အသက် ၄၀ မတိုင်မီအရွယ်တွင် ရင်သားကင်ဆာဖြစ်ပွားမှုမှာ ရှားပါးသော်လည်း အသက်ငယ်ရွယ်နေခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေလုံးဝမရှိဟုမဆိုနိုင်ပါ။ ပုံမှန်အားဖြင့် အသက် ၂၀ နှင့် ၃၀ အရွယ်အမျိုးသမီးများ (ရောဂါဖြစ်နိုင်ခြေအန္တရာယ်ပုံမှန်အဆင့်ရှိသူများ) တွင် ရင်သားဓာတ်မှန်ရိုက်ခြင်းကို စတင်ပြုလုပ်လေ့မရှိကြသောကြောင့် ရင်သားတွင်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကိုသတိပြုမိရန်နှင့် မိမိတွင်ရောဂါဖြစ်နိုင်ခြေမည်မျှရှိသည်ကို နားလည်သဘောပေါက်ထားရန် အလွန်အရေးကြီးသည်။
ရင်သားတွင်အလုံးအကျိတ်အသစ်ပေါ်လာခြင်း သို့မဟုတ် ရှိပြီးသားအကျိတ်မှာပျောက်မသွားဘဲဆက်ရှိနေခြင်း၊ နို့သီးခေါင်း သို့မဟုတ် ရင်သားအရေပြားပုံစံပြောင်းလဲလာခြင်း၊ ပုံမှန်မဟုတ်သော အရည်ထွက်ခြင်း သို့မဟုတ် အကြောင်းရင်းမသိရသောရင်သားပြောင်းလဲမှုများဖြစ်ပေါ်လာပါက အသက်အရွယ်မရွေး ဆရာဝန်နှင့်ပြသစစ်ဆေးသင့်ပါသည်။ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားသူများသည် သာမန်လူများထက်ပိုမိုစောစီးစွာ ရင်သားကင်ဆာရှာဖွေစစ်ဆေးမှုကိုခံယူရန်လိုအပ်နိုင်သည်။
Key Takeaways
- အသက် ၄၀ မတိုင်မီ ရင်သားကင်ဆာဖြစ်ပွားခြင်းသည် ရှားပါးသော်လည်း ဖြစ်ပွားနိုင်ချေရှိသည်။
- ရင်သားတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုအသစ်များ သို့မဟုတ် ဆက်လက်ရှိနေသော ပြောင်းလဲမှုများကို အသက်အရွယ်မရွေး စစ်ဆေးအကဲဖြတ်သင့်ပါသည်။
- ရောဂါဖြစ်နိုင်ခြေပုံမှန်အဆင့်သာရှိသော အမျိုးသမီးအများစုသည် အသက် ၄၀ မတိုင်မီ Mammogram ရိုက်ခြင်းကို ပုံမှန်ပြုလုပ်လေ့မရှိကြသော်လည်း၊ ရောဂါဖြစ်နိုင်ခြေမြင့်မားသော အမျိုးသမီးများအနေဖြင့် ပိုမိုစောစီးစွာ Mammogram ရိုက်ခြင်း၊ ရင်သား MRI ရိုက်ခြင်း သို့မဟုတ် ထိုနှစ်မျိုးစလုံးပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
အသက်ငယ်ရွယ်သောအမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာ၏မည်သည့်လက္ခဏာများကို သတိပြုစောင့်ကြည့်သင့်သနည်း။
အသက်ငယ်ရွယ်သောအမျိုးသမီးများတွင် ရင်သား၌ဖြစ်ပေါ်လေ့ရှိသောပြောင်းလဲမှုအများစုမှာ ရေအိတ် သို့မဟုတ် Fibroadenoma ကဲ့သို့သော ကင်ဆာမဟုတ်သည့်အခြေအနေများကြောင့် ဖြစ်တတ်ပါသည်။ သို့သော် အောက်ပါအချက်များကိုသတိပြုမိပါက ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။
- ရင်သား သို့မဟုတ် ချိုင်းကြားတွင် အကျိတ်အသစ် သို့မဟုတ် အသားမာဖြစ်ပေါ်လာခြင်း
- ရင်သား၏ အရွယ်အစား၊ ပုံစံ သို့မဟုတ် ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း
- ရင်သားအရေပြားချိုင့်ဝင်ခြင်း၊ တွန့်ရှုံ့ခြင်း၊ နီရဲခြင်း သို့မဟုတ် ထူထဲလာခြင်း
- နို့သီးခေါင်းသည် အတွင်းဘက်သို့ဝင်သွားခြင်း
- နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည်ထွက်ခြင်း၊ အထူးသဖြင့် သွေးရည်ထွက်ခြင်း
- မပျောက်ကင်းဘဲ ဆက်လက်ရှိနေသော ရောင်ရမ်းမှု သို့မဟုတ် ရင်သားတွင် ဖြစ်ပေါ်သည့် အခြားပြောင်းလဲမှုတစ်ခုခု
အသက်ငယ်ရွယ်စဉ်ကာလတွင်ဖြစ်ပေါ်တတ်သော ရင်သားကင်ဆာများသည် တစ်ခါတစ်ရံတွင် ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်စေသည့် ဇီဝဗေဒဆိုင်ရာလက္ခဏာများရှိတတ်သဖြင့် မပျောက်ကွယ်ဘဲဆက်လက်ဖြစ်ပေါ်နေသော ရောဂါလက္ခဏာများကို အချိန်မီစစ်ဆေးကုသမှုခံယူရန် အလွန်အရေးကြီးသည်။
အသက် ၄၀ မတိုင်မီ ဘယ်သူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများနိုင်သလဲ။
အသက်အရွယ်သည် ရင်သားကင်ဆာဖြစ်နိုင်ခြေကိုဆုံးဖြတ်ပေးသည့် အရေးကြီးသောအချက်တစ်ချက်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း၊ အသက်ငယ်ရွယ်သောအမျိုးသမီးအချို့တွင်မူ ပျမ်းမျှထက်များစွာပိုမိုမြင့်မားသော ဖြစ်နိုင်ခြေအန္တရာယ်များရှိနေတတ်ပါသည်။
ဖြစ်နိုင်ချေအန္တရာယ်အတွက် စောစီးစွာအကဲဖြတ်မှုပြုလုပ်ရန်လိုအပ်နိုင်ကြောင်း ညွှန်ပြသည့်အချက်များတွင် အောက်ပါတို့ ပါဝင်သည် -
- မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးတစ်ဦးဦးတွင် ရင်သားကင်ဆာဖြစ်ပွားထားခြင်း (အထူးသဖြင့် ငယ်ရွယ်စဉ်ကာလတွင်ဖြစ်ပွားခြင်း)
- ရင်သား၊ သားဥအိမ်၊ ပန်ကရိယ သို့မဟုတ် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားဖူးသည့် ဆွေမျိုးများစွာ ရှိခြင်း
- BRCA1၊ BRCA2၊ PALB2 သို့မဟုတ် TP53 ကဲ့သို့သော မျိုးရိုးလိုက်သည့်ကင်ဆာဖြစ်စေနိုင်သော မျိုးဗီဇပါလာခြင်း
- ငယ်ရွယ်စဉ်က ရင်ဘတ်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခဲ့ဖူးခြင်း
- မိမိကိုယ်တိုင်ကရင်သားကင်ဆာဖြစ်ခဲ့ဖူးခြင်း သို့မဟုတ် မြင့်မားသောအန္တရာယ်ရှိသည့် ရင်သားဆိုင်ရာအခြေအနေအချို့ ရှိခြင်း
American College of Radiology က အမျိုးသမီးများအနေဖြင့် အသက် ၂၅ နှစ်အရွယ်တွင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ရှိ၊ မရှိ စစ်ဆေးအကဲဖြတ်မှုခံယူရန် အကြံပြုထားပါသည်။ သို့မှသာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားသူများအနေဖြင့် ပိုမိုစောစီးစွာ သို့မဟုတ် ပိုမိုအသေးစိတ်ကျသောစစ်ဆေးမှုများပြုလုပ်ရန် သင့်တော်မှု ရှိ၊ မရှိ ဆွေးနွေးတိုင်ပင်နိုင်မည် ဖြစ်ပါသည်။
အသက် ၄၀ အောက် အမျိုးသမီးများအနေဖြင့် ရင်သားဓာတ်မှန် (Mammogram) ရိုက်ရန် လိုအပ်ပါသလား။
ပုံမှန်အားဖြင့်ဆိုလျင် ရောဂါဖြစ်နိုင်ခြေပုံမှန်အဆင့်သာရှိသော အမျိုးသမီးအများစုတွင် အသက် ၄၀ မတိုင်မီ Mammography စစ်ဆေးမှုကို စတင်လေ့မရှိပါ။ ရောဂါဖြစ်နိုင်ခြေပိုမိုမြင့်မားသောအမျိုးသမီးများအတွက်မူ စစ်ဆေးမှုဆိုင်ရာအကြံပြုချက်များ ကွဲပြားနိုင်ပြီး၊ စောစီးစွာမမ်မိုဂရမ်ရိုက်ခြင်း၊ ရင်သား MRI ရိုက်ခြင်း သို့မဟုတ် ထိုနည်းလမ်းနှစ်မျိုးစလုံးပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
အရေးကြီးသည်မှာ ရောဂါလက္ခဏာတစ်ခုကိုဆန်းစစ်လေ့လာခြင်းနှင့် ရောဂါရှာဖွေစစ်ဆေးခြင်းတို့သည် ကွဲပြားခြားနားပါသည်။
အသက် ၄၀ မတိုင်မီ ရင်သားတွင်အကျိတ်တစ်ခုခုတွေ့ရှိပါက ပုံမှန်စစ်ဆေးမှုပြုလုပ်ရမည့်အသက်အရွယ်အထိ စောင့်ဆိုင်းမနေသင့်ပါ။ ဆေးပညာအရ လိုအပ်သည်ဟုယူဆရပါက မည်သည့်အသက်အရွယ်တွင်မဆို ရောဂါရှာဖွေရေးဆိုင်ရာပုံရိပ်ဖော်စစ်ဆေးမှုကို ပြုလုပ်နိုင်ပါသည်။
လက်ဖြင့်စမ်းသပ်၍ရသော ရင်သားအကျိတ်အတွက် -
- အသက် ၃၀ အောက် - ပုံမှန်အားဖြင့် ရင်သားအာလ်ထရာဆောင်းရိုက်ခြင်းသည် ပထမဆုံးပြုလုပ်လေ့ရှိသော ပုံရိပ်ဖော်စစ်ဆေးမှုဖြစ်သည်။
- အသက် ၃၀ မှ ၃၉ နှစ်ကြား - ရင်သား အာလ်ထရာဆောင်း နှင့်/သို့မဟုတ် ရောဂါရှာဖွေရေးဆိုင်ရာ Mammography သို့မဟုတ် ဒစ်ဂျစ်တယ်ရင်သား Tomosynthesis သို့မဟုတ် သုံးဖက်မြင် Mammography တို့ ပြုလုပ်ရန်သင့်လျော်သည်။
- တွေ့ရှိချက်များအပေါ် မူတည်၍ ထပ်ဆောင်းပုံရိပ်ဖော်စစ်ဆေးမှု သို့မဟုတ် အသားစစစ်ဆေးခြင်း ပြုလုပ်ရန် အကြံပြုနိုင်သည်။
အသက်ငယ်ရွယ်စဥ်မှာ ရင်သားကင်ဆာဖြစ်နေကြောင်းသိရှိရရင် ဘာဖြစ်မလဲ။
ကင်ဆာအမျိုးအစားနှင့် အဆင့်၊ ဟော်မုန်းလက်ခံပရိုတင်း နှင့် HER2 အခြေအနေ၊ မျိုးရိုးဗီဇဆိုင်ရာတွေ့ရှိချက်များ နှင့် လူနာ၏လက်ရှိကျန်းမာရေးအခြေအနေတို့အပေါ် မူတည်၍ ကုသမှုပုံစံသည်တစ်ဦးချင်းစီအတွက် ကွဲပြားနိုင်သည်။
အသက်ငယ်ရွယ်သောလူနာများတွင် မျိုးရိုးဗီဇဆိုင်ရာအကြံပေးဆွေးနွေးမှု နှင့် အနာဂတ်မျိုးပွားနိုင်ခြေတို့သည် ထပ်မံထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။ ကင်ဆာကုသမှုအချို့သည် သားဥအိမ်၏လုပ်ဆောင်ချက်နှင့် မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် အနာဂတ်တွင်ကလေးယူလိုသူအမျိုးသမီးများအနေဖြင့် ဖြစ်နိုင်ပါက ကုသမှုမစတင်မီ မျိုးပွားနိုင်စွမ်းကိုထိန်းသိမ်းထားနိုင်မည့် နည်းလမ်းများအကြောင်းကို ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ရင်သားစစ်ဆေးခြင်းနှင့် ရင်သားကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့်ရွေးချယ်သင့်သနည်း။
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ ရင်သားရောဂါကုသမှုဌာနသည် ရင်သားရောဂါရှာဖွေစစ်ဆေးခြင်း၊ ရောဂါအတည်ပြုသတ်မှတ်ခြင်းနှင့် ကုသခြင်းတို့ကို အထောက်အပံ့ပေးနိုင်ရန် ရောဂါရှာဖွေရေးဆိုင်ရာဓာတ်မှန် နှင့် နျူကလီးယားဆေးပညာဌာန (Diagnostic Radiology and Nuclear Medicine Center) နှင့် Horizon Regional ကင်ဆာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
- အဆင့်မြင့် ရောဂါရှာဖွေစစ်ဆေးရေးနည်းလမ်းများ
ဝန်ဆောင်မှုများတွင် ဒစ်ဂျစ်တယ် Mammography၊ ရင်သားအာလ်ထရာဆောင်း၊ ရင်သား MRI နှင့် အပ်ဖြင့်စုပ်ယူ ၍ဆဲလ်နမူနာရယူခြင်း၊ Stereotactic သုံးဖက်မြင်ပုံရိပ်ဖော်နည်းလမ်းဖြင့် ရင်သားတစ်သျှူးနမူနာရယူစစ်ဆေးခြင်းတို့ပါဝင်သည်။ ထို့အပြင် Lunit INSIGHT MMG ဟုခေါ်သော AI နည်းပညာပါဝင်သည့် Mammography စနစ်ကိုလည်း အသုံးပြုပါသည်။ ဤစနစ်သည်သံသယဖြစ်ဖွယ်နေရာများကို ထောက်ပြပေးနိုင်ခြင်းဖြင့် ဓာတ်မှန်အထူးကုဆရာဝန်များအား ပိုမိုအသေးစိတ်စစ်ဆေးသုံးသပ်နိုင်ရန် ကူညီပေးပါသည်။
- စောင့်ရှောက်ကုသမှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုမှု -
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ရင်သားကင်ဆာကုသမှုအစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် Joint Commission International Clinical Care Program Certification (JCI CCPC) အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါသည်။
- ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခံရမှု - Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် ထိုင်းနိုင်ငံအတွင်းအဆင့် (၁) နှင့် အာရှပစိဖိတ်ဒေသတွင် အဆင့် (၅၈) နေရာတို့ကိုရရှိခဲ့ပါသည်။ ထို့အပြင် Newsweek ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆေးရုံများ စာရင်းတွင်လည်း ကမ္ဘာ့အဆင့် (၉၆) နေရာ၌ရပ်တည်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်းဆေးရုံ (၁၀၀) စာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံ၏တစ်ခုတည်းသောဆေးရုံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။
အမေးများသော မေးခွန်းများ
အသက် ၂၀ သို့မဟုတ် ၃၀ အရွယ်မှာ ရင်သားကင်ဆာဖြစ်နိုင်ပါသလား။
ဖြစ်နိုင်ပါတယ်။ အသက်ငယ်ရွယ်သူများတွင် ရင်သားကင်ဆာဖြစ်ပွားခြင်းအလွန်နည်းပါးသော်လည်း ဖြစ်ပွားနိုင်ခြေရှိပါသည်။ ထို့ကြောင့် ရင်သားတွင်မူမမှန်သောပြောင်းလဲမှုတစ်ခုခုဖြစ်လာပြီး ဆက်လက်ရှိနေမည်ဆိုလျင် အသက်အရွယ်မရွေးစစ်ဆေးမှုခံယူသင့်ပါသည်။
မိသားစုထဲမှာရင်သားကင်ဆာဖြစ်ဖူးတဲ့သူရှိရင် အသက် ၄၀ မပြည့်ခင်မှာ ရင်သားဓာတ်မှန်ရိုက်သင့်ပါသလား။
ရိုက်သင့်ပါတယ်။ မိသားစုအတွင်းရောဂါဖြစ်ပွားခဲ့ဖူးသူများရှိရင် ဒါမှမဟုတ် မျိုးရိုးလိုက်သည့် မျိုးဗီဇဆိုင်ရာ အန္တရာယ်ရှိနေပါက စစ်ဆေးမှုများကို ပိုမိုစောစီးစွာ စတင်လုပ်ဆောင်ရန် လိုအပ်နိုင်ပြီး ရင်သားဓာတ်မှန်ရိုက်ခြင်းအပြင် ရင်သား MRI ရိုက်ခြင်းတို့လည်း ပါဝင်နိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ ရောဂါဖြစ်ပွားနိုင်ခြေအန္တရာယ်အခြေအနေကို ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်တစ်ဦးက အကဲဖြတ်စစ်ဆေးပေးသင့်ပါတယ်။
အသက်ငယ်ရွယ်သော အမျိုးသမီးတစ်ဦး၏ ရင်သားတွင် အကျိတ်တစ်ခုရှိနေပါက ၎င်းသည်များသောအားဖြင့် ကင်ဆာဖြစ်နိုင်ပါသလား။
မဟုတ်ပါ။ အသက်ငယ်သောအမျိုးသမီးများတွင် တွေ့ရသည့် ရင်သားအကျိတ်အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များသာ ဖြစ်ကြသည်။ သို့သော် အကျိတ်ဖြစ်ပေါ်လာသည့်အကြောင်းရင်းကို အတိအကျသိရှိနိုင်ရန်အတွက် အသက်အရွယ် သို့မဟုတ် လက်ဖြင့်စမ်းသပ်ကြည့်ရုံမျှသာအားမကိုးဘဲ ဆရာဝန်နှင့်ပြသစစ်ဆေးခြင်းနှင့် သင့်လျော်သောပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်ပါသည်။
ရင်သားမှာ ပြောင်းလဲမှုတစ်ခုခုရှိရင် ဆရာဝန်နဲ့ ဘယ်အချိန်မှာ သွားပြသင့်သလဲ။
ရင်သားတွင် အကျိတ်အသစ်၊ မပျောက်ကွယ်ဘဲ ဆက်ရှိနေသော သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲလာသော အကျိတ်၊ နို့သီးခေါင်း သို့မဟုတ် အရေပြားတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ၊ အကြောင်းရင်းမရှိဘဲ နို့သီးခေါင်းမှ အရည်ထွက်ခြင်း သို့မဟုတ် သင့်အတွက် ပုံမှန်မဟုတ်သော အခြားရင်သားဆိုင်ရာ ပြောင်းလဲမှုတစ်ခုခုကို သတိပြုမိပါက စစ်ဆေးမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပါ။
အသက် ၄၀ မတိုင်မီ ရင်သားကင်ဆာဖြစ်ပွားမှုမှာ ရှားပါးသော်လည်း ရောဂါအကြောင်း သိရှိနားလည်ထားခြင်းက အရေးကြီးပါသည်။ မိမိတွင် ရောဂါဖြစ်နိုင်ခြေရှိမရှိ သိရှိထားခြင်းနှင့် ရင်သားတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုအသစ်များ သို့မဟုတ် မပျောက်ကွယ်ဘဲ ဆက်လက်ရှိနေသည့် ပြောင်းလဲမှုများအတွက် ဆရာဝန်နှင့်ပြသ စစ်ဆေးမှုခံယူခြင်းတို့သည် စိုးရိမ်ဖွယ်ရာတွေ့ရှိချက်များကို မလိုအပ်ဘဲ ကြန့်ကြာမှုမရှိဘဲ စစ်ဆေးကုသမှုခံယူနိုင်စေရန် အထောက်အကူပြုပါသည်။
ကိုးကားချက်များ
- Cathcart-Rake EJ, Ruddy KJ, Bleyer A, Johnson RH. Breast cancer in adolescent and young adult women under the age of 40 years. JCO Oncology Practice. 2021;17(6):305–313.
- Xu S, Murtagh S, Han Y, Wan F, Toriola AT. Breast cancer incidence among US women aged 20 to 49 years by race, stage, and hormone receptor status. JAMA Network Open. 2024;7(1):e2353331.
- Monticciolo DL, Newell MS, Moy L, Lee CS, Destounis SV. Breast cancer screening for women at higher-than-average risk: updated recommendations from the ACR. Journal of the American College of Radiology. 2023;20(9):902–914.
- Klein KA, Kocher M, Lourenco AP, et al. ACR Appropriateness Criteria® Palpable Breast Masses: 2022 Update. Journal of the American College of Radiology. 2023;20(5S):S146–S163.
- National Cancer Institute. BRCA Gene Changes: Cancer Risk and Genetic Testing.
- Su HI, Lacchetti C, Letourneau J, et al. Fertility preservation in people with cancer: ASCO Guideline Update. Journal of Clinical Oncology. 2025;43(12):1488–1515.
ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Piyawan Kensakoo, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန်
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ
For more information please contact:
Last modify: հոկտեմբերի 12, 2026