bih.button.backtotop.text

ခါးနှင့်လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်းအတွက် အတွင်းကြည့်မှန်ပြောင်းဖြင့်ရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်း (Endoscopic Discectomy for Lumbar and Cervical Disc Herniation)

.

ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်းဆိုသည်မှာဘာလဲ။

ရိုးဆက်ချပ်ပြားဝိုင်း (အရိုးဆစ်နှစ်ခုကြားရှိချပ်ပြားဝိုင်း) သည် ကားများရှိရှော့ဘားကဲ့သို့ဖြစ်ပြီး ကျောရိုး၏လှုပ်ရှားမှုကို ကူညီပေးသည်။ ချပ်ပြားဝိုင်းအပြင်ဘက်သည် ထူသောအရွတ်များဖြင့်ဖွဲ့စည်းထားပြီး အတွင်းပိုင်းသည် ဂျယ်လီကဲ့သို့ပျော့ပြောင်းသောအရာများဖြင့်ဖွဲ့စည်းထားကာ ကျလာသောအားကို စုပ်ယူပါသည်။ အလေးချိန်သက်ရောက်သောအခါ ချပ်ပြားဝိုင်းမှာပြန့်ကားသွားပြီး အလေးချိန်မရှိတော့သည့်အခါ ပုံမှန်အရွယ်ပြန်ဖြစ်သွားပါသည်။

ရိုးဆက်ချပ်ပြားဝိုင်းပျက်စီးလာသောအခါ ၎င်း၏ပျော့ပြောင်းမှုနည်းလာသည်။ အပြင်ဘက်ပိုင်းစုတ်ပြဲလာလျှင် ပျော့သောအလယ်ပိုင်းသည် အပြင်သို့ကျွံထွက်လာပြီး ဘေးရှိအာရုံကြောကို သွားဖိပါသည်။ ထိုအခါ ရောဂါလက္ခဏာများပြလာတော့သည်။

အာရုံကြောဖိမိခြင်းကြောင့် ရောဂါလက္ခဏာ (၃) ခုဖြစ်တတ်သည်။ ယင်းတို့မှာ နာခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် ထုံကျင်ခြင်းတို့ဖြစ်သည်။

နာခြင်း

အာရုံကြောဖိမိခြင်းကြောင့် လက်နှင့်ခြေထောက်တို့တွင် နာကျင်မည်။ ကိုက်သလိုမျိုးခံစားရပြီး အဆိုပါအာရုံကြောသွားသည့်တစ်လျှောက် ခံစားရမည်။ အဖိခံရသည့်အာရုံကြောအပေါ်မူတည်ပြီး နာကျင်မှုကလည်း အဆိုပါအာရုံကြောနှင့်သက်ဆိုင်သောနေရာများတွင် ဖြစ်ပေါ်သည်။

ကြွက်သားအားနည်းခြင်း

ကျောရိုးရှိအာရုံကြောများသည် ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သည်။ အဆိုပါအာရုံကြောများအားဖိမိပါက အာရုံကြောမှ ကြွက်သားတစ်လျှောက် လျှပ်စစ်အချက်ပြခြင်းဖြစ်စဉ် အနှောက်အယှက်ဖြစ်ပြီး ကြွက်သားများ အားနည်းလာမည်။

ထုံကျင်ခြင်း

အာရုံကြောများကိုဖိမိပါက အဆိုပါအာရုံကြောနှင့်ဆက်နွယ်နေသည့် အရေပြားမျက်နှာပြင်တွင် ခံစားမှုအာရုံမရှိခြင်း ဖြစ်တတ်သည်။


လူအများသိကြသည်မှာ ကျောရိုးပြဿနာရှိလျှင် ခါးနာမည်ဆိုသည်လောက်ပင်ဖြစ်သည်။ အမှန်မှာ ခြေလက်တို့တွင်ဖြစ်သော လက္ခဏာများသည် ပိုမိုအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ခြေလက်တို့တွင်ဖြစ်သော လက္ခဏာများသည် အာရုံကြောထိခိုက်နေခြင်းကို ပြဆိုသောကြောင့် ဖြစ်သည်။


ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်း၏လက္ခဏာများသည် ကျောရိုးတိုင်အတွင်းပေါက်ကျဉ်းခြင်း၏ လက္ခဏာများနှင့်ဆင်တူပါသည်။ ရောဂါနှစ်ခုလုံးတွင် အာရုံကြောများဖိမိခြင်းကြောင့်ဖြစ်ပါသည်။ မတူသည်မှာ ချပ်ပြားဝိုင်းကျွံခြင်းတွင် နာကျင်မှုသည် ရုတ်တရက်ဖြစ်ကာ အာရုံကြောဘေးတွင် ရောင်ရမ်းမှုဖြစ်သဖြင့် ပိုနာတတ်ပါသည်။ အလွန်နာသောလူနာများသည် နေ့စဉ်လုပ်နေကျအလုပ်များကိုပင် မလုပ်နိုင်တော့ပါ။

အလွန်နာကျင်ပါက ခွဲစိတ်မှဖြစ်မည်ဟုအမြဲမဆိုနိုင်ပါ။ ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်းကို မခွဲစိတ်ရဘဲ ကုသနိုင်လေ့ရှိပါသည်။ ခွဲစိတ်ဆရာဝန်အနေဖြင့် အသင့်တော်ဆုံးကုသမှုနည်းလမ်းကိုရွေးချယ်ရန် အာရုံကြောများ၏လုပ်ဆောင်ချက်များကို အသေးစိတ်ဆန်းစစ်ပါလိမ့်မည်။

ကုသမှုသည် ဆေးဝါးဖြင့်စလေ့ရှိပြီး ပုံမှန်ကာယလေ့ကျင့်ခန်းပါဝင်ပါသည်။ အကယ်၍ မသက်သာပါက နောက်တဆင့်မှာ ကျာရိုးတွင်းစတီးရွိုက်ဆေးထိုးခြင်း ဖြစ်ပါသည်။ အဆိုပါဆေးသည် ပြဿနာဖြစ်နေသည့်နေရာတွင် အရောင်လျော့စေပြီး လူနာအား အမြန်ပြန်ကောင်းစေပါသည်။

အထက်ပါကုသနည်းများတစ်ခုမှမအောင်မြင်ပါက သို့မဟုတ် လူနာသည် ခွဲမှဖြစ်မည့်လူနာဖြစ်ပါက၊ ကြွက်သားအားနည်းခြင်းများရှိပါက၊ ၃ လထက်မကနာတာရှည်နာကျင်မှုဖြစ်နေပါက၊ သို့မဟုတ် ဆီး၊ ဝမ်းမထိန်းနိုင်တော့ပါက နောက်ဆုံးကုသနည်းအဖြစ် ဆရာဝန်သည် ပိနေသည့်အာရုံကြောကိုကုသရန် ခွဲစိတ်နည်းကိုအကြံပေးပါမည်။

ရှေးရိုးခွဲစိတ်နည်းတွင် ခွဲစိတ်ဆရာဝန်သည် အဏုကြည့်မှန်ပြောင်းသုံးကာ အာရုံကြောကိုဖိနေသော ရိုးဆက်ချပ်ပြားဝိုင်း သို့မဟုတ် ပိုနေသောအရိုးအစိတ်အပိုင်းကို မြင်ပြီးဖယ်ထုတ်နိုင်ရန် တစ်သျှူးအကောင်းများကို ဖြတ်တောက်ရပါသည်။ တစ်ခါတစ်ရံ ခွဲစိတ်မှုတွင် မြင်ကွင်းပိုကောင်းစေရေးအတွက် ခွဲကြောင်းရာကို ချဲ့ဖို့လိုအပ်ပါသည်။

အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်သည် ၈ မီလီမီတာခန့်ရှိသော ခွဲကြောင်းမှတဆင့် အတွင်းကြည့်မှန်ပြောင်းကိုထည့်ပါသည်။ အတွင်းကြည့်မှန်ပြောင်းထိပ်ရှိ မှန်ဘီလူးသည် လူ့ခန္ဓာကိုယ်တွင်းတွင် ခွဲစိတ်ဆရာဝန်၏ မျက်စိနှင့်တူပါသည်။ ထိုမှန်ဘီလူးက ပျက်စီးနေသောအပိုင်းများကို ပိုမိုရှင်းလင်းတိကျစွာ မြင်စေနိုင်ပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်သည် အကောင်းအတိုင်းရှိနေသော ပတ်ဝန်းကျင်မှ ကြွက်သားနှင့်တစ်သျှူးများကိုမထိဘဲ ပြဿနာရှိသောနေရာကိုသာ ခွဲထုတ်ပါသည်။

အတွင်းကြည့်မှန်ပြောင်းသည် ခွဲစိတ်ကိရိယာတစ်ခုဖြစ်ပြီး ကင်မရာတပ်ဆင်ထားကာ “သင့်လက်ချောင်းထိပ်ထက် ပိုသေးငယ်ပါသည်။” အတွင်းကြည့်မှန်ပြောင်းသည် ပိုက်ငယ်လေးသဖွယ်ဖြစ်ပြီး လုံးပတ်မှာ ၈ မီလီမီတာသာရှိပြီး ထိပ်တွင် မှန်ဘီလူးပါရှိပါသည်။ မှန်ဘီလူးအား ဘေးဘက်ရှိအင်္ဂါများကို ပိုမိုမြင်နိုင်ရန် အနည်းငယ်စောင်းထားပါသည်။ ထို့အပြင် အတွင်းကြည့်မှန်ပြောင်းတွင် ဖိုက်ဘာအော့ပ်တစ် အလင်းမျှင်များပါသဖြင့် မြင်ကွင်းပိုကောင်းပြီး သေးငယ်သောရေပိုက်ကလေးလည်း ပါရှိပါသည်။ ခွဲစိတ်ကိရိယာအားလုံးသည် ဤပိုက်ငယ်လေးတွင်းမှဖြတ်သန်းရသဖြင့် ခွဲကြောင်းရာသည်လည်း ၈ မီလီမီတာသာလိုပါသည်။

အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း၏ အကျိုးကျေးဇူးများ
  • ခွဲစိတ်ရာသေးငယ်ခြင်း
  • ခွဲစိတ်မှုကြောင့် နာကျင်ခြင်းအနည်းငယ်သာရှိခြင်း
  • ပိုးဝင်နိုင်ခြေနည်းခြင်း
  • ခွဲစိတ်သည့်နေရာတွင် ဘေးရှိတစ်သျှူးအကောင်းများအား ထိခိုက်မှုနည်းခြင်း
  • နာလန်ထမြန်ခြင်း - ၂၄ နာရီအတွင်းဆေးရုံဆင်းနိုင်ခြင်း
  • စရိတ်သက်သာခြင်း

 

လူနာအားမေ့ဆေးပေးပြီးသောအခါ ခွဲစိတ်ဆရာဝန်သည် ၈ မီလီမီတာခန့်ရှိခွဲကြောင်းလေးမှတဆင့် အတွင်းကြည့်မှန်ပြောင်းအား ပိနေသောအာရုံကြောများရှိရာသို့ ဘေးမှတစ်သျှူးအကောင်းများအား မပျက်စီးစေဘဲ တိုက်ရိုက်ထည့်သွင်းပါမည်။ အတွင်းကြည့်မှန်ပြောင်းမှတဆင့် ဆရာဝန်သည် အာရုံကြောများအား ကောင်းစွာမြင်ရပြီး ဖိနေသည့်အရာမှာ ဖောင်းလာသောရိုးဆက်ချပ်ပြားဝိုင်းဖြစ်စေ၊ ပျက်စီးနေသော အဆစ်၊ အရွတ်များကြောင့်ဖြစ်စေ အာရုံကြောအား ဖိနေသောအပိုင်းကိုသာဖယ်ရှားပါမည်။ ခွဲစိတ်မှုတစ်ခုလုံးသည် မိနစ် ၃၀ မှ ၄၅ မိနစ်သာကြာပါသည်။ ခွဲပြီးပြီးခြင်း လူနာသည် လမ်းလျှောက်နိုင်ပါသည်။

 

အတွင်းကြည့်မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်ကုသခြင်းလိုအပ်သည့် အခြေအနေများ

ယေဘုယျအားဖြင့် အခြားကုသနည်းများဖြင့်မအောင်မြင်သူများ၊ နာတာရှည်နာကျင်မှုခံစားနေရသူများ၊ ခြေထောက်သိသိသာသာအားနည်းနေသူများနှင့် ဆီး၊ ဝမ်းမထိန်းနိုင်သူများဖြစ်သည်။

ဘမ်ရွန်ဂရက်ရှိ ကျောရိုးဆစ်ကုဌာနမှဆရာဝန်များသည် Dr. Sebastian Rütten (ခွဲစိတ်ကိရိယာများတီထွင်သူနှင့် ယခုခွဲစိတ်မှုအမျိုးအစားကို ဦးစွာတွေ့ရှိသူ) ဆီမှ လေ့ကျင့်သင်ကြားမှုရရှိထားပြီး ထိုင်းနိုင်ငံတွင် ဤအတွင်းကြည့်မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်မှုအား လူနာ ၆၀ဝ ထက်မက ခွဲစိတ်ပေးပြီးဖြစ်ကာ ၉၅% သည် ကောင်းသည်မှအကောင်းဆုံးဆိုသော အောင်မြင်မှုနှုန်းကို တွေ့ရှိထားပြီးဖြစ်ပါသည်။

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 10.00 of 10, based on 7 vote(s)

Related Health Blogs