bih.button.backtotop.text

သင့် Mammogram ရလဒ်များကို နားလည်သိရှိခြင်း - BI-RADS ဆိုသည်မှာ အဘယ်နည်း။

သင့် Mammogram ရလဒ်များကို နားလည်သိရှိခြင်း - BI-RADS ဆိုသည်မှာ အဘယ်နည်း။
BI-RADS (Breast Imaging Reporting and Data System) ဆိုသည်မှာ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ပညာရှင်များအနေဖြင့် Mammogram ရလဒ်များကို ဖော်ပြရန်နှင့် နောက်ဆက်တွဲကုသစောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပေးနိုင်ရန် အသုံးပြုသည့် စံသတ်မှတ်ထားသောစနစ် (အဆင့် ၀ မှ ၆ အထိ) တစ်ခုဖြစ်သည်။ BI-RADS အဆင့်သတ်မှတ်ချက်သည် ရင်သားကင်ဆာရှိကြောင်းအတည်ပြုချက် သို့မဟုတ် ကင်ဆာအဆင့်ကို ဖော်ပြခြင်းမဟုတ်ပါ။ ရလဒ်အများစု (BI-RADS အဆင့် ၁ မှ ၃) သည် ပုံမှန် သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်နိုင်ခြေရှိခြင်းကို ညွှန်ပြလေ့ရှိပြီး၊ ပိုမိုမြင့်မားသောအဆင့် (BI-RADS အဆင့် ၄ နှင့် ၅) တွင်မူ ကင်ဆာဟုတ်၊ မဟုတ် သေချာစေရန်အတွက် အသားစစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။
 

BI-RADS ဆိုတာ ဘာလဲ။
American College of Radiology (ACR) ၏ အဆိုအရ BI-RADS ဆိုသည်မှာ Breast Imaging Reporting and Data System (ရင်သားပုံရိပ်ဖော်စစ်ဆေးမှုဆိုင်ရာ အစီရင်ခံတင်ပြခြင်းနှင့် အချက်အလက်စနစ်) တစ်ခုဖြစ်ပါသည်။ ၎င်းသည်ရင်သားဓာတ်မှန်၊ ရင်သား Ultrasound နှင့် ရင်သား MRI ရိုက်ကူးခြင်းတို့အတွက် စံသတ်မှတ်ထားသော ဝေါဟာရများနှင့် အမျိုးအစားခွဲခြားခြင်းဆိုင်ရာ သတ်မှတ်အကဲဖြတ်မှုများကို ပေးစွမ်းနိုင်ပါသည်။
စစ်ဆေးမှုတစ်ခုချင်းစီအတွက် အကဲဖြတ်သတ်မှတ်ချက်အမျိုးအစားတစ်ခုကိုပေးစွမ်းနိုင်ပြီး၊ ယင်းက တွေ့ရှိချက်၏ စိုးရိမ်ဖွယ်ရာအခြေအနေကို ဖော်ပြသည့်အပြင် ပုံမှန်စစ်ဆေးခြင်း၊ ထပ်ဆောင်းဓာတ်မှန်ရိုက်ကူးစစ်ဆေးခြင်း၊ ကာလတိုအတွင်း ရက်ချိန်းပြန်လည်ပြသစစ်ဆေးခြင်း သို့မဟုတ် အသားစစစ်ဆေးခြင်းတို့အနက် မည်သည့်အရာက ပိုမိုသင့်လျော်နိုင်သည်ကိုပါ ညွှန်ပြပေးနိုင်သည်။
 

BI-RADS အဆင့် ၀ မှ ၆ အထိက ဘာကိုဆိုလိုပါသလဲ။
ဓာတ်မှန်ပညာရှင်များသည် သင့်စကင်န်တွင်တွေ့ရှိရသော ပုံရိပ်ဆိုင်ရာလက္ခဏာများအပေါ် မူတည်၍ BI-RADS အမျိုးအစားတစ်ခုခုကို သတ်မှတ်ပေးလေ့ရှိပါသည်။ အောက်ပါဇယားတွင် အမျိုးအစားတစ်ခုချင်းစီ၏ အဓိပ္ပာယ်၊ ကင်ဆာဖြစ်နိုင်ခြေခန့်မှန်းချက်နှင့် နောက်ဆက်တွဲလုပ်ဆောင်သင့်သည့် အဆင့်များအကြောင်းကို ဖော်ပြထားပါသည်။
 
BI-RADS အဆင့်သတ်မှတ်ချက် အဓိပ္ပါယ် ကင်ဆာဖြစ်နိုင်ခြေ ခန့်မှန်းချက် နောက်တစ်ဆင့်လုပ်ဆောင်ရန် လူနာများ သိထားသင့်သည့်အချက်များ
BI-RADS 0 – မပြည့်စုံခြင်း အချက်အလက်များ ထပ်မံလိုအပ်နေသေးသည့်အတွက် စစ်ဆေးမှုနှင့်ပတ်သက်၍ နောက်ဆုံးအကဲဖြတ်ချက်ကို မရရှိနိုင်သေးပါ။ သတ်မှတ်မထားပါ ရင်သားဓာတ်မှန်၊ ရင်သား အာလ်ထရာဆောင်းများထပ်မံစစ်ဆေးရန် နှင့်/သို့မဟုတ် ယခင်ရိုက်ကူးထားသော ပုံရိပ်များနှင့် နှိုင်းယှဉ်စစ်ဆေးရန်လိုအပ်သည်။ BI-RADS 0 ဆိုသည်မှာ ကင်ဆာဖြစ်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ များသောအားဖြင့် ထပ်မံစစ်ဆေးအကဲဖြတ်မှုများပြုလုပ်ပြီးမှသာ အဆင့်သတ်မှတ်ချက်ကိုအတည်ပြုနိုင်မည်ဖြစ်သည်။
BI-RADS 1 – ပုံမှန် (ရောဂါလက္ခဏာမတွေ့ရှိရခြင်း) သံသယဖြစ်ဖွယ် မူမမှန်မှု တစ်စုံတစ်ရာ မတွေ့ရှိရပါ။ သံသယဖြစ်ဖွယ်ရာ တွေ့ရှိချက် တစ်စုံတစ်ရာ မတွေ့ရှိရပါ။ အသက်အရွယ်၊ ရောဂါဖြစ်နိုင်ခြေနှင့် ဆေးပညာဆိုင်ရာ အကြံပြုချက်များအပေါ် မူတည်၍ ရင်သားစစ်ဆေးခြင်းကိုပုံမှန်ခံယူသင့်သည်။ ဤရလဒ်သည် ပုံရိပ်ဖော်စစ်ဆေးမှုအရ ပုံမှန်အခြေအနေသာဖြစ်သည်။
BI-RADS 2 - ကင်ဆာ မဟုတ်ခြင်း ကင်ဆာမဟုတ်ကြောင်း ထင်ရှားသည့် တွေ့ရှိချက်တစ်ခု (ဥပမာ - အချို့သော အရည်အိတ်များ သို့မဟုတ် ကင်ဆာမဟုတ်သော ထုံးကျောက်ဓာတ်စုပုံခြင်းများ) တွေ့ရှိရသည်။ အန္တရာယ်မရှိသော၊ ကင်ဆာမဟုတ်သော ရင်သားစစ်ဆေးခြင်းကိုပုံမှန်ခံယူရန် တွေ့ရှိချက်ကို မှတ်တမ်းတင်ထားသော်လည်း သံသယဖြစ်ဖွယ်ကောင်းသော ပုံရိပ်လက္ခဏာများ မရှိပါ။
BI-RADS 3 – ကင်ဆာမဟုတ်နိုင်ခြေများသည် (အန္တရာယ်မရှိနိုင်ခြေသည်) တွေ့ရှိချက်မှာအန္တရာယ်မရှိသော၊ ကင်ဆာမဟုတ်သောအရာဖြစ်နိုင်ခြေ အလွန်များသော်လည်း အခြေအနေတည်ငြိမ်မှုရှိမရှိ အတည်ပြုနိုင်ရန်အတွက် စောင့်ကြည့်စစ်ဆေးသင့်ပါသည်။ ၂% သို့မဟုတ် ထို့ထက်နည်းသော ပုံမှန်အားဖြင့် ခြောက်လတစ်ကြိမ်ခန့်စစ်ဆေးလေ့ရှိသော နောက်ဆက်တွဲပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ကြာမြင့်စွာ ရောဂါအခြေအနေတည်ငြိမ်မှုရှိနေခြင်းက ကင်ဆာမဖြစ်နိုင်ဟူသောယူဆချက်အား အထောက်အပံ့ပြုနိုင်သောကြောင့် နောက်ဆက်တွဲစောင့်ကြည့်စစ်ဆေးခြင်းက အလွန်အရေးကြီးပါသည်။
BI-RADS 4 – သံသယဖြစ်ဖွယ်ရာရှိသည် တွေ့ရှိချက်တွင် သံသယဖြစ်ဖွယ်ရာ အချက်အလက်များ လုံလောက်စွာပါဝင်နေသဖြင့် များသောအားဖြင့်အသားစစစ်ဆေးမှုပြုလုပ်ရန် အကြံပြုထားပါသည်။ ၂% အထက် နှင့် ၉၅% အောက် ပုံရိပ်ဖော်နည်းလမ်းကိုအသုံးပြု၍ အသားစနမူနာယူ စစ်ဆေးခြင်းပြုလုပ်ရန်အကြံပြုလေ့ရှိပါသည်။ BI-RADS 4 သည် ကင်ဆာဖြစ်နေကြောင်း အတည်ပြုချက်မဟုတ်ပါ။ ဤအမျိုးအစားသည် ကျယ်ပြန့်သောအန္တရာယ်ဖြစ်နိုင်ချေအဆင့်များဖြစ်နေပြီး 4A၊ 4B နှင့် 4C ဟူ၍ ခွဲခြားနိုင်ပါသည်။
BI-RADS 4A – သံသယဖြစ်ဖွယ်ရာ နည်းပါးခြင်း သံသယဖြစ်ဖွယ် အနည်းငယ်ရှိသော ပုံရိပ်ဖော်တွေ့ရှိချက်များ ၂% အထက် မှ ၁၀% အထိ ယေဘုယျအားဖြင့် အသားစစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။ ဤအမျိုးအစားတွင် တွေ့ရှိချက်အများစုမှာ အန္တရာယ်မရှိသည့် ကင်ဆာမဟုတ်သောသဘောသဘာဝသာရှိတတ်သော်လည်း များသောအားဖြင့်အသားစစစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည်။
BI-RADS 4B - သံသယဖြစ်ဖွယ်ရာ အလယ်အလတ် ပုံရိပ်ဖော်စစ်ဆေးမှုဆိုင်ရာ တွေ့ရှိချက်များက အလယ်အလတ်အဆင့် စိုးရိမ်ပူပန်စရာအခြေအနေကို ပြသနေပါသည်။ ၁၀% အထက် မှ ၅၀% အထိ ယေဘုယျအားဖြင့် အသားစစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။ တွေ့ရှိချက်သည် ကင်ဆာမဟုတ်သော အကျိတ်ဟုတ်၊ မဟုတ် သို့မဟုတ် ကင်ဆာအကျိတ်ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် ရောဂါဗေဒဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါသည်။
BI-RADS 4C – သံသယဖြစ်ဖွယ်ရာ မြင့်မားခြင်း ပုံရိပ်ဖော်စစ်ဆေးမှုတွေ့ရှိချက်များသည် အလွန်စိုးရိမ်ဖွယ်ရာကောင်းသော်လည်း BI-RADS 5 စံသတ်မှတ်ချက်များနှင့် မကိုက်ညီပါ။ ၅၀% အထက် မှ ၉၅% အောက်အထိ အသားစစစ်ဆေးခြင်းပြုလုပ်ရန် အထူးအကြံပြုလေ့ရှိပါသည်။ ကင်ဆာဖြစ်နိုင်ခြေ ပိုများသော်လည်း တစ်ရှူးစစ်ဆေးမှုဖြင့်သာ ကင်ဆာဟုတ်မဟုတ် အတည်ပြုနိုင်ပါသည်။
BI-RADS 5 – ကင်ဆာဖြစ်နိုင်ခြေအလွန်မြင့်မားသည် ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များတွင် ကင်ဆာဖြစ်နိုင်ခြေရှိကြောင်း ပြသသည့် ပုံမှန်တွေ့ရလေ့ရှိသော လက္ခဏာများ သို့မဟုတ် အလွန်စိုးရိမ်ဖွယ်ကောင်းသောလက္ခဏာများ ပါဝင်နေပါသည်။ ၉၅% နှင့်အထက် တစ်ရှူးနမူနာစစ်ဆေးခြင်းနှင့် သင့်လျော်သော ဆေးကုသမှုများခံယူရန်အကြံပြုသည်။ ကင်ဆာဖြစ်နိုင်ခြေ အလွန်များပြားသော်လည်း ရောဂါအတည်ပြုနိုင်ရန်အတွက် အသားစစစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်နေပါသေးသည်။
BI-RADS 6 – အသားစစစ်ဆေးချက်အရ ကင်ဆာဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည် အသားစစစ်ဆေးမှုဖြင့် ကင်ဆာဖြစ်နေကြောင်း အတည်ပြုပြီးဖြစ်ပါသည်။ ကင်ဆာဖြစ်နေကြောင်း အတည်ပြုပြီးဖြစ်သည် ပုံရိပ်ဖော်စစ်ဆေးမှုများသည် ကုသမှုဆိုင်ရာအစီအစဥ်ရေးဆွဲခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို အထောက်အကူပြုနိုင်ပါသည်။ ဤအမျိုးအစားကို ကင်ဆာရောဂါ ရှိ၊ မရှိ ခန့်မှန်းရန်အတွက် မဟုတ်ဘဲ ရှာဖွေတွေ့ရှိအတည်ပြုပြီးဖြစ်သော ကင်ဆာအတွက် အသုံးပြုပါသည်။


ပုံမှန်မဟုတ်သော Mammogram ရလဒ် ထွက်ပေါ်လာပြီးနောက် ဘာတွေဆက်ဖြစ်နိုင်မလဲ။
Mammogram ရလဒ် ပုံမှန်မဟုတ်ရုံမျှဖြင့် ရင်သားကင်ဆာ ဖြစ်နေသည်ဟု အလိုအလျောက် ကောက်ချက်ချ၍ မရပါ။ နောက်ထပ် လုပ်ဆောင်ရမည့်အဆင့်မှာ BI-RADS အမျိုးအစား၊ ရိုက်ကူးစစ်ဆေးမှုမှတွေ့ရှိရသည့် အချက်အလက်များနှင့် သင့်တွင်ရှိသော ရောဂါဖြစ်နိုင်ခြေ အကြောင်းအရင်းများအပေါ်တွင် မူတည်ပါသည်။
 
ထပ်မံစစ်ဆေးအကဲဖြတ်ခြင်းတွင် အောက်ပါတို့ ပါဝင်နိုင်သည် -
  • ရောဂါရှာဖွေရေးဆိုင်ရာ Mammogram များ ထပ်မံရိုက်ကူးခြင်း
  • ရင်သားအာလ်ထရာဆောင်းရိုက်ခြင်း
  • အချို့အခြေအနေများတွင် ရင်သား MRI ရိုက်ခြင်း
  • ယခင်ကရိုက်ကူးထားသော ပုံရိပ်ဖော်စစ်ဆေးချက်များနှင့် နှိုင်းယှဉ်လေ့လာခြင်း
  • တစ်ရှူးဆိုင်ရာရောဂါရှာဖွေစစ်ဆေးမှုလိုအပ်သည့်အခါ ပုံရိပ်ဖော်နည်းပညာအထောက်အကူပြုဖြင့် ပြုလုပ်သော Core needle ဖြင့် အသားစယူခြင်း)
ထပ်မံစစ်ဆေးမှုများပြုလုပ်ရန်အကြံမပြုမီ သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ရင်သားတစ်သျှူးသိပ်သည်းဆ၊ ရောဂါလက္ခဏာများ၊ အသက်အရွယ်၊ မိသားစုကျန်းမာရေးရာဇဝင်၊ ကိုယ်ရေးကျန်းမာရေးရာဇဝင်နှင့် ယခင်ကပြုလုပ်ခဲ့သော ပုံရိပ်ဖော်စစ်ဆေးမှုရလဒ်များကိုပါ ထည့်သွင်းစဉ်းစားနိုင်ပါသည်။
 

BI-RADS ဆိုသည်မှာ ရင်သားသိပ်သည်းဆစစ်ဆေးခြင်း နှင့် အတူတူပဲလား။
မတူပါ။ BI-RADS အကဲဖြတ်မှု အမျိုးအစားများနှင့် ရင်သားသိပ်သည်းဆတို့သည် Mammogram ၏ မတူညီသောအချက်အလက်များကို ဖော်ပြကြခြင်းဖြစ်သည်။
  • BI-RADS အဆင့် - ၎င်းသည် ပုံရိပ်ဖော်စစ်ဆေးမှုမှတွေ့ရှိချက်များအပေါ်  ဓာတ်မှန်ဆရာဝန်၏ သုံးသပ်ချက်ကိုဖော်ပြပေးပြီး ပုံမှန်ရောဂါရှာဖွေစစ်ဆေးခြင်း၊ ထပ်ဆောင်းပုံရိပ်ဖော်စစ်ဆေးခြင်း၊ နောက်ဆက်တွဲစောင့်ကြည့်စစ်ဆေးခြင်း သို့မဟုတ် အသားစစစ်ဆေးခြင်းကဲ့သို့သော သင့်လျော်သည့် နောက်တစ်ဆင့်လုပ်ဆောင်ချက်များကို ဆုံးဖြတ်ရာတွင်အထောက်အကူပြုပါသည်။
  • ရင်သားသိပ်သည်းဆ - ရင်သားအတွင်းရှိ အမျှင်တစ်ရှူး နှင့် ဂလင်းတစ်ရှူးတို့၏အချိုးအစားကို အဆီတစ်ရှူးများနှင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။
 
ရင်သားသိပ်သည်းဆကို အမျိုးအစားလေးမျိုးခွဲခြားထားပါသည် -
  • A: တစ်သျှူးအားလုံးနီးနီးအဆီများသာ ဖြစ်သည်
  • B: အမျှင် နှင့် ဂလင်းတစ်သျှူးဆိုင်ရာ သိပ်သည်းဆရှိသောနေရာများပြန့်ကျဲနေခြင်း
  • C: သိပ်သည်းမှုများမညီမညာရှိနေခြင်း
  • D: အလွန်သိပ်သည်းသော
 
ရင်သားတစ်သျှူးသိပ်သည်းမှုများခြင်းသည် ရင်သားဓာတ်မှန်ရိုက်ကူးရာတွင် ပုံမှန်မဟုတ်သော အခြေအနေအချို့ကို ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲစေနိုင်သည်။ ထို့ကြောင့် လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သောစစ်ဆေးမှုနည်းလမ်းကို ဆုံးဖြတ်ရာတွင် အသက်အရွယ်၊ မိသားစုရာဇဝင်နှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အခြားအချက်များအပြင် ရင်သားတစ်သျှူး၏ သိပ်သည်းဆအခြေအနေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။
 

ရင်သားဓာတ်မှန်ရိုက်ခြင်း နှင့် ရင်သားကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ ရင်သားရောဂါကုသမှုဌာနသည် ရင်သားရောဂါရှာဖွေစစ်ဆေးခြင်း၊ ရောဂါအတည်ပြုသတ်မှတ်ခြင်းနှင့် ကုသခြင်းတို့ကို အထောက်အပံ့ပေးနိုင်ရန် ရောဂါရှာဖွေရေးဆိုင်ရာဓာတ်မှန် နှင့် နျူကလီးယားဆေးပညာဌာန (Diagnostic Radiology and Nuclear Medicine Center) နှင့် Horizon Regional ကင်ဆာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဘက်စုံပူးပေါင်းကုသမှုတွင် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ရင်သားဆိုင်ရာဓာတ်မှန်ပညာရှင်များ၊ ရင်သားခွဲစိတ်ဆရာဝန်များ၊ ရောဂါဗေဒပညာရှင်များ၊ ကင်ဆာဆေးကုသမှုဆိုင်ရာအထူးကုဆရာဝန်များ၊ ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်များ နှင့် အခြားသောအထူးကုဆရာဝန်များစွာ ပါဝင်နိုင်ပါသည်။

 
  • အဆင့်မြင့် ရောဂါရှာဖွေစစ်ဆေးရေးနည်းလမ်းများ
Bumrungrad ဆေးရုံသည် သုံးဖက်မြင်ဒစ်ဂျစ်တယ် Mammography၊ ရင်သားအာလ်ထရာဆောင်း၊ ရင်သား MRI နှင့် ရုပ်ပုံဖော်လမ်းညွှန်မှုဖြင့် ပြုလုပ်သော ရင်သားတစ်သျှူးနမူနာယူခြင်းနည်းလမ်းများအပါအဝင် နောက်ဆုံးပေါ်အဆင့်မြင့်ပုံရိပ်ဖော်ခြင်းနှင့် ရောဂါရှာဖွေခြင်း ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပါသည်။ ထို့အပြင် Lunit INSIGHT MMG ဟုခေါ်သော AI နည်းပညာပါဝင်သည့် Mammography စနစ်ကိုလည်း အသုံးပြုပါသည်။ ဤစနစ်သည် ရိုက်ယူထားသောပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာပေးပြီး သေချာစွာထပ်မံစစ်ဆေးရန်လိုအပ်နိုင်သည့် သံသယဖြစ်ဖွယ်နေရာများကို ထောက်ပြပေးနိုင်သည်။ ဤ AI စနစ်သည် အထူးကုဆရာဝန်၏ စစ်ဆေးသုံးသပ်မှုကို အစားထိုးခြင်းမဟုတ်ဘဲ ဓာတ်မှန်ပညာရှင်၏ ပုံရိပ်လေ့လာဆန်းစစ်မှုကို အထောက်အကူပြုပေးခြင်းသာ ဖြစ်ပါသည်။
  • နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်ကုသမှု 
Bumrungrad ၏ ရင်သားကင်ဆာကုသရေးအစီအစဉ်သည် ရင်သားကင်ဆာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် အရည်အသွေးနှင့် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီခြင်းအတွက် ၂၀၂၅ ခုနှစ်တွင် Joint Commission International Clinical Care Program Certification (JCI CCPC) အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပြီးဖြစ်ပါသည်။
  • ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု 
​Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် ထိုင်းနိုင်ငံအတွင်းအဆင့် (၁) နှင့် အာရှပစိဖိတ်ဒေသတွင် အဆင့် (၅၈) နေရာတို့ကိုရရှိခဲ့ပါသည်။ ထို့အပြင် Newsweek ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆေးရုံများ စာရင်းတွင်လည်း ကမ္ဘာ့အဆင့် (၉၆) နေရာ၌ရပ်တည်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်းဆေးရုံ (၁၀၀) စာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံ၏တစ်ခုတည်းသောဆေးရုံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။



အမေးများသော မေးခွန်းများ

BI-RADS 3 ဆိုသည်မှာ ကင်ဆာဖြစ်နေသည်ဟု ဆိုလိုပါသလား။
မဟုတ်ပါ။ BI-RADS 3 ဆိုသည်မှာ တွေ့ရှိချက်သည် ကင်ဆာဖြစ်နိုင်ခြေ ၂% ထက်မပိုသည့် ကင်ဆာမဟုတ်သောအကျိတ်ဖု  ဖြစ်နိုင်ခြေများသည်ဟုဆိုလိုပါသည်။ ထိုတွေ့ရှိချက်သည် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေဆဲဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် အများအားဖြင့်နောက်ဆက်တွဲရောဂါရှာဖွေရေးဆိုင်ရာပုံရိပ်ဖော်စစ်ဆေးမှုပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။


BI-RADS 4 ဆိုတာ ရင်သားကင်ဆာ ရှိနေတယ်လို့ ဆိုလိုတာလား။
မဟုတ်ပါ။ BI-RADS 4 ဆိုသည်မှာ တွေ့ရှိချက်သည် သံသယဖြစ်ဖွယ်ရာရှိနေသဖြင့် ယေဘုယျအားဖြင့် တစ်ရှူးနမူနာယူစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိသည့် အခြေအနေမျိုးဖြစ်သည်။ ဤစစ်ဆေးမှုမှတစ်ဆင့် ထိုတစ်ရှူးသည် ကင်ဆာမဟုတ်သောအကျိတ် သို့မဟုတ် ကင်ဆာအကျိတ် ဟုတ်၊ မဟုတ်ကို အတည်ပြုဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပါသည်။


BI-RADS အမျိုးအစားများအနက် မည်သည့်အမျိုးအစားများက ပုံမှန်အားဖြင့် တစ်ရှူးနမူနာယူစစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်လေ့ရှိသနည်း။
BI-RADS 4 နှင့် BI-RADS 5 ရလဒ်များအတွက် ယေဘုယျအားဖြင့် တစ်ရှူးနမူနာစစ်ဆေးခြင်း သို့မဟုတ် အခြားသင့်လျော်သောရောဂါရှာဖွေရေးဆိုင်ရာ လုပ်ဆောင်ချက်များပြုလုပ်ရန်လိုအပ်လေ့ရှိပါသည်။ BI-RADS 4 သည် သံသယဖြစ်ဖွယ်ရာတွေ့ရှိချက်တစ်ခုဖြစ်ပြီး၊ BI-RADS 5 မှာ ကင်ဆာဖြစ်နိုင်ခြေအလွန်မြင့်မားကြောင်း ညွှန်ပြနေပါသည်။


ထပ်တိုးပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ပြီးနောက် BI-RADS အဆင့်သတ်မှတ်ချက် ပြောင်းလဲသွားနိုင်ပါသလား။
ပြောင်းလဲသွားနိုင်ပါသည်။ BI-RADS 0 ဆိုသည်မှာ ရောဂါအခြေအနေအကဲဖြတ်ခြင်း မပြီးပြတ်သေးကြောင်းဆိုလိုသည်။ ထပ်ဆင့် Mammogram၊ အာလ်ထရာဆောင်းရိုက်ကူးခြင်း သို့မဟုတ် ယခင်ရိုက်ကူးထားသောပုံရိပ်များနှင့် နှိုင်းယှဉ်လေ့လာခြင်းများပြုလုပ်ပြီးသည့်အခါ ဓာတ်မှန်အထူးကုဆရာဝန်အနေဖြင့် BI-RADS အမျိုးအစားကို အပြီးသတ်သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။


BI-RADS ဆိုသည်မှာ ရင်သားကင်ဆာ အဆင့်သတ်မှတ်ချက်တစ်ခုလား။
မဟုတ်ပါ။ BI-RADS သည် ရင်သားပုံရိပ်ဖော်စစ်ဆေးမှုမှ တွေ့ရှိချက်များကို ဖော်ပြပေးပြီး နောက်ဆက်တွဲလုပ်ဆောင်သင့်သည့်အရာများကို အကြံပြုပေးနိုင်ပါသည်။ ရင်သားကင်ဆာ အဆင့်သတ်မှတ်ခြင်းကို ကင်ဆာရှိကြောင်းတွေ့ရှိပြီးမှသာ ပြုလုပ်ဆောင်ရွက်လေ့ရှိပါသည်။

BI-RADS ရင်သားဓာတ်မှန် (mammogram) ရလဒ်ကို နားလည်ထားခြင်းက အဆိုပါအစီရင်ခံစာကို ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်စေနိုင်ပါသည်။ ထိုနံပါတ်ကို ရောဂါရှာဖွေတွေ့ရှိချက်တစ်ခုအဖြစ်သာ မမြင်ဘဲ၊ သင့်အနေဖြင့်နှင့် သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အနေဖြင့် နောက်ထပ် မည်သို့ဆက်လက်လုပ်ဆောင်သင့်သည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုမည့် စံသတ်မှတ်ထားသော လမ်းညွှန်ချက်တစ်ခုအဖြစ် သဘောထားပါ။

 
 
ကိုးကားချက်များ
  1. Newell MS, Destounis SV, Leung JWT, DeMartini WB, Lee CH, Eby PR. ACR BI-RADS® v2025 Manual. Reston, VA: American College of Radiology; 2025.
  2. Spak DA, Plaxco JS, Santiago L, Dryden MJ, Dogan BE. BI-RADS® fifth edition: A summary of changes. Diagnostic and Interventional Imaging. 2017;98(3):179–190.
  3. Mercado CL. BI-RADS update. Radiologic Clinics of North America. 2014;52(3):481–487.
  4. Bent CK, Bassett LW, D'Orsi CJ, Sayre JW. The positive predictive value of BI-RADS microcalcification descriptors and final assessment categories. American Journal of Roentgenology. 2010;194(5):1378–1383.
  5. Boyd NF, Guo H, Martin LJ, et al. Mammographic density and the risk and detection of breast cancer. New England Journal of Medicine. 2007;356(3):227–236.
  6. McKinney SM, Sieniek M, Godbole V, et al. International evaluation of an AI system for breast cancer screening. Nature. 2020;577(7788):89–94.
 

ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Piyawan Kensakoo, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန် 
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ


 
 
For more information please contact:
  • ရင်သားရောဂါကုဌာန

    Tel: +66 2066 8888 or 1378 (local call only)


Last modify: հոկտեմբերի 07, 2026

Related Packages

Related Health Blogs