bih.button.backtotop.text

အစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်ခြင်း (အစာအိမ် မှန်ပြောင်းကြည့်ခြင်း)

 တွင်းကြည့်မှန်ပြောင်း ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများကို ကြည့်ရန်အတွက် အထူးနည်းပညာဖြစ်သည်။ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းသည် အစာခြေအင်္ဂါအဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ်ပြီး အစာအိမ်အတွင်းသို့ဆင်းသက်ဝင်ရောက်သွားသော အစာရေမျိုပြွှန်၊ အူသိမ်၏အစပိုင်းနှင့်ဆက်နေသည့် အစာအိမ်တို့ပါဝင်သည်။ အစာရေမျိုပြွှန်သည် အစားအစာများကို ပါးစပ်မှတဆင့် အစာအိမ်နှင့်အူသိမ်ပထမပိုင်းတို့ထံသို့ အစာခြေဖျက်ရန် ပို့ဆောင်ပေးသည်။ ထိုအင်္ဂါများအား ကြည့်ရှုစစ်ဆေးခြင်းကို အစာအိမ်မှန်ပြောင်းကြည့်ခြင်းဟုခေါ်သည်။

Overview

အစာအိမ်မှန်ပြောင်းကြည့်ခြင်းကို အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုမှ ပြုလုပ်ပါသည်။ ထိုအထူးကုမှာ အစာခြေအင်္ဂါအဖွဲ့အစည်းအပေါ်ပိုင်းရှိပြဿနာများအတွက် ရောဂါရှာဖွေရန်နှင့် အချို့လူနာများတွင်ကုသရန် မှန်ပြောင်းကိုအသုံးပြုသော ကျွမ်းကျင်စွာလေ့ကျင့်ထားသည့် အထူးကုတစ်ဦးဖြစ်ပါသည်။

အတွင်းကြည့်မှန်ပြောင်းသည် သေးငယ်ရှည်လျား၍ ပျော့ပြောင်းသောပိုက်ဖြစ်ကာ အဆုံးတွင် ဗွီဒီယိုကင်မရာနှင့်မီး ပါရှိပါသည်။ မှန်ပြောင်းအားလိုသလိုထိန်းချုပ်ကာ အစာခြေအင်္ဂါအဖွဲ့အစည်းအပေါ်ပိုင်း၏ အတွင်းနံရံများကို မှန်ပြောင်းဖြင့် သေချာစွာ စမ်းသပ်ကြည့်ရှုနိုင်ပါသည်။

အစာအိမ်ကြည့်မှန်ပြောင်းမှရိုက်ကူးသော အရည်အသွေးမြင့်ပုံရိပ်များအား တီဗွီဖန်သားပြင်ပေါ်တွင်ပြသပါမည်။ ကြည်လင်ပြတ်သားသော အသေးစိတ်ပုံရိပ်များကို တွေ့မြင်နိုင်ပါသည်။ လူနာတော်တော်များများတွင် အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်ခြင်းသည် ဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုတိကျသော စစ်ဆေးမှုဖြစ်သည်။

ယခုမှန်ပြောင်းကြည့်ခြင်းအကြောင်းနှင့် မကြည့်ခင်ပြင်ဆင်ရန်ညွှန်ကြားချက်များအား အသေးစိတ်သိလိုပါက ဤဗွီဒီယိုတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

အစာအိမ်မှန်ပြောင်းကြည့်နေစဉ် အရာအားလုံးကို အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိအောင် ဆောင်ရွက်ပေးသွားပါမည်။ သင့်သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် သွေးထဲရှိအောက်စီဂျင်ပမာဏကို သေချာစွာစောင့်ကြည့်စစ်ဆေးနေပါမည်။ သင့်ဆရာဝန်သည် သင့်အားအိပ်ဆေးပေးပါမည်။ ထိုဆေးသည် သင့်အားသက်တောင့်သက်တာဖြစ်စေပြီး ငိုက်မျဉ်းစေပါသည်။ သို့သော် သင်သည်နိုးနေပြီး အသိရှိနေပါလိမ့်မည်။

သင့်လည်ချောင်းထဲသို့ မှန်ပြောင်းထည့်သည့်အခါတွင် သက်တောင့်သက်သာရှိနေစေရန်အတွက် ထုံဆေးရည်ကို ဖြန်းကောင်းဖြန်းပါလိမ့်မည် သို့မဟုတ် ထုံဆေးဖြင့် ပလုတ်ကျင်းခိုင်းပါလိမ့်မည်။ မှန်ပြောင်းထည့်နေစဉ် သင့်ပါးစပ်အား ပွင့်နေစေရန် အထောက်အကူကိရိယာတစ်ခု တပ်ဆင်ပေးထားပါမည်။ သင့်ကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးသည်နှင့် ဆရာဝန်သည် ညင်သာစွာမှန်ပြောင်းထည့်ပါလိမ့်မည်။

မှန်ပြောင်းကို သေချာဂရုစိုက်၍ ဖြည်းညင်းစွာထည့်သွင်းသည်နှင့်တစ်ပြိုင်နက် ပိုမိုထင်ရှားစွာမြင်နိုင်စေရန် လေကိုထည့်သွင်းပါမည်။ ကြည့်ရှုစစ်ဆေးနေစဉ်တွင် နာကျင်မှုရှိမည်မဟုတ်ဘဲ အသက်ရှူခြင်းကိုလည်း အနှောက်အယှက်မပေးပါ။

သင့်ဆရာဝန်သည် ဆန်းစစ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ သို့မဟုတ် ကုသမှုလိုအပ်နိုင်လောက်သည့် ပြဿနာများကို အနီးကပ်ကြည့်ရှုနိုင်ရန် မှန်ပြောင်းကိုအသုံးပြုပါမည်။

အချို့သောလူနာများတွင် နောက်ပိုင်း အဏုကြည့်မှန်ပြောင်းအောက်တွင် ဓာတ်ခွဲစစ်ဆေးရေးအတွက် အသားစနမူနာယူရန်လိုအပ်နိုင်ပါသည်။ ၎င်းသည်လည်း နာကျင်မှုမရှိပါ။ အခြားသောလူနာများတွင် မှန်ပြောင်းဖြင့် အနာကြောင့်သွေးထွက်ခြင်းစသည့် ပြဿနာများကို ကုသနိုင်ပါသည်။

သင့်ကို မှန်ပြောင်းဖြင့်ကြည့်ရှုကုသပြီးနောက် အိပ်ဆေးပြယ်သည်အထိ သင့်အားစောင့်ကြည့်သည့်နေရာတွင် ဂရုစိုက်စောင့်ရှောက်ထားပါလိမ့်မည်။

ဆရာဝန်သည် သင့်အား အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း မှန်ပြောင်းကြည့်ထားသည့်အဖြေကို ပြောပြကာ သင်ထပ်မံသိရှိရန်လိုအပ်သည့် အချက်အလက်များကိုလည်း ပြောပြပါလိမ့်မည်။

သင်အစာအိမ်မှန်ပြောင်းကြည့်ပြီးသည်နှင့် မည်သည့်အချိန်တွင် အစာပြန်လည်စားသောက်နိုင်သည်နှင့် သာမန်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်နိုင်သည်ကို ညွှန်ကြားပါလိမ့်မည်။

သင်အိမ်ပြန်ရန် အဆင်သင့်ဖြစ်သောအခါတွင် ပိုမိုအားရှိလာပြီး ပိုမိုနိုးကြားလာပါလိမ့်မည်။ သို့သော်လည်း အဆိုပါနေ့အတွက် ကျန်ရှိသည့်အချိန်တွင်တော့ သင်အနားယူရပါလိမ့်မည်။ ဆိုလိုသည်မှာ မည်သည့်ယာဉ်မျှ မောင်းနှင်ခြင်းမပြုရပါ။ မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ယောက်ယောက်မှ သင့်အားအိမ်သို့ပို့ဆောင်ရပါမည်။

အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် အစားအစာမျိုချရန်ခက်ခဲခြင်း (သို့) မျိုချသည့်အခါ နာကျင်ခြင်း၊ အစာအိမ် (သို့) ဗိုက်နာခြင်း၊ အစာအိမ်သွေးယိုခြင်း၊ အနာဖြစ်ခြင်းနှင့် အကျိတ်အလုံးများရှိခြင်း စသည့်ရောဂါအမျိုးမျိုးကို ရှာဖွေဆန်းစစ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
 

အစာအိမ်မှန်ပြောင်းကြည့်ခြင်းသည် ဘေးကင်းစိတ်ချရသော စစ်ဆေးမှုအဖြစ် နှစ်ပေါင်းများစွာရှိခဲ့သော အတွေ့အကြုံများဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။ များသောအားဖြင့် ဤစစ်ဆေးမှုသည် ၁၅ မိနစ်မှ ၂၀ မိနစ်သာ ကြာမြင့်ပါသည်။ နောက်ဆက်တွဲပြဿနာများ ရှားပါးစွာဖြစ်ပေါ်နိုင်သည်။ ၎င်းတို့တွင် အူနံရံပေါက်ပြဲခြင်း ပါဝင်သည်။ ထိုအခါတွင် သွေးသွင်းရန်လိုအပ်နိုင်သည်။

တစ်ခါတစ်ရံတွင် ပြဿနာအသေးအဖွဲများဖြစ်ပေါ်နိုင်သည်။ ဥပမာ လည်ချောင်းနာခြင်း၊ လေပွခြင်း (သို့) ဗိုက်ရစ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုလက္ခဏာများသည် ၂၄ နာရီအတွင်း ပျောက်ကင်းနိုင်ပါသည်။

မှန်ပြောင်းကြည့်ရန်အတွက် အိပ်ဆေးအသုံးပြုရသဖြင့် ဆေးနှင့်ဓာတ်မတည့်ခြင်း နှင့်/သို့မဟုတ် ဆေး၏ ဘေးထွက်ဆိုးကြိုးများစသည့် ဆေးနှင့်ပတ်သက်သော အန္တရာယ်များရှိနိုင်သည်။ ထိုးထွင်းဝင်ရောက်သော စစ်ဆေးမှုဖြစ်သည့်အတွက် ရောဂါပိုးဝင်နိုင်သည့် အန္တရာယ်လည်းရှိနိုင်သည်။

ဖော်ပြပါ နောက်ဆက်တွဲပြဿနာများသည် ဖြစ်နိုင်ခြေနည်းပါးပါသည်။ သင်သိရှိလိုသည်များကို ဆရာဝန်နှင့် အသေးစိတ်သေချာစွာ ဆွေးနွေးပါ။
 

အထူးကုများနှင့်ဆေးစစ်ပြီးနောက် မှန်ပြောင်းကြည့်ရန် သင့်တော်သည့်လူနာများ ပြုလုပ်နိုင်ပါသည်။
အစာအိမ်မှန်ပြောင်းကြည့်ခြင်းအစား အခြားအစားထိုးစစ်ဆေးမှုများကို ဆရာဝန်မှ ဆွေးနွေးပေးပါလိမ့်မည်။
 
 

Related conditions

Doctors Related

Related Centers

Related Packages

Rating score 9.38 of 10, based on 13 vote(s)

Related Health Blogs