ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်မှ စစ်ဆေးချက်များအတွက် ရှင်းလင်းခြင်း


အောက်ဖော်ပြပါများသည် ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များတွင် ပါဝင်သော စစ်ဆေးချက်များစာရင်း ဖြစ်ပါသည်။ ဤစစ်ဆေးချက်များသည် သင့်ကိုယ်ခန္ဓာ၏ လက်ရှိအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်စေရန် ဖြစ်သည်။ ဤစစ်ဆေးချက်များ၏ ရလဒ်များအပေါ်မူတည်၍ ပြဿနာရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် အထူးစစ်ဆေးချက်များ ပြုလုပ်ခြင်း (သို့) အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ပြီးအခါ ယခုစစ်ဆေးမှုများကို ပြန်လည်ပြုလုပ်ခြင်းတို့ လိုအပ်နိုင်ပါသည်။

သိရှိမှတ်သားရန် - ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် အခြားစစ်ဆေးမှုအမျိုးအစား မြောက်များစွာ ရှိပါသည်။ အောက်ပါတို့သည် ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များတွင် ပါဝင်သော စစ်ဆေးချက်များ ဖြစ်ပါသည်။


အရေးကြီးလက္ခဏာများနှင့်
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း

  • ဤစစ်ဆေးမှုများကို သွေးတိုးနှင့် အခြားသောလက္ခဏာများ အမြန်သိနိုင်ရေးအတွက် လူနာနှင့်ထိတွေ့မှုရှိနေစဉ် ပြုလုပ်ပါသည်။


သွေးစစ်ဆေးမှုများ

အောက်ဖော်ပြပါစစ်ဆေးမှုများသည် သွေးမှတဆင့် စစ်ဆေးသောအရာများဖြစ်သည်။

  • သွေးဥနှုန်းထားများစစ်ဆေးခြင်း (CBC) – ဤစစ်ဆေးမှုသည် သွေးဥဆဲလ်များပုံမမှန်ခြင်းမှပြဆိုသော ရောဂါများအတွက် ကျယ်ပြန့်သောစစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ အဆိုပါရောဂါများမှာ ရောဂါပိုးဝင်ရောက်ခြင်းအပါအဝင် ခုခံအားဆိုင်ရာပြဿနာများ၊ ဆဲလ်အပေါ်အခြေခံသော သွေးရောဂါများနှင့် အခြားရောဂါအများအပြားဖြစ်နိုင်ပါသည်။
  • သွေးထဲရှိသကြားဓာတ်စစ်ခြင်း - ဆီးချိုရောဂါနှင့် ဆီးချိုရောဂါအစောပိုင်းတို့အတွက် ရှိမရှိ ပထမဦးဆုံး စစ်ဆေးနိုင်သည့် အကောင်းဆုံး စစ်ဆေးမှုတစ်ခုဖြစ်သည်။
  • အဆီဓာတ်စစ်ဆေးခြင်း - ဤစစ်ဆေးမှုသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားစေနိုင်သည့် အန္တရာယ်ကိုဖော်ထုတ်ရန် သွေးထဲရှိ အဆီ၊ ထရိုင်ဂလစ်စရိုက်နှင့် ကိုလက်စထရော ပမာဏများကို တိုင်းတာစစ်ဆေးရန်အတွက်ဖြစ်သည်။
  • ဂေါက်နာ ( ယူရစ်အက်ဆစ် ) - ဂေါက်အဆစ်အမြစ်နာရောဂါကို ရှာဖွေရန် သွေးထဲရှိ ယူဆစ်အက်ဆစ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။

ကျောက်ကပ်လုပ်ဆောင်ချက်

  • BUN – (သွေးထဲရှိ နိုင်ထရိုဂျင်ပမာဏ) သွေးထဲရှိ အညစ်အကြေးများကို သန့်ရှင်းရန်အတွက် လိုအပ်သော ကျောက်ကပ်၏စွမ်းရည်ကို တိုင်းတာခြင်း
  • ခရီတီနင်း - ကျောက်ကပ်၏ စစ်ထုတ်နိုင်သည့် လုပ်ဆောင်ချက်ကို တိုင်းတာသော နောက်ထပ် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။

အသဲလုပ်ဆောင်ချက်

  • SGOT (AST) နှင့် SGPT (ALT) - ဤစစ်ဆေးမှုများသည် သွေးထဲရှိအချို့သောအင်ဇိုင်းဓာတ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ၎င်းအင်ဇိုင်းများသည် များသောအားဖြင့် အသည်းတွင်ရှိပြီး ရောဂါတစ်ခုခုဖြစ်ပွားပါက အသဲမှစိမ့်ထွက်နေသည်ကို တွေ့ရှိနိုင်ပါသည်။
  • အယ်လ်ကာလိုင်း ဖော့စဖိတ် (ALP) - အသည်းရောဂါအတွက် သွေးမှတဆင့် စစ်ဆေးသော အင်ဇိုင်းဓာတ် နောက်တစ်မျိုးဖြစ်သည်။
  • ဘီလီရူဘင်စုစုပေါင်း၊ အယ်လ်ဗျူမင်၊ ဂလိုဗျူလင် - အမျိုးမျိုးသောရောဂါများရှိခြင်းကို သိနိုင်ရန်အတွက် စစ်ဆေးသော စုပေါင်းစစ်ဆေးမှုတစ်မျိုးဖြစ်သည်။ အဓိကအားဖြင့် အသည်းနှင့် ကျောက်ကပ်ကို အခြေခံ၍ ဖြစ်ပွားသော ရောဂါများအတွက်ဖြစ်သည်။
  • ဂမ်မာဂျီတီ (GGT) - အသည်းရောဂါကို စစ်ဆေးရန်နှင့် အခြားစစ်ဆေးမှုများမှ ရောဂါရှိသည်ဟု မှားယွင်းထွက်ရှိလာသောအဖြေများ ဟုတ်မဟုတ်စစ်ဆေးရန်ဖြစ်သည်။
  • သိုင်းရွိုက်စစ်ဆေးခြင်း TSH နှင့် Free T4 - သိုင်းရွိုက်လုပ်ဆောင်ချက် အလွန်အမင်းမြင့်တက်ခြင်း (သို့) ပုံမှန်အောက်တွင်ရောက်ရှိနေခြင်း စသည့်သိုင်းရွိုက်နှင့်ပတ်သက်သောရောဂါများကို ရှာဖွေရာ၌ အသုံးပြုသော စစ်ဆေးမှုများဖြစ်သည်။
  • အသည်းရောင်အသားဝါ ဘီနှင့်စီ - အသည်းရောင်အသားဝါ ဘီနှင့်စီအတွက်ခုခံအားနှင့် ရောဂါပိုးများကို ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။

ကင်ဆာညွှန်းကိန်းများစစ်ဆေးခြင်း

  • အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာအတွက် CEA - အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ ရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။
  • အသည်းကင်ဆာအတွက် AFP - အသည်းကင်ဆာရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။
  • ဆီးကျိတ်ကင်ဆာအတွက် PSA - ဆီးကျိတ်ကင်ဆာရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။


ဆီးစစ်ဆေးခြင်း

  • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများရှာဖွေရန်အတွက် ကျယ်ပြန့်စွာစစ်ဆေးသည့် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။


ဝမ်းထဲတွင်သွေးပါခြင်းအတွက် ဝမ်းစစ်ခြင်း

  • ကပ်ပါးကောင်များနှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှာဖွေရန် စစ်ဆေးခြင်းဖြစ်သည်။


အီးစီဂျီရိုက်ခြင်း

  • အီးစီဂျီ ( အီးကေဂျီ ) - အနားယူစဉ်တွင်ရှိသော နှလုံး၏လုပ်ဆောင်ချက်ကို သုံးသပ်ရန်အသုံးပြုသည့် စစ်ဆေးချက်ဖြစ်သည်။ အထူးသဖြင့် နှလုံးစည်းချက်နှင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်အလားအလာများ စသည်တို့ကို ရှာဖွေရန်ဖြစ်သည်။
  • ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစစ်ဆေးခြင်း (EST) - အီးစီဂျီတစ်မျိုးပင်ဖြစ်သည်၊ သို့သော် သာမန်အီစီဂျီထက်စာလျှင် ပိုမိုရှည်ကြာသောအချိန်တစ်ခုတွင် နှလုံးအားဖိစီးမှုပေးပြီး စစ်ဆေးသည့် အီးစီဂျီတစ်မျိုးဖြစ်သည်။


ပုံရိပ်ရိုက်စစ်ဆေးမှုများ

  • ရင်ဘတ်ဓာတ်မှန် - ဤရင်ဘတ်ဓာတ်မှန်သည် တီဘီရောဂါစစ်ဆေးခြင်း၊ အခြားအဆုတ်ရောဂါများ စစ်ဆေးခြင်းနှင့် ပြဿနာများစွာကိုပြဆိုနိုင်သော နှလုံး၏အရွယ်အစားစစ်ဆေးခြင်း စသည်များအတွက် ဖြစ်သည်။
  • ဝမ်းဗိုက်တစ်ခုလုံးအာလ်ထရာဆောင်းရိုက်ခြင်း - ခန္ဓာကိုယ်၏ အဓိကကျသော အတွင်းအင်္ဂါများ၏ အရွယ်အစား၊ သိပ်သည်းဆနှင့် အခြေအနေများကို ထိုးထွင်းဝင်ရောက်မှုမရှိပဲ ထိရောက်မှုရှိသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ အမျိုးသမီးများအတွက် သားဥအိမ်များနှင့် အမျိုးသားများအတွက် ဆီးကျိတ်စစ်ဆေးရာတွင်လည်း အသုံးပြုသည်။
  • ရင်သားအာလ်ထရာဆောင်းနှင့်အတူ ဒီဂျီတယ်ရင်သားဓာတ်မှန်ရိုက်ခြင်း - ရင်သားတွင် ကင်ဆာ၊ အရည်အိတ် (သို့) အခြားပုံမမှန်ခြင်းများရှာဖွေရန် စစ်ဆေးချက်တစ်ခုဖြစ်သည်။


သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသမီးအင်္ဂါများစစ်ဆေးခြင်း

  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း သည် အမျိုးသမီး၏ သားအိမ်ခေါင်း၌ ပုံမှန်မဟုတ်သော ဆဲလ်များ၊ သားအိမ်ခေါင်းကင်ဆာရှိနေခြင်း သို့မဟုတ် ဖြစ်ပွားနိုင်သည့် အခွင့်အလမ်းများ စသည်တို့ကို ရှာဖွေရန်ဖြစ်သည်။ မျိုးပွားအင်္ဂါများဖြစ်သော အင်္ဂါဇတ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ သားဥပြွှန်၊ သားဥအိမ်များ စသည်တို့နှင့် မျိုးပွားအင်္ဂါများမဟုတ်သည့် ဆီးအိမ်နှင့် အစာဟောင်းအိမ်တို့ကိုစစ်ဆေးရန် အသုံးပြုသည်။


မျက်စိစစ်ဆေးခြင်း

  • ရေတိမ်ကဲ့သို့ “မျက်စိကျန်းမာရေး” နှင့်ပတ်သက်သော ရောဂါများကို စစ်ဆေးရန် အသုံးပြုပါသည်။

Rating score: 10.00 of 10, based on 4 vote(s)

 
Center Procedures