သင့်ရင်သားတွင် ပုံမှန်မဟုတ်သောအပြောင်းအလဲတစ်ခုခုကို ခံစားနေရပါသလား။ ၎င်းသည် အရည်အိတ်တစ်ခုလား၊ ရင်သားတစ်ရှူး၏ ပုံမှန်ပြောင်းလဲမှုတစ်ခုလား သို့မဟုတ် ထပ်မံစစ်ဆေးအတည်ပြုရန် လိုအပ်သည့်အရာတစ်ခုခုလား။
ရင်သားတွင် အကျိတ်တစ်ခုတွေ့ရှိရုံမျှဖြင့် ရင်သားကင်ဆာဖြစ်နေသည်ဟု အလိုအလျောက် ကောက်ချက်ချ၍မရပါ။ ရင်သားအကျိတ်အများစုမှာ ကင်ဆာမဟုတ်သောအကျိတ်များ ဖြစ်နိုင်ပါသည်။ ဆရာဝန်များသည် ရင်သားအကျိတ်တစ်ခုကို အဆင့် (၃) ဆင့်ပါဝင်သည့် ပြီးပြည့်စုံသောနည်းလမ်းဖြင့် စစ်ဆေးအကဲဖြတ်လေ့ရှိပါသည် - ၎င်းတို့မှာ ဆရာဝန်ကိုယ်တိုင်ရင်သားကို စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးမှုများ (Ultrasound သို့မဟုတ် ရင်သား Mammogram) ပြုလုပ်ခြင်း နှင့် လိုအပ်ပါကတစ်သျှူးနမူနာယူ၍စစ်ဆေးခြင်းတို့ ဖြစ်သည်။
၁။ သင့်ဆရာဝန်က အကျိတ်အကြောင်း နှင့်ပတ်သက်၍မေးမြန်းပါလိမ့်မည်။
သင်ဆရာဝန်နှင့်ပြသသည့်အခါ ပုံမှန်အားဖြင့် သင်၏ရောဂါရာဇဝင်အကြောင်းကို အသေးစိတ်မေးမြန်းစစ်ဆေးခြင်းဖြင့် စတင်လေ့ရှိသည်။ ရောဂါလက္ခဏာများကို သင့်အနေဖြင့် ပိုမိုကောင်းမွန်စွာနားလည်သဘောပေါက်နိုင်စေရန် ဆရာဝန်မှသီးသန့်မေးခွန်းများ မေးမြန်းပါလိမ့်မည်။
- အကျိတ်ကို ပထမဆုံးဘယ်အချိန်မှာ စတင်သတိထားမိခဲ့သလဲ။
- ၎င်း၏အရွယ်အစား ပြောင်းလဲသွားခြင်း သို့မဟုတ် နာကျင်လာခြင်း ရှိပါသလား။
- ၄င်းအကျိတ်သည် သင့်ရာသီစက်ဝန်းအလိုက် ပြောင်းလဲမှုရှိပါသလား။
- သင့်နို့သီးခေါင်းမှအရည်များထွက်လာခြင်း၊ ရင်သားအရေပြားတွင်အပြောင်းအလဲများဖြစ်လာခြင်း သို့မဟုတ် နို့သီးခေါင်းပုံစံပြောင်းလဲလာခြင်းများရှိပါသလား။
- သင့်ချိုင်းအောက်တွင် ရောင်ရမ်းနေခြင်း သို့မဟုတ် အကျိတ်တစ်ခုခု ရှိပါသလား။
- သင်သည် ယခင်ကရင်သားဓာတ်မှန်၊ ရင်သားအာလ်ထရာဆောင်း သို့မဟုတ် တစ်ရှူးနမူနာစစ်ဆေးခြင်း တို့ကို ပြုလုပ်ဖူးပါသလား။
- သင့်တွင်ရင်သားကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာဖြစ်ပွားဖူးသည့် ရာဇဝင် သို့မဟုတ် မိသားစုရာဇဝင် ရှိပါသလား။
ယခင်က ရိုက်ကူးထားသော ရင်သားဓာတ်မှန်များ ရှိပါက နှိုင်းယှဉ်လေ့လာကြည့်ရန်အတွက် အသုံးဝင်နိုင်ပါသည်။
၂။ ရောဂါရှာဖွေရေးဆိုင်ရာ ရင်သားစစ်ဆေးမှုခံယူရပါမည်။
သင့်ဆရာဝန်မှ ရင်သားနှစ်ဖက်စလုံးနှင့် ချိုင်းကြားအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ပြန်ရည်ကြောအကျိတ်နေရာများကို စစ်ဆေးပေးပါမည်။
စစ်ဆေးမှုတွင် အကျိတ်၏ တည်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ ထိတွေ့ခံစားရပုံ၊ နာကျင်မှုရှိမရှိနှင့် ရွေ့လျားနိုင်မှုတို့ကို ဆန်းစစ်နိုင်ပါသည်။ ထို့အပြင် သင့်ဆရာဝန်မှ ရင်သားအရေပြား သို့မဟုတ် နို့သီးခေါင်းတွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကိုလည်း စစ်ဆေးကြည့်ရှုပါလိမ့်မည်။
ဤတွေ့ရှိချက်များသည် အသုံးဝင်သောအရိပ်အမြွက်များကိုပေးစွမ်းနိုင်သော်လည်း အကျိတ်တစ်ခုသည် ကင်ဆာမဟုတ်သောအကျိတ် သို့မဟုတ် ကင်ဆာအကျိတ် ဟုတ်၊ မဟုတ်ကို လက်ဖြင့်စမ်းသပ်ရုံမျှဖြင့် ဆုံးဖြတ်ရန်မှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် ပုံရိပ်ဖော်စစ်ဆေးမှုပြုလုပ်ခြင်းသည် များသောအားဖြင့် နောက်တစ်ဆင့်အနေဖြင့် လုပ်ဆောင်လေ့ရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
၃။ သင်သည် ရင်သားဓာတ်မှန်၊ ရင်သားအာလ်ထရာဆောင်းစစ်ဆေးမှု သို့မဟုတ် နှစ်မျိုးစလုံး လိုအပ်နိုင်ပါသည်။
ပုံရိပ်ဖော်စစ်ဆေးမှုအကြံပြုချက်သည် သင့်အသက်အရွယ်၊ ရောဂါလက္ခဏာများ၊ သင်၏ရောဂါရာဇဝင် နှင့် ဆေးပညာဆိုင်ရာစစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပါသည်။
- ရင်သား အာလ်ထရာဆောင်း (Breast ultrasound) - အကျိတ်ကိုစစ်ဆေးရန် အသံလှိုင်းများကိုအသုံးပြုပြီး၊ အကျိတ်သည် အရည်များပြည့်နေသောအိတ် သို့မဟုတ် မာသောအကျိတ်အခဲ ဖြစ်နေသလားဆိုသည်ကို ဆုံးဖြတ်ရာတွင်ကူညီပေးနိုင်သည်။
- ရောဂါရှာဖွေရေးဆိုင်ရာ ရင်သား Mammogram - ရင်သားတွင် တွေ့ရှိရသော လက္ခဏာတစ်ခုခု သို့မဟုတ် စိုးရိမ်ရသည့်နေရာတစ်ခုခုကို စစ်ဆေးရန်အတွက် ရင်သားဆိုင်ရာ အထူးဓာတ်မှန်ရိုက်ကူးမှုနည်းလမ်းကိုအသုံးပြုပါသည်။ ထိုနေရာကို ပိုမိုအသေးစိတ်စစ်ဆေးနိုင်ရန်အတွက် မမ်မိုဂရမ်ပုံရိပ်များကို ထပ်မံရိုက်ကူးခြင်းများ ပြုလုပ်နိုင်သည်။
- ရင်သား MRI - အခြေအနေအချို့တွင် ၎င်းကိုလည်းထည့်သွင်းစဉ်းစားနိုင်ပါသည်။ ကိစ္စရပ်အများစုတွင် ရင်သားဓာတ်မှန်ရိုက်ခြင်း နှင့် အာလ်ထရာဆောင်းရိုက်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုအထောက်အကူပြုလေ့ရှိကြပါသည်။
၄။ BI-RADS ဆိုတာဘာလဲ။
ဓာတ်မှန်ရိုက်စစ်ဆေးမှု ပြုလုပ်ပြီးနောက် ဓာတ်မှန်အထူးကုဆရာဝန်မှ BI-RADS အမျိုးအစားကိုသတ်မှတ်ပေးနိုင်ပါသည်။ ၎င်းသည် ရင်သားဓာတ်မှန်စစ်ဆေးချက်များကို ဖော်ပြရန် နှင့် နောက်ဆက်တွဲလုပ်ဆောင်ရမည့်အဆင့်အတွက် လမ်းညွှန်မှုပေးရန် အသုံးပြုသည့် စံသတ်မှတ်ထားသော စနစ်တစ်ခုဖြစ်သည်။
| BI-RADS အမျိုးအစားသတ်မှတ်ချက် |
ဆေးစစ်ချက် |
အကြံပြုထားသော လုပ်ဆောင်ရန်ချက်များ |
| BI-RADS 0 |
မပြည့်စုံပါ |
အချက်အလက်များထပ်မံလိုအပ်သည်။ |
| BI-RADS 1–2 |
ကင်ဆာဖြစ်နိုင်ချေအန္တရာယ်မရှိသော / ကင်ဆာမဟုတ်သော |
ပုံရိပ်ဖော်စစ်ဆေးမှုများထပ်မံပြုလုပ်ရန်လိုအပ်သည် သို့မဟုတ် ယခင်ကပြုလုပ်ခဲ့သော စစ်ဆေးမှုများကိုဆန်းစစ်ရန်လိုအပ်သည်။ |
| BI-RADS 3 |
ကင်ဆာမဟုတ်သော |
များသောအားဖြင့် ရက်ချိန်းပုံမှန်ပြပြီးနောက်ဆက်တွဲစစ်ဆေးမှုများပြုလုပ်ရန် အကြံပြုလေ့ရှိသည်။ |
| BI-RADS 4–5 |
သံသယဖြစ်ဖွယ် / အလွန်သံသယဖြစ်ဖွယ် |
တစ်ရှူးနမူနာစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိသည်။ |
| BI-RADS 6 |
ကင်ဆာဖြစ်သည် |
တစ်ရှူးနမူနာစစ်ဆေးချက်အရ ကင်ဆာဖြစ်နေကြောင်း အတည်ပြုပြီးဖြစ်သည်။ |
BI-RADS ဆိုသည်မှာ ရင်သားကင်ဆာဖြစ်ကြောင်းအတည်ပြုချက် သို့မဟုတ် ကင်ဆာအဆင့်သတ်မှတ်ချက် မဟုတ်ပါ။
၅။ ရင်သားတစ်ရှူးစနမူနာယူစစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်ပါမည်လား။
ရင်သားအကျိတ်တိုင်းအတွက် အသားစစစ်ဆေးခြင်းပြုလုပ်ရန် မလိုအပ်ပါ။
စမ်းသပ်စစ်ဆေးမှုနှင့် ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များအရ သင့်ရောဂါလက္ခဏာမှာ ကင်ဆာမဟုတ်သော အန္တရာယ်ကင်းသည့်အခြေအနေဖြစ်သည်ဟုတွေ့ရှိရပါက သင့်ဆရာဝန်အနေဖြင့် ပုံမှန်စောင့်ကြည့်ကုသမှု သို့မဟုတ် နောက်ဆက်တွဲပုံရိပ်ဖော်စစ်ဆေးမှုပြုလုပ်ရန် အကြံပြုနိုင်ပါသည်။ အကယ်၍ တွေ့ရှိချက်သည် သံသယဖြစ်ဖွယ်ရှိနေလျှင် သို့မဟုတ် ကင်ဆာမဟုတ်သောအန္တရာယ်ကင်းသည့်အခြေအနေဟု အတိအကျသတ်မှတ်၍မရနိုင်လျှင် တစ်ရှူးနမူနာယူ၍စစ်ဆေးရန် အကြံပြုနိုင်ပါသည်။
ရင်သားတစ်ရှူးနမူနာအနည်းငယ်သာလိုအပ်လျှင် Core needle biopsy (အပ်ဖြင့်တစ်ရှူးနမူနာယူခြင်း) နည်းလမ်းကို အများအားဖြင့်အသုံးပြုလေ့ရှိကြသည်။ စစ်ဆေးလိုသည့်နေရာသို့ အပ်ကိုတိကျစွာထိုးသွင်းနိုင်ရန်အတွက် အာလ်ထရာဆောင်း သို့မဟုတ် Mammography ရိုက်ခြင်းကဲ့သို့သော ရုပ်ပုံရိုက်ယူသည့်နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ထို့နောက်ရရှိလာသောတစ်ရှူးနမူနာကို ရောဂါဗေဒပညာရှင်ကစစ်ဆေးပေးပြီး တွေ့ရှိချက်မှာ ကင်ဆာမဟုတ်သောအကျိတ် သို့မဟုတ် ကင်ဆာအကျိတ် ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်သတ်မှတ်ပေးနိုင်သည်။
ရင်သားအတွင်းတွေ့ရှိရသည့်အရာ၏ အမျိုးအစား၊ အရွယ်အစား နှင့် တည်နေရာတို့အပေါ် မူတည်၍ Vacuum-assisted excision (VAE) သို့မဟုတ် Excisional biopsy (အကျိတ်အားခွဲစိတ်ဖယ်ရှားပြီးစစ်ဆေးခြင်း) ကဲ့သို့သော အခြားနည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ VAE ခွဲစိတ်မှုတွင် လေစုပ်စက်ပါဝင်သောကိရိယာကိုအသုံးပြု၍ အရေပြားပေါ်၌သေးငယ်သောခွဲစိတ်ရာပေးပြီး ရင်သားတစ်ရှူးများကိုဖယ်ရှားထုတ်ယူလေ့ရှိသည်။ Excisional biopsy တွင်မူ စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် ပုံမှန်မဟုတ်သောအရာ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကိုခွဲစိတ်ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
အရေးကြီးသည်မှာ ရင်သားအသားစစစ်ဆေးခြင်းပြုလုပ်ရန် ညွှန်ကြားခြင်းသည် ရင်သားကင်ဆာရှိကြောင်းတွေ့ရှိပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤစစ်ဆေးမှု၏ရည်ရွယ်ချက်မှာ ရောဂါအခြေအနေကိုအတည်ပြုသတ်မှတ်ရန် ဖြစ်ပါသည်။
ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်က ပုံမှန်ဖြစ်နေသော်လည်း အကျိတ်ကိုဆက်ပြီးစမ်းမိနေမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။
ရင်သားအကျိတ်မှာဆက်ရှိနေပြီး ပျောက်ကွယ်မသွားပါက ကနဦးပြုလုပ်ထားသော ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များက စိတ်ချရသည်ဟုပြသနေသော်လည်း သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဆရာဝန်များသည် လူနာ၏ရုပ်ပိုင်းဆိုင်ရာစစ်ဆေးတွေ့ရှိချက်များ၊ ပုံရိပ်ဖော်စစ်ဆေးမှု ရလဒ်များ၊ ယခင်ကပြုလုပ်ခဲ့သောစစ်ဆေးမှုများ နှင့် လူနာတစ်ဦးချင်းစီ၏ရောဂါဖြစ်နိုင်ခြေအချက်အလက်များ စသည့်ရောဂါအခြေအနေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။ အကယ်၍ ရောဂါလက္ခဏာဆိုင်ရာတွေ့ရှိချက်များနှင့် ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များ ကိုက်ညီမှုမရှိပါက ထပ်မံစစ်ဆေးအကဲဖြတ်ရန် လိုအပ်နိုင်သည်။
ထို့ကြောင့် ရင်သားအကျိတ်စစ်ဆေးအကဲဖြတ်ရာတွင် စမ်းသပ်မှုတစ်ခုတည်းအပေါ်တွင်သာ မမူတည်ပါ။ ရောဂါအခြေအနေအတည်ပြုသတ်မှတ်နိုင်ရန်အတွက် ဆရာဝန်၏လက်တွေ့စမ်းသပ်စစ်ဆေးခြင်း၊ သင့်လျော်သော ရင်သားပုံရိပ်ဖော်စစ်ဆေးခြင်းနှင့် လိုအပ်ပါကတစ်ရှူးနမူနာယူစစ်ဆေးခြင်းတို့ကို အတူတကွဆောင်ရွက်ရန်လိုအပ်ပါသည်။
ရင်သားအကျိတ်စစ်ဆေးရှာဖွေခြင်း နှင့် ရင်သားကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့်ရွေးချယ်သင့်သနည်း။
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ ရင်သားရောဂါကုသမှုဌာနသည် ရင်သားရောဂါရှာဖွေစစ်ဆေးခြင်း၊ ရောဂါအတည်ပြုသတ်မှတ်ခြင်းနှင့် ကုသခြင်းတို့ကို အထောက်အပံ့ပေးနိုင်ရန် ရောဂါရှာဖွေရေးဆိုင်ရာဓာတ်မှန် နှင့် နျူကလီးယားဆေးပညာဌာန (Diagnostic Radiology and Nuclear Medicine Center) နှင့် Horizon Regional ကင်ဆာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဘက်စုံပူးပေါင်းကုသမှုတွင် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ရင်သားဆိုင်ရာဓာတ်မှန်ပညာရှင်များ၊ ရင်သားခွဲစိတ်ဆရာဝန်များ၊ ရောဂါဗေဒပညာရှင်များ၊ ကင်ဆာဆေးကုသမှုဆိုင်ရာအထူးကုဆရာဝန်များ၊ ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်များ နှင့် အခြားသောအထူးကုဆရာဝန်များစွာ ပါဝင်နိုင်ပါသည်။
- အဆင့်မြင့် ရောဂါရှာဖွေစစ်ဆေးရေးနည်းလမ်းများ
Bumrungrad ဆေးရုံသည် သုံးဖက်မြင်ဒစ်ဂျစ်တယ် Mammography၊ ရင်သားအာလ်ထရာဆောင်း၊ ရင်သား MRI နှင့် ရုပ်ပုံဖော်လမ်းညွှန်မှုဖြင့် ပြုလုပ်သော ရင်သားတစ်သျှူးနမူနာယူခြင်းနည်းလမ်းများအပါအဝင် နောက်ဆုံးပေါ်အဆင့်မြင့်ပုံရိပ်ဖော်ခြင်းနှင့် ရောဂါရှာဖွေခြင်း ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပါသည်။ ထို့အပြင် Lunit INSIGHT MMG ဟုခေါ်သော AI နည်းပညာပါဝင်သည့် Mammography စနစ်ကိုလည်း အသုံးပြုပါသည်။ ဤစနစ်သည် ရိုက်ယူထားသောပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာပေးပြီး သေချာစွာထပ်မံစစ်ဆေးရန်လိုအပ်နိုင်သည့် သံသယဖြစ်ဖွယ်နေရာများကို ထောက်ပြပေးနိုင်သည်။ ဤ AI စနစ်သည် အထူးကုဆရာဝန်၏ စစ်ဆေးသုံးသပ်မှုကို အစားထိုးခြင်းမဟုတ်ဘဲ ဓာတ်မှန်ပညာရှင်၏ ပုံရိပ်လေ့လာဆန်းစစ်မှုကို အထောက်အကူပြုပေးခြင်းသာ ဖြစ်ပါသည်။
- နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်ကုသမှု
Bumrungrad ၏ ရင်သားကင်ဆာကုသရေးအစီအစဉ်သည် ရင်သားကင်ဆာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် အရည်အသွေးနှင့် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီခြင်းအတွက် ၂၀၂၅ ခုနှစ်တွင် Joint Commission International Clinical Care Program Certification (JCI CCPC) အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပြီးဖြစ်ပါသည်။
- ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု
Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် ထိုင်းနိုင်ငံအတွင်းအဆင့် (၁) နှင့် အာရှပစိဖိတ်ဒေသတွင် အဆင့် (၅၈) နေရာတို့ကိုရရှိခဲ့ပါသည်။ ထို့အပြင် Newsweek ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆေးရုံများ စာရင်းတွင်လည်း ကမ္ဘာ့အဆင့် (၉၆) နေရာ၌ရပ်တည်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်းဆေးရုံ (၁၀၀) စာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံ၏တစ်ခုတည်းသောဆေးရုံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။
အမေးများသော မေးခွန်းများ
ရင်သားမှာ အကျိတ်ရှိတိုင်းကင်ဆာဖြစ်နိုင်လား။
မဟုတ်ပါ။ ရင်သားတွင်တွေ့ရသောအကျိတ်အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များဖြစ်လေ့ရှိပါသည်။ သို့သော်လည်း အသစ်ပေါ်လာသော၊ ပျောက်ကင်းသွားခြင်းမရှိဘဲ ဆက်လက်ရှိနေသော သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲလာသော အကျိတ်များကိုမူ ဆရာဝန်နှင့်ပြသ၍ စစ်ဆေးမှုခံယူသင့်ပါသည်။
အကျိတ်က မနာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါသလား။
ပြသသင့်ပါတယ်။ အကျိတ်တစ်ခုက နာကျင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်း၏အကြောင်းရင်းကို ယုံကြည်စိတ်ချရလောက်အောင် ဆုံးဖြတ်သတ်မှတ်၍ မရနိုင်ပါ။
ပထမဆုံးရက်ချိန်းမှာ တစ်ရှူးအသားစစစ်ဆေးခြင်းပြုလုပ်ဖို့ လိုအပ်နိုင်မလား။
အမြဲတမ်း ထိုသို့ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သင့်ဆရာဝန်မှပထမဆုံးအနေဖြင့် လူနာအားရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းနှင့် ရင်သားပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ရန် အကြံပြုနိုင်ပါသည်။ များသောအားဖြင့် တစ်ရှူးဆိုင်ရာရောဂါရှာဖွေစစ်ဆေးမှုလိုအပ်သည့်အခါမှသာ အသားစစစ်ဆေးခြင်းပြုလုပ်ရန် စဉ်းစားလေ့ရှိကြပါသည်။
ရင်သားအကျိတ်သည် ကင်ဆာဟုတ်၊ မဟုတ်ကို အာလ်ထရာဆောင်းဖြင့် သိရှိနိုင်ပါသလား။
ရင်သားအာလ်ထရာဆောင်းစစ်ဆေးမှုသည် အကျိတ်နှင့် ၎င်း၏ရုပ်ပိုင်းဆိုင်ရာလက္ခဏာများနှင့်ပတ်သက်သည့် အရေးကြီးသောအချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ သို့သော် စစ်ဆေးတွေ့ရှိချက်တွင် သံသယဖြစ်ဖွယ်ရာများတွေ့ရှိရပါက ရောဂါအမျိုးအမည်ကိုအတိအကျသိရှိနိုင်ရန် တစ်ရှူးနမူနာယူ၍ စစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
ရင်သားတွင် အကျိတ်တစ်ခုတွေ့ရှိရခြင်းသည် စိုးရိမ်ပူပန်စရာ ဖြစ်နိုင်သော်လည်း၊ ဆရာဝန်နှင့် ပြသရခြင်း၏ ရည်ရွယ်ချက်မှာ မသေချာမရေရာမှုများကို ဖယ်ရှားပြီး တိကျသော အချက်အလက်များ ရရှိစေရန် ဖြစ်ပါသည်။ အသစ်ပေါ်လာသော သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲလာသော အကျိတ်တစ်ခုကို တတ်နိုင်သမျှ စောစီးစွာ စနစ်တကျ စစ်ဆေးမှုခံယူခြင်းအားဖြင့်၊ ထိုအကျိတ်သည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ နောက်ထပ် မည်သို့ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည် သို့မဟုတ် မလိုအပ်သည်ကိုလည်းကောင်း အမြန်ဆုံးသိရှိနိုင်မည်ဖြစ်ပါသည်။
References
- American College of Radiology. ACR BI-RADS® v2025 Manual. Reston, VA: American College of Radiology; 2025.
- Klein KA, Kocher M, Lourenco AP, et al. ACR Appropriateness Criteria® Palpable Breast Masses. Journal of the American College of Radiology. 2023.
- National Comprehensive Cancer Network. NCCN Clinical Practice Guidelines in Oncology: Breast Cancer Screening and Diagnosis.
- Moy L, Heller SL, Bailey L, et al. ACR Appropriateness Criteria® Palpable Breast Masses. Journal of the American College of Radiology. 2017;14(5S):S203–S224.
- Lehman CD, Lee AY, Lee CI. Imaging management of palpable breast abnormalities. American Journal of Roentgenology. 2014;203(5):1142–1153.
- Giess CS, Smeglin LZ, Meyer JE, Ritner JA, Birdwell RL. Risk of malignancy in palpable solid breast masses considered probably benign or low suspicion: implications for management. Journal of Ultrasound in Medicine. 2012;31(12):1943–1949.
ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Piyawan Kensakoo, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန်
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ
For more information please contact:
Last modify: հոկտեմբերի 07, 2026