်လီကျူးအဆင့်ပြန်လည်ထကြွမှုကို စောစီးစွာဖော်ထုတ်ပေးနိုင်ကြောင်း လေ့လာမှုများကဖော်ပြထားသည်။
 
သို့သော် အဓိကမေးခွန်းတစ်ခုကျန်ရှိနေသည်မှာ - ctDNA ရလဒ် Positive ထွက်ရုံမျှဖြင့် ကုသမှုကိုပြောင်းလဲလိုက်ခြင်းက လူနာ၏ရောဂါသက်သာပျောက်ကင်းနိုင်ခြေကို အမှန်တကယ်ပိုမိုကောင်းမွန်စေပါသလား။
ယခု ၂၀၂၆ ခုနှစ်အထိ ဤအချက်ကို ခိုင်မာစွာအတည်မပြုနိုင်သေးပါ။ ctDNA လမ်းညွှန်ချက်ဖြင့်ပေးသည့် ကုသမှုနည်းလမ်းများကို အစောပိုင်းအဆင့်ရင်သားကင်ဆာများတွင် မည်သို့အသုံးပြုရမည်ဆိုသည်ကိုဆေးဖက်ဆိုင်ရာစမ်းသပ်မှုများဖြင့် ဆက်လက်လုပ်ဆောင်လေ့လာနေဆဲဖြစ်သည်။
 

Liquid Biopsy ကို ရင်သားကင်ဆာကြိုတင်စစ်ဆေးမှုအဖြစ် အသုံးပြုနိုင်ပါသလား။
ပုံမှန်အားဖြင့်အသုံးပြု၍မရပါ။
Liquid biopsy ကို ရင်သား Mammogram၊ ရင်သားအာထရာဆောင်း၊ သံလိုက်ဓာတ်မှန်ရိုက်ကူးခြင်း သို့မဟုတ် ရင်သားဆိုင်ရာရောဂါလက္ခဏာအသစ်များအတွက် ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်းတို့၏ နေရာတွင်အစားမထိုးသင့်ပါ။
အစောပိုင်းအဆင့်ကင်ဆာများတွင် သွေးအတွင်းပါလာသည့် ပမာဏအလွန်နည်းပါးသောကင်ဆာ DNA ကိုရှာဖွေခြင်းသည် နည်းပညာအရစိန်ခေါ်မှုများစွာရှိနေသေးသည်။ ထို့ကြောင့် ရင်သားကင်ဆာအတွက် သွေးစစ်ရုံဖြင့်ကြိုတင်စစ်ဆေးနိုင်သည့်နည်းလမ်းမှာ လေ့လာစမ်းသပ်ဆဲအဆင့်တွင်သာ ရှိသေးသည်။
 

ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ Liquid biopsy စစ်ဆေးမှု နှင့် ရင်သားကင်ဆာစောင့်ရှောက်ကုသမှု
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် ရင်သားရောဂါဌာနသည် ရင်သားကင်ဆာရောဂါအတည်ပြုရန် နှင့် သင့်တော်သောကုသမှုများပေးစွမ်းနိုင်ရန် Horizon ဒေသဆိုင်ရာကင်ဆာဌာန၊ ရောဂါဗေဒဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်များ၊ ဓာတ်ခွဲအထူးပြုဆရာဝန်များအားလုံးနှင့် အတူတကွပူးပေါင်းဆောင်ရွက်လေ့ရှိသည်။
 
ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကင်ဆာအကျိတ်များအတွက် Liquid biopsy ယူခြင်းမှတဆင့် Next-generation sequencing (NGS) အခြေခံ မျိုးဗီဇစစ်ဆေးမှုများကို ဆောင်ရွက်ပေးသည်။ စစ်ဆေးမှုသည် သင့်တော်သောလူနာများတွင် ပစ်မှတ်ထားကုထုံးပေးနိုင်ရန် ctDNA ကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပေးသည်။ ရလဒ်များကို ER, PR, HER2 အခြေအနေ၊ ကင်ဆာအဆင့်၊ ပြင်းထန်မှုအဆင့်၊ ရောဂါဗေဒဆိုင်ရာရလဒ်များ၊ ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များနှင့်အတူ ပေါင်းစပ်စဉ်းစားသည်။
 
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ဓာတ်ခွဲခန်းသည် ၂၀၁၆ ခုနှစ်မှစတင်၍ College of American Pathologists (CAP) ၏ အသိအမှတ်ပြုလက်မှတ်ကိုလက်ခံရရှိခဲ့ပြီး DNA အစီအစဉ်စစ်ဆေးခြင်းကဲ့သို့သော နောက်ဆုံးပေါ်စစ်ဆေးမှုများကို ပေးစွမ်းလျက်ရှိသည်။
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ရင်သားကင်ဆာကုသရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် JCI မှပေးအပ်သော Clinical Care Program Certification အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့သည်။ Newsweek နှင့် Statista တို့မှပေးအပ်သော ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်ဒေသ၏အကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံ၌ အဆင့် ၁ နှင့် အာရှပစိဖိတ်ဒေသတွင်းကင်ဆာကုသရေးကဏ္ဍတွင် အဆင့် ၅၈ ရရှိခဲ့သည်။
 

 
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
Liquid biopsy သည် မျိုးရိုးဆက်ခံလာသောမျိုးဗီဇစစ်ဆေးခြင်းနှင့် အတူတူပဲလား။ 
မဟုတ်ပါ။ Liquid biopsy သည် သွေးအတွင်းရှိ ctDNA တွင် ကင်ဆာနှင့်ပတ်သက်သည့် အသွင်ပြောင်းလဲမှုများကိုစစ်ဆေးခြင်းဖြစ်သည်။ မျိုးရိုးဆက်ခံလာသောမျိုးဗီဇစစ်ဆေးခြင်းသည် BRCA1 သို့မဟုတ် BRCA2 ကဲ့သို့သော မိဘထံမှဆက်ခံရရှိလာသည့် မျိုးဗီဇများကိုစစ်ဆေးခြင်းဖြစ်သည်။
 
Liquid biopsy ရလဒ် Negative ထွက်ပါက ကင်ဆာလုံးဝမရှိဟု ဆိုလိုပါသလား။ 
မဟုတ်ပါ။ အချို့သောကင်ဆာအကျိတ်များသည် သွေးအတွင်းသို့ စစ်ဆေးတွေ့ရှိနိုင်ရန်လုံလောက်သော ctDNA ပမာဏကိုစွန့်ထုတ်နိုင်ခြင်းမရှိပါ။
 
Liquid biopsy သည် ရင်သား Mammogram ကို အစားထိုးနိုင်ပါသလား။ 
အစားမထိုးနိုင်ပါ။ Liquid biopsy သည် လက်ရှိတွင် သတ်မှတ်ထားသည့်ရင်သားကင်ဆာကြိုတင်စစ်ဆေးမှုတစ်ခုမဟုတ်ပါ။
 
ဆေးပညာဆိုင်ရာကိုးကားချက်များ
  1. Pascual J, Attard G, Bidard FC, et al. ESMO recommendations on the use of circulating tumour DNA assays for patients with cancer: a report from the ESMO Precision Medicine Working Group. Annals of Oncology. 2022;33(8):750–768.
  2. Henry NL, Somerfield MR, Dayao Z, et al. Biomarkers for Systemic Therapy in Metastatic Breast Cancer: ASCO Guideline Update. Journal of Clinical Oncology. 2022;40(27):3205–3221.
  3. Burstein HJ, DeMichele A, Somerfield MR, Henry NL. Testing for ESR1 Mutations to Guide Therapy for Hormone Receptor–Positive, HER2-Negative Metastatic Breast Cancer: ASCO Guideline Rapid Recommendation Update. Journal of Clinical Oncology. 2023;41(18):3423–3425.
  4. Schlam I, Tolaney SM, Lin NU, Parsons H, Morganti S. Circulating Tumor DNA in Early Breast Cancer: A Review. JAMA Oncology. 2026;12(7):773–784.
  5. Garcia-Murillas I, Chopra N, Comino-Méndez I, et al. Assessment of Molecular Relapse Detection in Early-Stage Breast Cancer. JAMA Oncology. 2019;5(10):1473–1478.
  6. Bumrungrad International Hospital. Laboratory Service Guide: liquid biopsy and comprehensive genomic profiling tests.
 

ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Thiraphop Waipradab, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန် 
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ။
 


 
For more information please contact:
  • ရင်သားရောဂါကုဌာန

    Tel: +66 2066 8888 or 1378 (local call only)


Last modify: հոկտեմբերի 30, 2026

Related Packages

Related Health Blogs