bih.button.backtotop.text

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း
​အသည်းကင်ဆာသည် တစ်ခါတစ်ရံတွင် လက္ခဏာများမပြမီကပင် ကြိုတင်တွေ့ရှိနိုင်သည်ကို သင်သိပါသလား။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများတွင် အာထရာဆောင်းရိုက်ခြင်း သို့မဟုတ် AFP သွေးစစ်ခြင်းတို့က ကနဦးသတိပေးလက္ခဏာကို ဖော်ပြပေးနိုင်ပြီး ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များက သံသယဖြစ်ဖွယ် အသည်းအကျိတ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

​အသည်းကင်ဆာရောဂါရှာဖွေခြင်းသည် စစ်ဆေးမှုတစ်ခုတည်းအပေါ်တွင် မူတည်လေ့မရှိပါ။ ဆရာဝန်များသည် ရောဂါရာဇဝင်၊ ရောဂါဖြစ်ပွားနိုင်ခြေအချက်အလက်များ၊ သွေးစစ်ဆေးချက် ရလဒ်များနှင့် ပုံရိပ်ဖော်စစ်ဆေးမှုတွေ့ရှိချက်များကို ပေါင်းစပ်သုံးသပ်ကြသည်။ အချို့သောလူနာများတွင် အသားစစစ်ဆေးခြင်းပြုလုပ်ရန်လည်း လိုအပ်နိုင်သည်။

 

​အသည်းကင်ဆာရောဂါရှာဖွေခြင်းကို မည်သို့စတင်လုပ်ဆောင်သနည်း။

ဆန်းစစ်လေ့လာမှုကို ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်းနှင့် အောက်ပါရောဂါဖြစ်ပွားနိုင်ခြေ အချက်အလက်များကို သုံးသပ်ခြင်းဖြင့်စတင်သည်။
  • နာတာရှည် အသည်းရောင်အသားဝါဘီ သို့မဟုတ် စီပိုးကူးစက်ခြင်း
  • အသည်းခြောက်ခြင်း
  • ဇီဝစနစ်ပုံမမှန်ခြင်းကြောင့် ဖြစ်သော အသည်းအဆီဖုံးရောဂါ 
  • အရက်အလွန်အကျူး ရေရှည်သောက်သုံးခြင်း
  • အသည်းသို့ ပြန့်ပွားနိုင်သော အခြားကင်ဆာရောဂါဖြစ်ပွားမှုရာဇဝင်ရှိခြင်း
  • အခြားစစ်ဆေးမှုတစ်ခုခု ပြုလုပ်စဉ် အသည်း၌အကျိတ်တွေ့ရှိထားခြင်း
 
သွေးစစ်ဆေးခြင်းဖြင့် အသည်းလုပ်ဆောင်ချက်များ၊ အသည်းရောင်ရောဂါပိုးရှိမရှိ နှင့် Alpha-fetoprotein (AFP) ပမာဏကို တိုင်းတာနိုင်သည်။ ထို့အပြင် ပုံရိပ်ဖော်စစ်ဆေးမှုများက ဆရာဝန်များအား မူမမှန်သော အသည်းတစ်ရှူးများ၏ တည်နေရာကိုရှာဖွေနိုင်ရန် ကူညီပေးသည်။



အသည်းအာထရာဆောင်းရိုက်ခြင်းက မည်သည့်အရာများကို ပြသနိုင်သနည်း။

အာထရာဆောင်းသည် အသံလှိုင်းများကိုအသုံးပြုပြီး အသည်း၏ပုံရိပ်များကိုဖန်တီးဖော်ပြသည်။ ၎င်းသည် ထိုးဖောက်ခွဲစိတ်ရန်မလိုအပ်သော၊ ဓာတ်ရောင်ခြည်မသုံးသောစစ်ဆေးမှုဖြစ်ပြီး အကျိတ် သို့မဟုတ် အလုံးအခဲများကို ရှာဖွေရာတွင် ပထမဆုံးအသုံးပြုလေ့ရှိသည့် ပုံရိပ်ဖော်စစ်ဆေးမှုဖြစ်သည်။
 
​မူလအသည်းကင်ဆာ HCC ဖြစ်ပွားနိုင်ခြေမြင့်မားသူများအတွက် အာထရာဆောင်းကို ပုံမှန် စောင့်ကြည့်စစ်ဆေးမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသည်။ ၄င်းကဆရာဝန်များအား အောက်ပါတို့အတွက် ကူညီပေးနိုင်သည်။
  • အသည်းအကျိတ် သို့မဟုတ် အလုံးကိုစစ်ဆေးတွေ့ရှိရန်
  • ၄င်း၏ အရွယ်အစားနှင့် တည်နေရာကို ခန့်မှန်းရန်
  • အသည်း၏ ယေဘုယျသွင်ပြင်အနေအထားကို စစ်ဆေးရန်
  • ပိုမိုအသေးစိတ်ကျသော ပုံရိပ်ဖော်စစ်ဆေးမှုများထပ်မံပြုလုပ်ရန်လိုမလို ဆုံးဖြတ်ရန်
 
​အာထရာဆောင်းသည် မူမမှန်သောနေရာတစ်ခုမှာ ကင်ဆာဟုတ်မဟုတ်ကို အမြဲတမ်းမဆုံးဖြတ်ပေးနိုင်ပါ။ သံသယဖြစ်ဖွယ်အကျိတ်ကိုတွေ့ရှိပါက သာမန်အားဖြင့် ဆေးထိုး၍​ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် အသေးစိတ်ထပ်မံစစ်ဆေးရန် လိုအပ်ပါသည်။



ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းသည် အသည်းကင်ဆာရောဂါရှာဖွေရာတွင် မည်သို့ကူညီသနည်း။

ကွန်ပျူတာဓာတ်မှန်သည် ဓာတ်ရောင်ခြည် နှင့် ကွန်ပျူတာနည်းပညာကိုအသုံးပြု၍ ကန့်လန့်ဖြတ်အသေးစိတ်ပုံရိပ်များကို ဖန်တီးပုံဖော်သည်။ Multiphase contrast-enhanced CT စကင်သည် ဆေးထိုးပြီးနောက် အချိန်အပိုင်းအခြားအမျိုးမျိုး၌ ပုံရိပ်များကို ရိုက်ကူးပေးခြင်းဖြင့် အသည်းအကျိတ်ထံ သွေးစီးဆင်းဝင်ရောက်မှုနှင့် ပြန်လည်ထုတ်လွတ်မှုကို ဆရာဝန်များဆန်းစစ်နိုင်စေရန် ကူညီပေးသည်။
 
အထူးသဖြင့် အသည်းခြောက်သူများ သို့မဟုတ် အခြားရောဂါဖြစ်ပွားနိုင်ခြေများသော လူနာများတွင် အချို့သောပုံရိပ်များသည် HCC ကင်ဆာဖြစ်ကြောင်း ခိုင်မာစွာညွှန်ပြနေတတ်သည်။

ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် Photon-Counting ကွန်ပျူတာနည်းပညာ နှင့် အသိဉာဏ်တုနည်းပညာကို ပေါင်းစပ်ထားပြီး၊ ၎င်းသည် အလွန်အရည်အသွေးမြင့်မားသောပုံရိပ်များကိုထုတ်လုပ်ပေးနိုင်ရန် နှင့် သမားရိုးကျ CT စကင်များနှင့်နှိုင်းယှဉ်ပါက ဓာတ်ရောင်ခြည်ပမာဏပိုမိုလျှော့ချပေးနိုင်ရန် အထူးစီမံထားသည့် အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာဖြစ်သည်။ ၎င်း၏ အသေးစိတ်ပုံရိပ်များသည် အသည်းအကျိတ်များ၊ ပတ်ဝန်းကျင်တစ်ရှူးများနှင့် သွေးကြောများကို ဆရာဝန်များအလွယ်တကူဆန်းစစ်နိုင်စေရန် ကူညီပေးသည်။

 
​CT ပုံရိပ်ဖော်စစ်ဆေးမှုသည် အောက်ပါတို့ကိုဆုံးဖြတ်ရာတွင်ကူညီပေးနိုင်ပါသည်။
  • အကျိတ်များ၏ အရေအတွက်၊ အရွယ်အစားနှင့် တည်နေရာ
  • အနီးပတ်ဝန်းကျင်ရှိ သွေးကြောများပါဝင်မှုရှိမရှိ
  • ကင်ဆာသည် အသည်းပြင်ပသို့ပါပြန့်ပွားနေမှုရှိမရှိ
  • ခွဲစိတ်မှု သို့မဟုတ် အခြားကုသမှုများ ပြုလုပ်နိုင်ခြင်းရှိမရှိ
  • ကင်ဆာမှ ကုသမှုအပေါ်မည်သို့တုံ့ပြန်မှုရှိသည်ကိုစစ်ဆေးနိုင်ခြင်း
  • ရောဂါပြန်လည်ဖြစ်ပွားနိုင်ချေလက္ခဏာများ ရှိမရှိ



သံလိုက်ဓာတ်မှန်သည် ကွန်ပျူတာဓာတ်မှန်နှင့် မည်သို့ကွာခြားမှုရှိသနည်း။

သံလိုက်ဓာတ်မှန် (MRI) သည် ဓာတ်ရောင်ခြည်အစား သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။ ဆေးထိုးရန်လိုအပ်သော MRI သည် အသည်းတစ်ရှူး၏အသေးစိတ်ပုံရိပ်များကို ပေးစွမ်းနိုင်ပြီး အာထရာဆောင်း သို့မဟုတ် CT ရိုက်ပြီးသော်လည်း အတည်မပြုနိုင်သေးသည့်အကျိတ်များကို အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် ကူညီပေးနိုင်သည်။
 
MRI သည် အောက်ပါတို့အတွက်အသုံးဝင်သည်။
  • သေးငယ်သော အသည်းအကျိတ်များကို စစ်ဆေးပေးနိုင်ခြင်း
  • အချို့သောကင်ဆာအကျိတ် နှင့် ကင်ဆာမဟုတ်သောအကျိတ်များကို ခွဲခြားပေးနိုင်ခြင်း
  • အနီးပတ်ဝန်းကျင်ရှိသွေးကြောများနှင့်  အခြားဖွဲ့စည်းပုံများကို ဆန်းစစ်ခြင်း
  • ယခင်ပုံရိပ်ဖော်စစ်ဆေးမှုများမှ တွေ့ရှိချက်များကို ရှင်းလင်းအတည်ပြုပေးနိုင်ခြင်း
 
CT သို့မဟုတ် MRI အနက် မည်သည့်စစ်ဆေးမှုကိုရွေးချယ်ရမည်ဆိုသည်မှာ ဆေးဘက်ဆိုင်ရာမေးခွန်းများ၊ ယခင်စစ်ဆေးတွေ့ရှိချက်များ၊ ကျောက်ကပ်လုပ်ဆောင်ချက်အခြေအနေ၊ ဆေးထိုးရန်သင့်တော်မှုရှိမရှိ နှင့် အထူးကုဆရာဝန်၏သုံးသပ်ချက်များအပေါ် မူတည်ပါသည်။

 

AFP သွေးစစ်ခြင်း၏သဘောတရားမှာ အဘယ်နည်း။

Alpha-fetoprotein (AFP) သည် HCC ကင်ဆာဖြစ်ပွားသူတချို့တွင် ပမာဏမြင့်တက်နေနိုင်သော ပရိုတိန်းတစ်မျိုးဖြစ်သည်။ သို့သော်လည်း AFP စစ်ဆေးမှုသည် အသည်းကင်ဆာကို၄င်းတစ်မျိုးတည်းဖြင့် စစ်ဆေးပေးနိုင်သည့် သီးသန့်စစ်ဆေးမှုတစ်ခုတော့မဟုတ်ပါ။
 
AFP ပမာဏမြင့်မားနေခြင်းသည် ကင်ဆာဖြစ်နေသည်ဟု အလိုအလျောက်ဆိုလိုခြင်းမဟုတ်သကဲ့သို့၊ ပုံမှန်ဖြစ်နေခြင်းကလည်း ကင်ဆာလုံးဝမရှိပါဟု သတ်မှတ်၍မရနိုင်ပါ။ ဆရာဝန်များသည် AFP ရလဒ်ကို အောက်ပါအချက်များနှင့် ပေါင်းစပ်သုံးသပ်လေ့ရှိကြသည်။
  • ပုံရိပ်ဖော်စစ်ဆေးတွေ့ရှိချက်များ
  • အသည်းလုပ်ဆောင်ချက်အားစစ်ဆေးထားသည့် သွေးစစ်ချက်ရလဒ်များ
  • ဆေးမှတ်တမ်း နှင့် ရောဂါဖြစ်ပွားနိုင်ခြေအချက်အလက်များ
  • အချိန်နှင့်အမျှ ပြောင်းလဲလာသော AFP ပမာဏများ

AFP ပမာဏသည် အသည်းရောင်ခြင်း၊ အသည်းတွင်ထိခိုက်ဒဏ်ရာရခြင်း၊ အသည်းမာခြင်း နှင့် အခြားသော အခြေအနေများကြောင့်လည်း မြင့်တက်နေနိုင်ပါသည်။ အချို့သောလူနာများတွင် AFP ပမာဏသည် ဆရာဝန်များအတွက် ကုသမှုအားတုံ့ပြန်သည့်အခြေအနေကို စစ်ဆေးရာ၌ ကူညီပေးနိုင်သည်။

 

အသည်းအသားစယူခြင်းကို အမြဲတမ်းပြုလုပ်ရန်လိုအပ်ပါသလား။

မလိုအပ်ပါ။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသော လူနာအချို့တွင် ဆေးထိုးရန်လိုအပ်သော CT သို့မဟုတ် MRI ရိုက်ခြင်းမှရလာသည့် ထင်ရှားသောတွေ့ရှိချက်များဖြင့်ပင် အသားစယူရန်မလိုဘဲ HCC ကင်ဆာဖြစ်ကြောင်း ဆရာဝန်များမှစစ်ဆေးအတည်ပြုပေးနိုင်သည်။
 
အောက်ပါအခြေအနေများတွင် အသားစယူရန်ညွှန်ကြားနိုင်သည်။
  •  ပုံရိပ်ဖော်စစ်ဆေးမှုများမှ တွေ့ရှိချက်များမှာ မရေမရာဖြစ်နေခြင်း
  • အကျိတ်သည် သတ်မှတ်ထားသည့် HCC ၏သွင်ပြင်အနေအထားမျိုး မဟုတ်နေခြင်း
  • အခြားသောကင်ဆာအမျိုးအစားဟု သံသယရှိခြင်း
  • ကုသမှုလမ်းညွှန်ရန်အတွက် တစ်ရှူးနမူနာအား ဓာတ်ခွဲစစ်ဆေးရန်လိုအပ်ခြင်း
 
အသည်းအသားစယူသည့်အခါ သေးငယ်သောတစ်ရှူးနမူနာကိုသာရယူပြီး အဏုကြည့်မှန်ပြောင်းဖြင့်ဓာတ်ခွဲစစ်ဆေးသည်။
 
 

အသည်းကင်ဆာဟု ရောဂါအဖြေထွက်ပြီးနောက် မည်သို့ဆက်လက်ဆောင်ရွက်ကြသနည်း။

ထပ်မံပြုလုပ်သော ပုံရိပ်ဖော်စစ်ဆေးမှုများ နှင့် သွေးစစ်ဆေးမှုများသည် ဆရာဝန်များအား 
အောက်ပါတို့အတွက် ကူညီပေးနိုင်ပါသည်။
  • ကင်ဆာအဆင့်ဆုံးဖြတ်ရန်
  • အသည်းလုပ်ဆောင်ချက်ကိုဆန်းစစ်ရန်
  • ရောဂါပြန့်ပွားမှုရှိမရှိအတည်ပြုရန်
  • ခွဲစိတ်မှု သို့မဟုတ် အခြားကုသမှုများပြုလုပ်၍ရမရ သုံးသပ်ရန်
  • လူနာတစ်ဦးချင်းစီအတွက် သင့်တော်သောကုသမှုအစီအစဉ် ရေးဆွဲရန်
 
ကုသမှုများတွင် အသည်းခွဲစိတ်ခြင်း၊ အသည်းအစားထိုးခြင်း၊ အကျိတ်အား အပူ/အအေးလှိုင်းများဖြင့်ဖျက်ဆီးခြင်း၊ သွေးကြောဖွင့်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ အင်္ဂါစနစ်ကုထုံး သို့မဟုတ် သင့်တော်သောကုသမှုနည်းလမ်းများ ပေါင်းစပ်ကုသခြင်းတို့ ပါဝင်နိုင်သည်။

 

အသည်းကင်ဆာရောဂါရှာဖွေရေး နှင့် စောင့်ရှောက်ကုသမှုအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။

နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် အစာချေစနစ်ဆိုင်ရာရောဂါဌာန နှင့် Horizon ဒေသဆိုင်ရာ ကင်ဆာရောဂါကုဌာနတို့သည် ရောဂါရှာဖွေရေးနှင့်ကုသရေးဆိုင်ရာ ဓာတ်မှန်အထူးကုဆရာဝန်များ၊ ရောဂါဗေဒဆရာဝန်များ၊ အသည်းနှင့်သည်းခြေလမ်းကြောင်း ခွဲစိတ်ဆရာဝန်များ၊ ဓာတ်ရောင်ခြည်ကင်ဆာအထူးကုများ၊ အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမှုဆိုင်ရာ အထူးကုများ နှင့် ဘမ်ရွန်ဂရက်စက်ရုပ်စနစ်သုံးခွဲစိတ်ဌာန တို့အတူတကွပူးပေါင်းကာ စောင့်ရှောက်ကုသမှုများကိုပေးစွမ်းလျက်ရှိသည်။ 

အဆင့်မြင့်အသည်းပုံရိပ်ဖော်စစ်ဆေးမှုများကို ရောဂါရှာဖွေရေးဆိုင်ရာဓာတ်မှန်ဌာန နှင့် နျူကလီးယားဆေးပညာ ဗဟိုဌာန တွင်ရရှိနိုင်ပြီး အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် ပုံရိပ်ဖော်စနစ်သုံးအသည်းအသားစယူခြင်းတို့ ပါဝင်ပါသည်။ ဤအထူးကုဌာနပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုသည် လူနာတစ်ဦးချင်းစီအတွက် သင့်တော်သောရောဂါရှာဖွေခြင်း နှင့် ကုသမှုအစီအစဉ်ရေးဆွဲရာတွင် အထောက်အကူပြုပါသည်။

Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် အစာချေစနစ်ဆိုင်ရာဆေးပညာတွင် အဆင့် (၁၀) နှင့် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် အဆင့် (၅၈) ရရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ၄င်းအထူးကုဘာသာရပ်နှစ်ခုစလုံးအတွက် အဆင့် (၁) နေရာတွင် ရပ်တည်ခဲ့ပါသည်။ ထို့အပြင် Newsweek ၏ World’s Best Hospitals 2026 စာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကမ္ဘာ့အဆင့် (၉၆) ရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်း (၁၀၀) စာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံ၏တစ်ခုတည်းသောဆေးရုံအဖြစ် ဆက်လက်ရပ်တည်နေပါသည်။

 

​ဆေးဘက်ဆိုင်ရာ ကိုးကားချက်များ

  1. Singal AG, Llovet JM, Yarchoan M, et al. AASLD Practice Guidance on prevention, diagnosis, and treatment of hepatocellular carcinoma. Hepatology. 2023;78(6):1922–1965. https://doi.org/10.1097/HEP.0000000000000466
  2. European Association for the Study of the Liver. EASL Clinical Practice Guidelines on the management of hepatocellular carcinoma. Journal of Hepatology. 2025;82(2):315–374. https://doi.org/10.1016/j.jhep.2024.08.028
  3. Chernyak V, Fowler KJ, Kamaya A, et al. Liver Imaging Reporting and Data System, Version 2018: Imaging of hepatocellular carcinoma in at-risk patients. Radiology. 2018;289(3):816–830. https://doi.org/10.1148/radiol.2018181494
  4. van der Bie J, van Straten M, Booij R, et al. Photon-counting CT: Review of initial clinical results. European Journal of Radiology. 2023;163:110829. https://doi.org/10.1016/j.ejrad.2023.110829
  5. Racine D, Mergen V, Viry A, et al. Photon-Counting Detector CT with Quantum Iterative Reconstruction: Impact on liver lesion detection and radiation dose reduction. Investigative Radiology. 2023;58(4):245–252. https://doi.org/10.1097/RLI.0000000000000925
  6. Graafen D, Stoehr F, Halfmann MC, et al. Quantum iterative reconstruction on a photon-counting detector CT improves the quality of hepatocellular carcinoma imaging. Cancer Imaging. 2023;23:69. https://doi.org/10.1186/s40644-023-00592-5


ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Asst. Prof. Supachaya Sriphoosanaphan, M.D., Ph.D.
အစာအိမ်အူလမ်းကြောင်း နှင့် အသည်းရောဂါအထူးကု
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ



 
For more information please contact:
  • အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန
    Tel. +662 0112168
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Last modify: սեպտեմբերի 03, 2026

Related Packages

Related Health Blogs