သင့်ရင်သားကင်ဆာစစ်ဆေးမှုရလဒ်များကို နားလည်သဘောပေါက်ခြင်း - ER၊ PR နှင့် HER2 အကြောင်းရှင်းလင်းချက်
ရင်သားအသားစစစ်ဆေးမှုပြုလုပ်ပြီးနောက် ကင်ဆာဖြစ်ပွားနေကြောင်းအတည်ပြုပြီးပါက ရောဂါဗေဒဆိုင်ရာအစီရင်ခံစာသည် ကင်ဆာဆဲလ်များနှင့်ပတ်သက်သည့် အရေးကြီးသောအချက်အလက်များကို ဖော်ပြပေးနိုင်သည်။ ထိုအစီရင်ခံစာတွင် သင်တွေ့ရှိရမည့်ရလဒ် ၃ ခုမှာ
ER၊ PR နှင့်
HER2 တို့ဖြစ်ကြသည်။
ဤအတိုကောက်စာလုံးများသည် ကင်ဆာဆဲလ်များ၏ထူးခြားသောလက္ခဏာများကို ဖော်ပြခြင်းဖြစ်ပြီး ဆရာဝန်များအနေဖြင့် ကင်ဆာဆဲလ်များကြီးထွားလာစေရန် မည်သည့်အရာကကူညီပေးနေသည်ကိုနားလည်ရန်နှင့် မည်သည့်ကုသမှုများက ထိရောက်မှုရှိမည်ဆိုသည်ကိုသိရှိနိုင်စေရန် ကူညီပေးပါသည်။
ER၊ PR နှင့် HER2 ရလဒ်များသည် ရင်သားကင်ဆာအဆင့်ကို ဆုံးဖြတ်ပေးခြင်းမဟုတ်ပါ။ ဆရာဝန်များသည် ဤရလဒ်များအပြင် အကျိတ်၏အရွယ်အစား၊ ပြန်ရည်ကျိတ်များပါဝင်နေမှု၊ ကင်ဆာပျံ့နှံ့မှု၊ အကျိတ်၏အဆင့်နှင့် အခြားတွေ့ရှိချက်များကို အတူတကွပေါင်းစပ်၍ စဉ်းစားသုံးသပ်ကြသည်။
အဓိက မှတ်သားရန် အချက်များ
- ER ဆိုသည်မှာ Estrogen ဟော်မုန်းလက်ခံပစ္စည်းဖြစ်ပြီး PR ဆိုသည်မှာ Progesterone ဟော်မုန်းလက်ခံပစ္စည်းကိုဆိုလိုသည်။
- ER နှင့် PR တို့သည် ဟော်မုန်းများက ကင်ဆာဆဲလ်ကြီးထွားရန်ကူညီပေးနေခြင်း ရှိ၊ မရှိကို ဖော်ပြသည်။
- HER2 ဆိုသည်မှာ ဆဲလ်ကြီးထွားမှုလုပ်ငန်းတွင်ပါဝင်သည့် ပရိုတင်းတစ်မျိုးဖြစ်သော Human epidermal growth factor receptor 2 ကိုဆိုလိုသည်။
- ER သို့မဟုတ် PR ရလဒ်ထွက်သောကင်ဆာများသည် ဟော်မုန်းကုထုံးကို တုံ့ပြန်နိုင်စွမ်းရှိနေနိုင်သည်။
- HER2 ရလဒ်ထွက်သောကင်ဆာများသည် HER2 အားပစ်မှတ်ထားကုသသည့်နည်းလမ်းများကို တုံ့ပြန်မှုရှိနိုင်သည်။
- HER2-low နှင့် HER2-ultralow ရလဒ်များသည် ရောဂါအဆင့်မြင့်နေသော ရင်သားကင်ဆာလူနာအချို့အတွက် သင့်တော်သောကုသမှုရွေးချယ်ရာတွင် အကျိုးသက်ရောက်မှုရှိနိုင်သည်။
- ဆရာဝန်များသည် ဤရလဒ်များကို ကင်ဆာအဆင့်၊ ပြင်းအားအဆင့်နှင့် အခြားတွေ့ရှိချက်များကို အတူတကွပေါင်းစပ်၍ အဓိပ္ပါယ်ဖော်ဆိုဆန်းစစ်လေ့ရှိကြသည်။
ER ဆိုတာဘာလဲ။
ER ဆိုသည်မှာ Estrogen ဟော်မုန်းလက်ခံပစ္စည်းကိုဆိုလိုသည်။
အချို့သော ရင်သားကင်ဆာဆဲလ်များတွင် Estrogen ဟော်မုန်းလာရောက်တွယ်ကပ်နိုင်သည့် လက်ခံပစ္စည်းများရှိနေတတ်သည်။ ထိုသို့ဖြစ်ပွားပါက Estrogen ဟော်မုန်းသည် ကင်ဆာဆဲလ်များကြီးထွားလာစေရန် တွန်းအားပေးနိုင်သည်။
၄င်းလက်ခံပစ္စည်းများပါရှိပါက ထိုကင်ဆာကို
ER-positive (ER+) ဟုခေါ်ပြီး မပါရှိပါက
ER-negative (ER−) ဟုဖော်ပြသည်။
သင့်ရလဒ်မှတ်တမ်းတွင် ER-positive ဖြစ်သော ကင်ဆာဆဲလ်များ၏ရာခိုင်နှုန်းကိုလည်း ဖော်ပြထားနိုင်သည်။ လက်ရှိကုသရေးလမ်းညွှန်ချက်များအရ အကျိတ်ဆဲလ်များ၏ အနည်းဆုံး ၁ ရာခိုင်နှုန်းခန့်တွင်ပင် ဆေးစွဲထင်ကျန်မှုရှိပါက ER-positive ဟုသတ်မှတ်သည်။
၁ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်းကြားရလဒ်များကို ER low positive ဟုဖော်ပြသည်။
PR ဆိုတာဘာလဲ။
PR ဆိုသည်မှာ Progesterone ဟော်မုန်းလက်ခံပစ္စည်းကိုဆိုလိုသည်။
Progesterone သည် အချို့သောရင်သားကင်ဆာများ၏ကြီးထွားဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်သည့်ဟော်မုန်းနောက်တစ်မျိုးဖြစ်သည်။
Progesterone လက်ခံပစ္စည်းများကိုတွေ့ရှိရပါက ထိုကင်ဆာကို PR-positive (PR+) ဟု ခေါ်သည်။ မတွေ့ရှိပါက PR-negative (PR−) ဟုခေါ်သည်။
ဆရာဝန်များသည် ER နှင့် PR ရလဒ်တို့ကို တွဲဖက်ကြည့်ရှုလေ့ရှိကြသည်။ ER၊ PR သို့မဟုတ် နှစ်ခုလုံးပါဝင်သည်ဟုထွက်သောကင်ဆာကို ဟော်မုန်းလက်ခံပစ္စည်းပါဝင်မှုရှိခြင်း သို့မဟုတ် HR-positive ဟု ဖော်ပြကြသည်။
ER နှင့် PR ရလဒ်များက အဘယ်ကြောင့်အရေးကြီးသနည်း။
ရင်သားကင်ဆာသည် ဟော်မုန်းလက်ခံပစ္စည်းပါဝင်မှုရှိနေခြင်း သို့မဟုတ် HR-positive ဖြစ်နေပါက Endocrine ကုထုံး သို့မဟုတ် ဟော်မုန်းကုထုံးကိုတုံ့ပြန်မှုရှိနိုင်သည်။
ဤဆေးဝါးများသည် Estrogen ဟော်မုန်း၏ ကင်ဆာဆဲလ်များအပေါ်သက်ရောက်မှုကို တားဆီးပေးခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်းရှိ Estrogen ပမာဏကို လျှော့ချပေးခြင်းဖြစ်သည်။
ကုသမှုအကြံပြုချက်သည် အသက်အရွယ်၊ မီးယပ်သွေးဆုံးချိန်၊ ကင်ဆာအဆင့်နှင့် အကျိတ်၏အခြားထူးခြားသည့်လက္ခဏာများအပေါ်တွင်မူတည်သည်။
HER2 ဆိုတာဘာလဲ။
HER2 ဆိုသည်မှာ Human epidermal growth factor receptor 2 ကို ဆိုလိုပါသည်။
HER2 သည် ဆဲလ်များ၏မျက်နှာပြင်တွင်တွေ့ရှိရသည့် ပရိုတင်းတစ်မျိုးဖြစ်ပြီး ဆဲလ်ကြီးထွားဖွံ့ဖြိုးမှုကိုထိန်းညှိပေးသည်။ အချို့သောရင်သားကင်ဆာများတွင် HER2 ပရိုတင်းပမာဏမှာ မူမမှန်စွာမြင့်မားနေခြင်း သို့မဟုတ် HER2 မျိုးဗီဇအပိုများပါရှိနေတတ်ခြင်းကြောင့် ကင်ဆာဆဲလ်များကြီးထွားလာစေရန် အချက်ပြမှုများကိုပိုမိုအားကောင်းစေနိုင်သည်။
ဤကင်ဆာများကို HER2-positive ဟုခေါ်သည်။
ဤပရိုတင်းအား ပစ်မှတ်ထားဦးတည်တိုက်ဖျက်နိုင်သည့် သီးသန့်ဆေးဝါးများရှိသောကြောင့် HER2 ရလဒ်အခြေအနေကိုသိရှိရန် အလွန်အရေးကြီးပါသည်။ ၄င်းတို့ကို HER2-ဦးတည်ကုထုံးများဟုခေါ်သည်။
HER2 ကို မည်သို့စစ်ဆေးသနည်း။
HER2 ကိုအများအားဖြင့် ကင်ဆာဆဲလ်များပေါ်ရှိ HER2 ပရိုတင်းအား တိုင်းတာပေးနိုင်သည့် Immunohistochemistry သို့မဟုတ် IHC စစ်ဆေးမှုကိုအသုံးပြု၍ စစ်ဆေးကြသည်။
| HER2 ရလဒ် |
ယေဘုယျအားဖြင့်ဆိုလိုသောအဓိပ္ပာယ် |
| IHC 0 |
HER2 ပရိုတင်း လုံးဝမတွေ့ရှိရခြင်း သို့မဟုတ် အလွန်နည်းပါးစွာသာတွေ့ရှိရခြင်း။ |
| IHC 1+ |
HER2 ပရိုတင်းနည်းပါးစွာပြသခြင်း၊ အများအားဖြင့် HER2-negative ဟုသတ်မှတ်လေ့ရှိသည်။ |
| IHC 2+ |
မရေရာသော/မျဉ်းပေါ်ရလဒ်၊ စစ်ဆေးမှုတစ်ခုထပ်မံပြုလုပ်ရန် လိုအပ်လေ့ရှိသည်။ |
| IHC 3+ |
HER2 ပရိုတင်း အများအပြားတွေ့ရှိရသည်။ |
ရလဒ်သည် IHC 2+ ဖြစ်ပါက HER2 မျိုးဗီဇကို ပိုမိုအသေးစိတ်ကြည့်ရှုရန် အခြားစစ်ဆေးမှုတစ်ခုကို ပြုလုပ်လေ့ရှိသည်။ ယင်းကို In situ hybridization (ISH) ဟု ခေါ်သည်။ FISH (Fluorescence in situ hybridization) နှင့် DISH (Dual in situ hybridization) အပါအဝင် မတူညီသော ISH အမျိုးအစားများကို အသုံးပြုနိုင်သည်။ နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် DISH စစ်ဆေးမှုကိုအသုံးပြုပါသည်။
ဤစစ်ဆေးမှုများသည် HER2 မျိုးဗီဇတွင် ဗီဇပုံတူအပိုများပါဝင်မှုရှိမရှိ ပြသပေးပြီး ကင်ဆာသည် HER2-positive ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင်ကူညီပေးနိုင်သည်။
HER2-low နှင့် HER2-ultralow ရင်သားကင်ဆာဆိုတာဘာလဲ။
ရင်သားကင်ဆာကို HER2-positive သို့မဟုတ် HER2-negative ဟုခွဲခြားပြောဆိုခြင်းမရှိတော့ပါ။ ယခုအခါတွင် HER2-low နှင့် HER2-ultralow ဆိုသည့် ဝေါဟာရများကိုပါ ကြားသိရနိုင်ပါသည်။
ဤကင်ဆာများသည် HER2-positive ရင်သားကင်ဆာနှင့်မတူညီပါ။ ၎င်းတို့၏ကင်ဆာဆဲလ်များတွင် HER2 ပမာဏ ပိုမိုနည်းပါးစွာပါရှိတတ်ကြသည်။
HER2-low တွင် အများအားဖြင့် IHC ရလဒ် 1+ ရှိသောကင်ဆာများ သို့မဟုတ် ISH စစ်ဆေးမှုအဖြေမထွက်သော IHC 2+ ကင်ဆာများပါဝင်သည်။
HER2-ultralow ဆိုသည်မှာ IHC 0 ဟု ဖော်ပြထားသော်လည်း အလွန်မှေးမှိန်သော HER2 ဆေးစွဲထင်မှုကိုတွေ့ရှိနိုင်ဆဲဖြစ်သည့် အချို့သောကင်ဆာများကို ရည်ညွှန်းပါသည်။
ဤအမျိုးအစားခွဲခြားမှုများ အရေးပါလာသည့်အကြောင်းရင်းမှာ ဆေးဝါးအသစ်များသည် HER2 ပမာဏအနည်းငယ်မျှကိုပင် ပစ်မှတ်ထားတိုက်ဖျက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ရောဂါအဆင့်မြင့်နေသော HER2-low သို့မဟုတ် HER2-ultralow ရင်သားကင်ဆာလူနာအချို့အတွက် ထပ်ဆောင်းကုသမှုနည်းလမ်းများကို ရွေးချယ်နိုင်မည့်အခွင့်အရေးများရရှိနိင်ပါသည်။
သင့်ကင်ဆာအထူးကုဆရာဝန်မှ ဤရလဒ်များနှင့် ဟော်မုန်းလက်ခံပစ္စည်းအခြေအနေ၊ ကင်ဆာအဆင့်၊ ယခင်ကုသမှုအခြေအနေများအားလုံးကို အဓိပ္ပါယ်ဖော်ကာဆွေးနွေးပေးမည်ဖြစ်သည်။
ER၊ PR နှင့် HER2 ရလဒ်များ အားလုံးပေါင်းစပ်လိုက်လျှင် မည်သို့အဓိပ္ပါယ်သက်ရောက်မှုရှိသနည်း။
ဆရာဝန်များသည် ဤရလဒ် ၃ ခုစလုံးကို ပေါင်းစပ်ကြည့်ရှုကြသည်။ အကြောင်းမှာ ၎င်းတို့၏ပေါင်းစပ်မှုသည် ကင်ဆာ၏ ဇီဝဗေဒသဘာဝကိုရှင်းပြပေးနိုင်ပြီး သင့်တော်သောကုသမှုကို လမ်းညွှန်ပေးနိုင်သောကြောင့်ဖြစ်သည်။
| စစ်ဆေးမှုရလဒ် |
ရလဒ်၏အဓိပ္ပာယ် |
| ER နှင့်/သို့မဟုတ် PR Positive, HER2 Negative |
ဟော်မုန်းကုထုံးသည် အဓိကအရေးပါသောကုသမှုဖြစ်နိုင်သည်။ |
| EER နှင့်/သို့မဟုတ် PR Positive, HER2 Positive |
ဟော်မုန်းကုထုံး နှင့် HER2-ပစ်မှတ်ထားကုထုံး နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားနိုင်သည်။ |
| ER နှင့် PR Negative, HER2 Positive |
HER2-ပစ်မှတ်ထားကုထုံးသည် အဓိကအရေးပါသောကုသမှုဖြစ်နိုင်သည်။ |
| ER Negative, PR Negative နှင့် HER2 Negativee |
Triple-Negative ရင်သားကင်ဆာဟုခေါ်သည်။ ကင်ဆာဆဲလ်များပေါ်တွင် ER၊ PR နှင့် HER2 ပရိုတင်းများမပါရှိသည့်အတွက် ယေဘုယျအားဖြင့် ဟော်မုန်းကုထုံးနှင့် HER2-ပစ်မှတ်ထားဆေးဝါးများကို အသုံးပြု၍မရပါ။ သို့သော်ကင်ဆာအဆင့်၊ ဇီဝအမှတ်အသားများ နှင့် မျိုးရိုးဗီဇစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး ဆေးသွင်းကုထုံး၊ ကိုယ်ခံအားကုထုံး သို့မဟုတ် အခြားပစ်မှတ်ထားဆေးဝါးများကို အသုံးပြု၍ကုသနိုင်ပါသည်။ |
ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ ရင်သားကင်ဆာစောင့်ရှောက်ကုသမှု
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးတွင်
- ရင်သားရောဂါဌာနသည် Horizon ဒေသဆိုင်ရာကင်ဆာဌာန၊ ရောဂါဗေဒဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်များ၊ အခြားအထူးကုဆရာဝန်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိပါသည်။
- ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ဓာတ်ခွဲခန်းသည် ၂၀၁၆ ခုနှစ်မှစတင်၍ College of American Pathologists (CAP) ၏ အသိအမှတ်ပြုလက်မှတ်ကိုလက်ခံရရှိခဲ့ပါသည်။ CAP အသိအမှတ်ပြုခံရခြင်းသည် ဓာတ်ခွဲခန်း အရည်အသွေး၊ တိကျသေချာမှုနှင့် စွမ်းဆောင်ရည်တို့တွင်ထားရှိသော တင်းကျပ်သည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်းကိုဖော်ပြနေသည်။
- ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ဓာတ်ခွဲခန်းစွမ်းဆောင်ရည်များတွင် DNA အစီအစဉ်စစ်ဆေးခြင်း ကဲ့သို့သော ခက်ခဲရှုပ်ထွေးသည့်စစ်ဆေးမှုများပါဝင်သည်။
- ER၊ PR နှင့် HER2 ရလဒ်များကို ကုသရေးအစီအစဉ်လမ်းညွှန်ရန်အတွက် ကင်ဆာ၏အဆင့်၊ ပြင်းအားအဆင့်နှင့် အခြားတွေ့ရှိချက်များအားလုံးနှင့်အတူ ပေါင်းစပ်စဉ်းစားသည်။
- ကုသမှုတွင် ဟော်မုန်းကုထုံး၊ ပစ်မှတ်ထားကုထုံး၊ ဆေးသွင်းကုထုံး၊ ခွဲစိတ်ကုသမှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများ ပါဝင်နိုင်သည်။
- ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ရင်သားကင်ဆာကုသရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် JCI မှပေးအပ်သော Clinical Care Program Certification အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့သည်။
- Newsweek နှင့် Statista တို့မှပေးအပ်သော ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်ဒေသ၏အကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံ၌ အဆင့် ၁ နှင့် အာရှပစိဖိတ်ဒေသတွင်းကင်ဆာကုသရေးကဏ္ဍတွင် အဆင့် ၅၈ ရရှိခဲ့သည်။
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
ER-positive ဖြစ်ခြင်းက Estrogen ဟော်မုန်းကြောင့် ရင်သားကင်ဆာဖြစ်ရတယ်လို့ဆိုလိုတာလား။
မဟုတ်ပါ။ ER-positive ဖြစ်ခြင်းသည် ကင်ဆာဆဲလ်များတွင် Estrogen ဟော်မုန်းလက်ခံပစ္စည်းများရှိနေပြီး ဆဲလ်များကြီးထွားရန် Estrogen ဟော်မုန်းကို အချက်ပြမှုအဖြစ်အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအချက်သည် Estrogen ဟော်မုန်းတစ်ခုတည်းဖြင့် ကင်ဆာဖြစ်သည်ဟု မဆိုလိုပါ။
HER2-positive ရင်သားကင်ဆာက ရောဂါအခြေအနေပိုမိုဆိုးရွားပါသလား။
HER2-positive ကင်ဆာများသည် အခြားရင်သားကင်ဆာအချို့ထက် ပိုမိုဆိုးရွားပြင်းထန်စွာ ကြီးထွားနိုင်သည်။ သို့သော်လည်း HER2-ပစ်မှတ်ထားဆေးဝါးများက ကုသမှုရလဒ်ကိုသိသိသာသာပြောင်းလဲပေးနိုင်ခဲ့သည်။ ရှေ့ဆက်အလားအလာသည် ကင်ဆာအဆင့်၊ အခြားအကျိတ်၏ထူးခြားချက်လက္ခဏာများနှင့် ကုထုံးအပေါ်မည်မျှကောင်းမွန်စွာတုံ့ပြန်မှုရှိသည် စသည့်အချက်များအပေါ်တွင်မူတည်သည်။
Triple-negative ရင်သားကင်ဆာဆိုတာဘာလဲ။
Triple-negative ရင်သားကင်ဆာဆိုသည်မှာ ER၊ PR နှင် HER2 ဟော်မုန်းလက်ခံပစ္စည်း သုံးခုစလုံးမပါရှိသည့်ကင်ဆာကိုဆိုလိုသည်။
၄င်းမှာ ဟော်မုန်းကုထုံးများ၊ သမားရိုးကျ HER2-ပစ်မှတ်ထားဆေးဝါးများနှင့် ကုသခြင်းသည် ယေဘုယျအားဖြင့် ထိရောက်မှုမရှိနိုင်ဟုဆိုလိုသော်လည်း Triple-negative သည် ကုသ၍မရနိုင်သောအခြေအနေဟု ဆိုလိုခြင်းလုံးဝမဟုတ်ပါ။ ဆေးသွင်းကုထုံး၊ ကိုယ်ခံအားကုထုံး နှင့် အချို့သောပစ်မှတ်ထားဆေးဝါးများသည် အစားထိုးရွေးချယ်စရာကုသမှုများအဖြစ် ရှိနေနိုင်ပါသည်။
ER၊ PR သို့မဟုတ် HER2 ရလဒ်များ ပြောင်းလဲသွားနိုင်သောအခြေအနေ ရှိသလား။
ပြောင်းလဲနိုင်သည်။ ရင်သားကင်ဆာပြန်လည်ဖြစ်ပွားလာပါက သို့မဟုတ် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသို့ပျံ့နှံ့သွားပါက ဤအမှတ်အသားများမှာ တစ်ခါတစ်ရံပြောင်းလဲသွားနိုင်ပါသည်။ ထို့ကြောင့် ရလဒ်များသည်ကုသမှုအပေါ်သက်ရောက်မှုရှိနိုင်သည့်အခါ ဆရာဝန်များက အသားစစစ်ဆေးခြင်း နှင့် စစ်ဆေးမှုများကိုထပ်မံပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
ER၊ PR နှင့် HER2 တို့အကြောင်းကိုနားလည်ခြင်းက ရှုပ်ထွေးသောရောဂါဗေဒဆိုင်ရာဆေးစစ်ချက်ကို အဓိပ္ပါယ်ဖော်ရလွယ်ကူစေသည်။ ဤရလဒ်များသည် အကြောင်းအရာအစအဆုံးကို မပြောပြနိုင်သော်လည်း ကင်ဆာ၏သဘောသဘာဝနှင့် မည်သည့်ကုသမှုများကအကောင်းဆုံးဖြစ်နိုင်မည်ဆိုသည့် အရေးကြီးသောအရိပ်အမြွက်များကို ပေးစွမ်းနိုင်ပါသည်။
ဆေးပညာဆိုင်ရာကိုးကားချက်များ
- Allison KH, Hammond MEH, Dowsett M, et al. Estrogen and Progesterone Receptor Testing in Breast Cancer: ASCO/CAP Guideline Update. Journal of Clinical Oncology. 2020;38(12):1346–1366.
- Wolff AC, Somerfield MR, Dowsett M, et al. Human Epidermal Growth Factor Receptor 2 Testing in Breast Cancer: ASCO–College of American Pathologists Guideline Update. Journal of Clinical Oncology. 2023;41(22):3867–3872.
- National Cancer Institute. Breast Cancer Biomarkers: Hormone Receptors, HER2, and Others.
- Modi S, Jacot W, Yamashita T, et al. Trastuzumab Deruxtecan in Previously Treated HER2-Low Advanced Breast Cancer. New England Journal of Medicine. 2022;387(1):9–20.
- Bardia A, Hu X, Dent R, et al. Trastuzumab Deruxtecan after Endocrine Therapy in Metastatic Breast Cancer. New England Journal of Medicine. 2024;391(22):2110–2122.
- U.S. Food and Drug Administration. FDA Approves Fam-Trastuzumab Deruxtecan-nxki for Unresectable or Metastatic HR-Positive, HER2-Low or HER2-Ultralow Breast Cancer. 2025.
- College of American Pathologists. Laboratory Accreditation Program.
Medically reviewed by:
Piyawan Kensakoo, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန်
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ။
For more information please contact:
Last modify: հոկտեմբերի 30, 2026