bih.button.backtotop.text

အူရောင်ရောဂါ (IBD)

အူရောင်ရောဂါ ဆိုသည်မှာ အူနံရံတစ်လျှောက်တွင် နာတာရှည်ရောင်ရမ်းမှုဖြစ်ခြင်းကို ဆိုလိုပါသည်။ အဓိကအားဖြင့် အူမကြီးရောင်ရမ်းနာ (UC) နှင့် ခရွန်းရောဂါ (CD) ဟူ၍ရှိပါသည်။

အူရောင်ရောဂါလက္ခဏာများ

အူမကြီးရောင်ရမ်းနာနှင့် ခရွန်းရောဂါနှစ်ခုလုံးတွင် အူနံရံများရောင်ရမ်းခြင်းကို တွေ့ရှိနိုင်သဖြင့် ထိုရောဂါနှစ်ခုတွင် လက္ခဏာအချို့ တူညီကြပါသည်။ သို့သော် ရောင်ရမ်းသည့်အတိုင်းအတာနှင့် ရောင်ရမ်းမှုဖြစ်ပေါ်သည့် အူအစိတ်အပိုင်းတို့ မတူညီကြပါ။ အူမကြီးရောင်ရမ်းနာနှင့် ခရွန်းရောဂါတို့တွင် မောပန်းခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် တစ်ခါတစ်ရံ အဖျားတက်ခြင်းတို့ဖြစ်ပြီး အစာအိမ်အူလမ်းကြောင်းနှင့် တိုက်ရိုက်ပတ်သက်သော လက္ခဏာများကို တွေ့ရှိနိုင်သည်။

ထိုလက္ခဏာများတွင် အကျိအချွဲ နှင့်/သို့မဟုတ် သွေးပါသော ပုံမမှန်သည့်ဝမ်းသွားခြင်း၊ ဝမ်းအလွန်သွားခြင်းနှင့် ဗိုက်နာခြင်းတို့ ပါဝင်သည်။ ထိုသို့ရောင်ရမ်းခြင်းကြောင့် ဝမ်းသွားသောအခါတွင် ဝမ်းမှတစ်ဆင့် သွေးဆုံးရှုံးမှုကို ဖြစ်စေသည်။ ထိုသို့ မသိမသာသွေးဆုံးရှုံးမှုကို အထူးစစ်ဆေးမှုဖြင့်သာ သိရှိနိုင်ပြီး သွေးထဲရှိသံဓာတ်များဆုံဆုံးရှုံးသဖြင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။

အူမကြီးရောင်ရမ်းနာနှင့် ခရွန်းရောဂါနှစ်ခုလုံးတွင် အူလမ်းကြောင်းလက္ခဏာများသာဖြစ်ပေါ်သည်မဟုတ်ပါ။ လူနာ ၂၅% ကျော်တွင် ကျောရိုးနှင့်တင်ပါးဆုံးရှိ အရိုးဆစ်ကြီးငယ်တို့၌ နာကျင်ခြင်းနှင့်ရောင်ရမ်းခြင်းပင် ဖြစ်နိုင်ပါသည်။ အခြားအဆစ်အမြစ်ရောင်ရမ်းခြင်းများကဲ့သို့ပင် ဤအရိုးဆစ်ရောင်ရမ်းခြင်းကြောင့် ရောင်ခြင်း၊ နာကျင်ခြင်းနှင့် လှုပ်ရှားမှုတွင်အနှောက်အယှက်ဖြစ်ခြင်းတို့ပင် ဖြစ်တတ်ပါသည်။ အူရောင်ရောဂါဖြစ်သောလူနာများ၏ အရေပြားတွင်လည်း နာကျင်ပြီး၊ ထူထဲနီမြန်းသောနေရာများ ဖြစ်ပေါ်တတ်ပါသည်။ လက်နှင့်ခြေထောက်တို့တွင် အဖြစ်များပါသည်။ အဖြစ်နည်းသောလက္ခဏာများအနေဖြင့် မျက်မြှေးရောင် မျက်စိနာခြင်းတို့ဖြစ်တတ်ပါသည်။ ဤအူရောင်ရောဂါနှစ်ခုစလုံးသည် အသည်းရောင်ခြင်းနှင့်လည်း ထူးထူးခြားခြားမဟုတ်ဘဲ ဆက်စပ်ဖြစ်ပေါ် တတ်ပါသည်။

အူမကြီးရောင်ရမ်းနာ သည် အူမကြီးတွင်သာဖြစ်ပေါ်ပြီး ၎င်း၏ဆိုးရွားသောအဆင့်သည် ဝမ်းလျှောခြင်း (အကျိအချွဲ နှင့်/သို့မဟုတ် သွေးရောပြီး) ဖြစ်သည်။ ဝမ်းလျှောခြင်းမည်မျှပြင်းထန်သည်ဆိုသည်မှာ ရောင်ရမ်းသည့်ပုံစံနှင့် ပမာဏတို့အပေါ်မူတည်ပါသည်။ အူမကြီးတစ်ခုလုံးတွင်ဖြစ်ပါက ဝမ်းသွားခြင်းသည် ပိုမိုဆိုးရွားနိုင်ပါသည်။ အူမကြီး၏နောက်ဆုံးပိုင်းတွင်သာဖြစ်ပါက ဝမ်းသိပ်ပျော့မည်မဟုတ်ပါ၊ သို့သော် သွေးစများကိုတွေ့ရှိနိုင်ပါသည်။

ခရွန်းရောဂါသည် အူသိမ်နှင့် အူမကြီးနှစ်ခုလုံးတွင် ဖြစ်ပေါ်နိုင်သည်။ ၎င်း၏ ကနဦးပိုင်းတွင် လက္ခဏာ အနည်းငယ်သာရှိခြင်း သို့မဟုတ် လက္ခဏာလုံးဝမပြခြင်းတို့ ဖြစ်တတ်ပါသည်။ အထူးသဖြင့် အူမကြီး၏ အစိတ်အပိုင်း အချို့တွင်သာဖြစ်ခြင်း သို့မဟုတ် အူမကြီးတွင်လုံးဝမဖြစ်သည့်လူနာများတွင် ဝမ်းလျှောခြင်း မရှိနိုင်ပါ။ လူနာအတော်များများတွင် အူအတက်ရောင်ခြင်းနှင့်မှားတတ်သော ဗိုက်နာခြင်းမျိုး ဖြစ်ပွားနိုင်သည်။ ခရွန်းရောဂါသည် အစောပိုင်းအဆင့်များတွင် အာဟာရချို့တည့်ခြင်းများနှင့် ဆက်စပ်တတ်ပြီး ကိုယ်အလေးချိန် သိသိသာသာလျော့ကျ တတ်သည်။

အချို့လူနာများတွင် ဤရောဂါသည် စအိုဝတစ်ဝိုက်တွင်ရောင်ရမ်းခြင်းဖြင့် ပြသတတ်ပြီး ဂရင်ဂျီနာနှင့် ပြည်တည်နာများအထိ ဖြစ်ပေါ်တတ်သည်။ ဂရင်ဂျီနာသည် ပြွန်သဖွယ်လမ်းကြောင်းဖြစ်ကာ ရောင်ရမ်းနေသောဆဲလ်များဖြင့်အတွင်းနံရံအား ဖုံးအုပ်ထားသည်။ ၎င်းလမ်းကြောင်းသည် အခေါင်းပေါက်ရှိသော အင်္ဂါအစိတ်အပိုင်း ၂ ခုကြား (သို့) အရေပြားအပြင်ဘက် (သို့) စအိုအတွင်းနံရံတို့သို့ ပေါက်ထွက်ဆက်စပ် သွားနိုင်သည်။ ခရွန်းရောဂါရှိသောလူနာ ၃၀% ခန့်တွင် ဂရင်ဂျီနာဖြစ်ပွားသည်ကို တွေ့ရှိရသည်။

စအိုဝတဝိုက်ရှိ ပြည်တည်နေသောဂရင်ဂျီနာများသည် အထူးသဖြင့် ကုသပြီးပြန်ဖြစ်ပါက အူလမ်းကြောင်း တစ်လျှောက်အား ပိုမိုကျယ်ပြန့်စွာ စစ်ဆေးရန်လိုအပ်မှုကို ပြသသည်။ လူနာတစ်ယောက်သည် အထက်ပါလက္ခဏာများထဲမှ တော်တော်များများဖြစ်ပွားသည်ဟုပြောပါက ဆရာဝန်သည် ထိုလူနာ၌ အူရောင်ရောဂါရှိသည်ဟု စဉ်းစားနိုင်ပါသည်။

အူရောင်ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းသည် ရှာဖွေရန်ခက်ခဲပါသည်။ သို့သော် ထိုကဲ့သို့ အဖန်တစ်လဲလဲ ပြန်လည်ဖြစ်ပွားသော အူရောင်ရမ်းမှုများသည် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များအကြား ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများနှင့် ဆက်စပ်နေပါသည်။ မျိုးရိုးဗီဇကြောင့် ဖြစ်မည်ဆိုလျှင်လည်း ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများ၊ အာဟာရပြောင်းလဲမှုများ သို့မဟုတ် တာရှည်ခံပစ္စည်းများ သို့မဟုတ် အစားအစာများတွင် ထည့်သွင်းအသုံးပြုသော အခြားပစ္စည်းများစားသုံးခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ ခုခံအားအဖွဲ့အစည်းတွင် အနှောင့်အယှက်များဖြစ်ပွားခြင်း သို့မဟုတ် အူလမ်းကြောင်းအတားအဆီးများစသည့် အခြားအကြောင်းအရင်းများ လိုအပ်သည်။

ယနေ့ထိတိုင် ၎င်းအကြောင်းအရင်များနှင့် အူရောင်ရောဂါဖြစ်ပွားမှုတို့ ဆက်စပ်မှုကိုပြရန် တိကျသော သက်သေများ မတွေ့သေးပါ။ အများဆုံးဖြစ်နိုင်သည်မှာ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ ပါဝင်မှုရှိနေခြင်း ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း အူရောင်ရောဂါသည် အခံရှိသော ကူးစက်ရောဂါကြောင့်ဖြစ်ပွားခြင်း မဖြစ်နိုင်ပါ။ ထို့ကြောင့် ဤရောဂါသည် အခြားသူများကိုမကူးစက်နိုင်ပါ။

သင့်တွင် အူရောင်ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အတည်ပြုရန် အောက်ဖော်ပြပါများကို စစ်ဆေးသင့်သည်။

  • ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း - အထူးသဖြင့် ဝမ်းဗိုက်နှင့် အစာဟောင်းအိမ်
  • ဓာတ်ခွဲစစ်ဆေးခြင်း - သွေးနှင့်ဝမ်းစစ်ခြင်းသည် ရောင်ရမ်းသည့်လက္ခဏာများကိုဖော်ပြနိုင်သည်။
  • ဝမ်းဗိုက်အာလ်ထရာဆောင်း - အူလမ်းကြောင်းကျယ်လာခြင်းနှင့် နံရံထူလာခြင်းစသည်တို့ကို သိရှိနိုင်ပြီး ပုံမှန်မဟုတ်သည်များကို တွေ့ရှိနိုင်ပါသည်။
  • မှန်ပြောင်းကြည့်ခြင်း - အစာခြေလမ်းကြောင်း၏ အတွင်းနံရံကိုစစ်ဆေးနိုင်ပါသည်။
  • ဓာတ်မှန်၊ အမ်အာအိုင်နှင့် စီတီစကင် စသည့် ပုံရိပ်ရိုက်စစ်ဆေးခြင်း

အူရောင်ရောဂါကုသရာတွင် ဆေးဝါးများ၊ အာဟာရ၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ခွဲစိတ်ကုသမှုတို့ပါဝင်ပါသည်။

ကုသမှု၏ ပထမပန်းတိုင်သည် လူနာ၏လက္ခဏာများ (ဝမ်းလျှောခြင်း၊ နာကျင်ခြင်းနှင့် သွေးဆုံးရှုံးခြင်း) ကို သက်သာပျောက်ကင်းစေရန်ဖြစ်ပြီး ၎င်းအဆင့်အောင်မြင်သည်နှင့် ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန်ဖြစ်သည်။

ခရွန်းရောဂါလူနာများတွင် ဆေးလိပ်ဖြတ်ပါက ၂ နှစ်ကျော်အထိ ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေအား ၆၀% လျှော့ချနိုင်သည်ကို သိရှိထားရန် အရေးကြီးပါသည်။

အူရောင်ရောဂါသည် နာတာရှည်ရောဂါဖြစ်သောလည်း ရောဂါငြိမ်သက်သည့်အချိန်နှင့် ပြန်လည်ဖြစ်ပေါ်သည့် အချိန်များရှိပါသည်။ လူနာအများစုသည် ပုံမှန်သက်တမ်းနေထိုင်ရပြီး လူနာတော်တော်များများသည် ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံကို ရရှိပါသည်။ ရေရှည်နှင့် မပျောက်သောလက္ခဏာများရှိနေသည့် လူနာများအတွက်

  • အူရောင်ရောဂါသည် သင့်ခန္ဓာကိုယ်အား မည်သို့သက်ရောက်မှုရှိသည်ကို သိရှိပါ။
  • မိမိကိုယ်မိမိ ဂရုစိုက်နိုင်ရန် သင်ယူပါ။ သင်ထိန်းချုပ်နိုင်သော အရာများကိုထိန်းချုပ်ပါ။
  • မိသားစု၊ မိတ်ဆွေနှင့် ကူညီရေးအဖွဲ့အစည်းများမှ ပံ့ပိုးမှုများရယူပါ။
  • ဆရာဝန်၊ ဆရာမများ၏ ညွှန်ကြားချက်များကို သေချာစွာလိုက်နာပါ။

Related Treatments

Doctors Related

Related Centers

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန

လေ့လာရန်

Related Packages

Rating score 10.00 of 10, based on 6 vote(s)

Related Health Blogs