bih.button.backtotop.text

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း
​အစာအိမ်ကင်ဆာသည် အစောပိုင်းအဆင့်အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်ကို သင်သိပါသလား။ မကြာခဏအစာမကြေဖြစ်ခြင်း၊ ဝမ်းဗိုက်အထက်ပိုင်းတွင်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အနည်းငယ်မျှစားလိုက်ရုံဖြင့် ဗိုက်ပြည့်အင့်သွားခြင်း စသည့်လက္ခဏာများသည် သာမန်အစာချေစနစ်ပြဿနာများနှင့် ဆင်တူနိုင်သည်။ ထိုလက္ခဏာများရေရှည်ဖြစ်ပွားနေလျှင်၊ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် အကြောင်းအရင်းအတိအကျမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ယှဉ်တွဲဖြစ်ပေါ်လာပါက ပိုမိုနက်နဲသောစစ်ဆေးမှုများပြုလုပ်ရန် အရေးကြီးပါသည်။
 
အစာအိမ်ကင်ဆာအတွက် ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် စစ်ဆေးမှုအတော်များများပါဝင်ပါသည်။  အစာချေလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်ခြင်းသည် ဆရာဝန်များအား အစာအိမ်ကို တိုက်ရိုက်စစ်ဆေးနိုင်စေပြီး အသားစနမူနာယူစစ်ဆေးခြင်းက ကင်ဆာဆဲလ်များရှိ မရှိ အတည်ပြုပေးနိုင်သည်။ ထို့နောက် မှန်ပြောင်းအာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်နှင့် အခြားသောပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းများက ရောဂါပြန့်ပွားမှုအခြေအနေကို ဆုံးဖြတ်ရန်ကူညီပေးနိုင်ပါသည်။

 

​အစာအိမ်ကင်ဆာ ရောဂါရှာဖွေစစ်ဆေးခြင်းကို မည်သို့စတင်လုပ်ဆောင်သနည်း။

ဆန်းစစ်လေ့လာမှုကို ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်း၊ မိသားစုရာဇဝင်နှင့် ရောဂါဖြစ်ပွားနိုင်ခြေအချက်အလက်များကို သုံးသပ်ခြင်းဖြင့်စတင်သည်။ ယင်းတို့တွင် အချိန်ကြာမြင့်စွာ Helicobacter pylori  ပိုးကူးစက်ဝင်ရောက်မှု၊ နာတာရှည်အစာအိမ်ရောင်ရမ်းမှု၊ အစာအိမ်ဆဲလ်များ မူမမှန်စွာပွားများပြောင်းလဲနေမှု၊ ယခင်ကအစာအိမ်ခွဲစိတ်ခဲ့ဖူးသောရာဇဝင်၊ အစာအိမ်အတွင်း အသားပိုများရှိခြင်း သို့မဟုတ် မျိုးရိုးလိုက်သောကင်ဆာရောဂါအခြေအနေများ ပါဝင်နိုင်ပါသည်။
 
​ပဏာမစစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။
  • ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း
  • သွေးအားနည်းခြင်းနှင့် ကိုယ်တွင်းအင်္ဂါတို့၏လုပ်ဆောင်ချက်များကိုသိရှိနိုင်ရန် သွေးစစ်ခြင်း
  • သင့်တော်ပါက H. pylori  ပိုးရှိမရှိ စစ်ဆေးခြင်း
  • အစာချေလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်ခြင်း
 
​သွေးစစ်ခြင်းသည် မူမမှန်မှုများကို ဖော်ပြပေးနိုင်သော်လည်း အစာအိမ်ကင်ဆာကို အတည်မပြုပေးနိုင်ပါ။

 

အစာချေလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်ခြင်းသည် အဘယ်ကြောင့်အဓိကကျသော ရောဂါရှာဖွေရေးစစ်ဆေးမှုတစ်ခုဖြစ်သလဲ။

အစာချေလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်ခြင်းသည် ကင်မရာတပ်ဆင်ထားသော သေးငယ်ပျော့ပျောင်းသည့်ပိုက်ကိုအသုံးပြု၍ အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့ကို စစ်ဆေးခြင်းဖြစ်သည်။ ဤသို့စစ်ဆေးခြင်းသည် အထူးကုဆရာဝန်အား အစာချေလမ်းကြောင်းရှိအနာများ၊ အကျိတ်များ၊ မူမမှန်သောတစ်ရှူးများ သို့မဟုတ် အစာအိမ်နံရံ၏မသိသာသေးသောပြောင်းလဲမှုများကို တွေ့ရှိစေပါသည်။
 
​မှန်ပြောင်းကြည့်နေစဉ်အတွင်း ဆရာဝန်သည်အောက်ပါတို့ကိုဆောင်ရွက်နိုင်သည်။
  • မူမမှန်မှုတစ်ခု၏ အရွယ်အစားနှင့် တည်နေရာကို အတည်ပြုစစ်ဆေးခြင်း
  • သံသယဖြစ်ဖွယ်နေရာများကို ဓာတ်ပုံရိုက်ကူး၍ မှတ်တမ်းတင်ခြင်း
  • တစ်ရှူးအသားစနမူနာများရယူခြင်း
  • လက္ခဏာများကိုဖြစ်ပွားစေသော အခြားဖြစ်နိုင်ခြေရှိသည့်အကြောင်းအရင်းများကို စစ်ဆေးခြင်း
 
ကြည်လင်ပြတ်သား၍​ရုပ်ထွက်မြင့်မားသော၊ ပုံရိပ်အရည်အသွေးမြှင့်တင်ထားသော မှန်ပြောင်းနည်းပညာများသည် အပေါ်ယံဖွဲ့စည်းပုံအနေအထားများနှင့် သွေးကြောပုံစံများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေသည်။

 

​Virtual Endoscopy ဆိုသည်မှာအဘယ်နည်း။

CT gastrography ဟုလည်းခေါ်ဆိုသည့် Virtual gastroscopy သို့မဟုတ် CT virtual endoscopy သည် ကွန်ပျူတာအချက်အလက်များကို အစာအိမ်အတွင်းပိုင်းကိုမြင်နေရသည့်အတိုင်း ပုံစံတူသုံးဖက်မြင်ပုံရိပ်များအဖြစ် ပြောင်းလဲဖန်တီးပေးခြင်းဖြစ်သည်။ ယင်းက ဆရာဝန်များအား အစာအိမ်အတွင်းရှိအကျိတ်၏ တည်နေရာနှင့် ပုံပန်းသဏ္ဌာန်ကို မြင်တွေ့နိုင်စေရန်ကူညီပေးပြီး အချို့သောလူနာများတွင် ခွဲစိတ်မှုမတိုင်မီဆန်းစစ်ချက်များကို ပြုလုပ်ပေးနိုင်ရန် အထောက်အကူပြုသည်။ ၎င်းသည်အထူးသဖြင့် ရောဂါအဆင့်မြင့်နေပြီးဖြစ်သော ကင်ဆာအကျိတ်များကို ဖော်ထုတ်ပေးနိုင်သော်လည်း အစောပိုင်းအဆင့်အစာအိမ်ကင်ဆာများ - အထူးသဖြင့်ပြားနေသော သို့မဟုတ် ခွက်ဝင်နေသောအကျိတ်များ ကို ဖော်ထုတ်ရာတွင် ပုံမှန်မှန်ပြောင်းစစ်ဆေးခြင်းထက် တိကျမှုနည်းပါးပါသည်။

 
​ပုံမှန်မှန်ပြောင်းစစ်ဆေးခြင်းနှင့် မတူညီသည်မှာ ကွန်ပျူတာအခြေခံ Virtual gastroscopy သည် အောက်ပါတို့ကိုမဆောင်ရွက်နိုင်ပါ။
  • တစ်ရှူးအသားစနမူနာများရယူခြင်း
  • ရောဂါဗေဒနည်းဖြင့် ကင်ဆာကိုအတည်ပြုခြင်း
  • အသားပို သို့မဟုတ် အစောပိုင်းအဆင့်အကျိတ်များကို ဖယ်ရှားခြင်း
  • သွေးယိုစိမ့်မှု သို့မဟုတ် အခြားသောမူမမှန်မှုများကို ကုသခြင်း
 
ထို့ကြောင့် အစာအိမ်ကင်ဆာဟုသံသယရှိပါက Virtual gastroscopy ကို ပုံမှန်မှန်ပြောင်းစစ်ဆေးခြင်းနှင့် အသားစနမူနာယူစစ်ဆေးခြင်းများအစား လုပ်ဆောင်ရန်မဖြစ်နိုင်ပါ။

 

အသားစနမူနာယူစစ်ဆေးခြင်းကိုလုပ်ဆောင်ရန် အဘယ်ကြောင့်လိုအပ်သနည်း။

အစာအိမ်ကင်ဆာကိုအတည်ပြုရန်အတွက် အသားစယူရန်လိုအပ်ပါသည်။ မှန်ပြောင်းကြည့်နေစဉ် ရယူထားသော တစ်ရှူးနမူနာများကို ရောဂါဗေဒဆရာဝန်က အောက်ပါတို့အတွက်စစ်ဆေးသည်။
  • ကင်ဆာဆဲလ်များ ရှိမရှိ သိရှိရန်
  • အစာအိမ်ကင်ဆာအမျိုးအစားကို ခွဲခြားသိရှိရန်
  • ကုသမှုကိုသက်ရောက်နိုင်မည့် လက္ခဏာများကိုသိရှိရန်
  • ဇီဝအမှတ်အသား သို့မဟုတ် မော်လီကျူးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ရန်လိုမလို ဆုံးဖြတ်ရန်
 
အစာအိမ်ကင်ဆာအများစုမှာ Adenocarcinoma အမျိုးအစားများ ဖြစ်ကြသော်လည်း Lymphoma၊ Gastrointestinal stromal tumor (GIST) နှင့် Neuroendocrine tumor တို့လည်း ဖြစ်ပွားနိုင်ပါသည်။

 

​မှန်ပြောင်းအာထရာဆောင်းက မည်သည့်အရာများကို ပြသနိုင်သနည်း။

မှန်ပြောင်းအာထရာဆောင်း (EUS) သည် မှန်ပြောင်းနှင့် အာထရာဆောင်းနည်းပညာကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းသည် အစာအိမ်နံရံနှင့် အနီးပတ်ဝန်းကျင်ဖွဲ့စည်းပုံတို့၏ အသေးစိတ်ပုံရိပ်များကို ဖန်တီးပုံဖော်ပေးသည်။
 
​EUS သည် အောက်ပါတို့ကို ဆန်းစစ်ရန်ကူညီပေးနိုင်သည်။
  • အကျိတ်သည် အစာအိမ်နံရံအတွင်း မည်မျှနက်ရှိုင်းစွာ ကြီးထွားနေကြောင်း
  • အနီးဝန်းကျင်ရှိ ပြန်ရည်ကျိတ်များ မူမမှန်မှု ရှိမရှိ
  • တစ်ရှူးနမူနာ ရယူရန် လိုမလို
  • အချို့သောအစောပိုင်းအဆင့်အကျိတ်များကို မှန်ပြောင်းဖြင့်ကုသမှုပြုလုပ်ရန် သင့်တော်မတော်
 

ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းသည် အစာအိမ်ကင်ဆာအဆင့်သတ်မှတ်ရာတွင် မည်သို့ကူညီသနည်း။

ကင်ဆာဖြစ်ကြောင်းအတည်ပြုပြီးနောက် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဆီးစပ်ဧရိယာတို့ကိုစစ်ဆေးရန် ဆေးထိုး၍​ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းကို အသုံးပြုနိုင်ပါသည်။ CT စကင်သည် အောက်ပါတို့ကိုပြသရန်ကူညီပေးနိုင်သည်။
  • အကျိတ်၏ တည်နေရာနှင့် အရွယ်အစား
  • အနီးပတ်ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များ
  • ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့ဝင်ရောက်မှု
  • အသည်း၊ အဆုတ် သို့မဟုတ် ဝမ်းဗိုက်အမြှေးပါးများထံ ရောဂါပြန့်ပွားနိုင်ခြေ
 
​စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ ထပ်မံအဆင့်သတ်မှတ်ခြင်းအတွက် PET scan ရိုက်ကူးခြင်း သို့မဟုတ် ဝမ်းဗိုက်အားအပေါက်ဖောက်၍​ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း တို့ ပါဝင်နိုင်သည်။

 

ရောဂါအဖြေထွက်ပြီးနောက် မည်သို့ဆက်လက်ဆောင်ရွက်သနည်း။

ကင်ဆာအဆင့်သတ်မှတ်ရန်နှင့် ကုသမှုလမ်းညွှန်များရရှိနိုင်ရန် မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန် နှင့် ဇီဝအမှတ်အသားစစ်ဆေးမှုရလဒ်များကို ခြုံငုံသုံးသပ်သည်။ ကုသမှု နည်းလမ်းများတွင် မှန်ပြောင်းအသုံးပြုအကျိတ်ဖယ်ရှားခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ထိရောက်သော ပစ်မှတ်ထားကုထုံး၊ ခုခံအားစနစ်ကုထုံး၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း သို့မဟုတ် ၄င်းနည်းလမ်းများကိုပေါင်းစပ်ကုသခြင်းတို့ ပါဝင်နိုင်ပါသည်။

 

အစာအိမ်ကင်ဆာ ရောဂါရှာဖွေရေးနှင့် စောင့်ရှောက်ကုသမှုအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။

နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် အစာချေစနစ်ဆိုင်ရာရောဂါဌာန နှင့် Horizon ဒေသဆိုင်ရာ ကင်ဆာရောဂါကုဌာနတို့သည် မှန်ပြောင်းအထူးကုဆရာဝန်များ၊ ရောဂါဗေဒဆရာဝန်များ၊ ဓာတ်မှန်အထူးကုဆရာဝန်များ၊ အစာချေလမ်းကြောင်းဆိုင်ရာခွဲစိတ်ဆရာဝန်များ၊ ကင်ဆာဆေးကုသမှုဆိုင်ရာသမားတော်များနှင့် အာဟာရဆိုင်ရာအထူးကုများဖြင့် အတူတကွပူးပေါင်းကာ စောင့်ရှောက်ကုသမှုများကိုပေးစွမ်းလျက်ရှိသည်။

ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ GI-Broncho Endoscopy သီးသန့်ဌာနသည် American Society for Gastrointestinal Endoscopy မှပံ့ပိုးသော Endoscopy Unit Recognition Program  မှတဆင့်ထောက်ခံချက်ရရှိထားပြီး ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှတွင် ဤအသိအမှတ်ပြုလက်မှတ်ကို ပထမဆုံးရရှိခဲ့သည့်ဌာနဖြစ်သည်။

​Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် အစာချေစနစ်ဆိုင်ရာဆေးပညာတွင် အဆင့် (၁၀) နှင့် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် အဆင့် (၅၈) ရရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ၄င်းအထူးကုဘာသာရပ်နှစ်ခုစလုံးအတွက် အဆင့် (၁) နေရာတွင် ရပ်တည်ခဲ့ပါသည်။ ဤအထူးကုဌာနပေါင်းစုံ၏ပူးပေါင်းဆောင်ရွက်မှုသည် စနစ်ကျသောရောဂါရှာဖွေခြင်း၊ အဆင့်သတ်မှတ်ခြင်း၊ ကုသမှုအစီအစဉ်ရေးဆွဲခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်စစ်ဆေးခြင်းတို့အတွက် ထိရောက်စွာအထောက်အကူပြုပါသည်။

 

ဆေးဘက်ဆိုင်ရာ ကိုးကားချက်များ

  1. Lordick F, Carneiro F, Cascinu S, et al. Gastric cancer: ESMO Clinical Practice Guideline for diagnosis, treatment and follow-up. Annals of Oncology. 2022;33(10):1005–1020. https://doi.org/10.1016/j.annonc.2022.07.004
  2. Kim IH, Kang SJ, Choi W, et al. Korean Practice Guidelines for Gastric Cancer 2024: An evidence-based, multidisciplinary approach. Journal of Gastric Cancer. 2025;25(1):5–114. https://doi.org/10.5230/jgc.2025.25.e11
  3. Dinis-Ribeiro M, Libânio D, Uchima H, et al. Management of epithelial precancerous conditions and early neoplasia of the stomach (MAPS III): Guideline update 2025. Endoscopy. 2025;57(5):504–554. https://doi.org/10.1055/a-2529-5025
  4. Yao K, Uedo N, Kamada T, et al. Guidelines for endoscopic diagnosis of early gastric cancer. Digestive Endoscopy. 2020;32(5):663–698. https://doi.org/10.1111/den.13684
  5. Mocellin S, Pasquali S. Diagnostic accuracy of endoscopic ultrasonography for the preoperative locoregional staging of primary gastric cancer. Cochrane Database of Systematic Reviews. 2015;(2). https://doi.org/10.1002/14651858.CD009944.pub2
  6. Kim JH, Eun HW, Choi JH, et al. Diagnostic performance of virtual gastroscopy using MDCT in early gastric cancer compared with 2D axial CT: Focusing on interobserver variation. American Journal of Roentgenology. 2007;189(2):299–305. https://doi.org/10.2214/AJR.07.2201
  7. American Society for Gastrointestinal Endoscopy. Endoscopy Unit Recognition Program. View source
 
 
ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Asst. Prof. Veeravich Jaruvongvanich, M.D.
အဆင့်မြင့်မှန်ပြောင်းစစ်ဆေးကုသမှု၊ အစာအိမ်အူလမ်းကြောင်း နှင့် အသည်းရောဂါအထူးကု
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ
 


 
For more information please contact:
  • အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန
    Tel. +662 0112168
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Last modify: սեպտեմբերի 03, 2026

Related Packages

Related Health Blogs