bih.button.backtotop.text

နာတာရှည် ကျောက်ကပ်ရောဂါ (CKD) အတွက်ဆေးဝါးနှင့် ကုသမှုများ

 

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) အတွက် ကုသနည်းလမ်းများ

CKD ကုသမှု သည် ရောဂါအဆင့်နှင့် လူနာတွင်ရှိသောအခြားရောဂါများအပေါ်မူတည်ပြီး ခြားနားနိုင်ပါသည်။ သင့်ဆရာဝန်သည် CKD ဖြစ်ရခြင်းအကြောင်းရင်းပေါ်မူတည်ပြီး အောက်ပါတို့အား အကြံပေးပါမည်။

  • သွေးပေါင်ချိန်ထိန်းပါ - သွေးပေါင်ထိန်းနိုင်ရန် သွေးကျဆေးများ ပေးနိုင်ပါသည်။ သွေးပေါင်ထိန်းရန် အခြားပြုလုပ်နိုင်သည်များမှာ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းထားခြင်းနှင့် အငန်စားသုံးမှုထိန်းချုပ်ခြင်း တို့ဖြစ်သည်။
  • ဆီးချိုထိန်းပါ - CKD ဆိုးသထက်ဆိုးမလာစေရန် သကြားဓါတ်ပမာဏကို သေချာထိန်းရန် အရေးကြီးပါသည်။
  • ပရိုတင်းပမာဏထိန်းရန် အာဟာရရှိစွာစားသုံးခြင်း သင့်ဆရာဝန်မှ သင့်အား သင့်တင့်သော ကိုယ်အလေးချိန်ကိုထိန်းရန် မှန်ကန်သော ကယ်လိုရီပမာဏနှင့် မှန်ကန်သော ပရိုတင်းပမာဏပါသော ကျန်းမာသည့် အစားအသောက်ပုံစံအတွက် အကြံပေးမည့် အာဟာရပညာရှင်တစ်ဦးအား ညွှန်းပေးပါမည်။
  • သွေးအားကောင်းအောင်လုပ်ပါ - သွေးထဲရှိ သံဓါတ်ပမာဏလုံလောက်ရန်အတွက် သံဓါတ်အားဆေးများသောက်ခြင်းအပြင် သွေးနီဥထုတ်လုပ်ခြင်းအတွက် တာဝန်ရှိသော EPO (erythropoiesis) ဟော်မုန်းပိုများလာစေရန် ဆေးဝါးများအသုံးပြုပါ။
  • အရိုးရောဂါများ ကာကွယ်ပါ ကယ်လ်စီယမ်နှင့် ဖော့စ်ဖရက်စ်ညီမျှအောင် ထိန်းပါ။ ဖော့စ်ဖရက်စ်သည် သွေးအတွက်လိုအပ်သော်လည်း သွေးတွင်းဖော့စ်ဖရက်စ်များပါက ကြာလျှင် အရိုးအားနည်းစေသည်။ အရိုးကိုကာကွယ်ရန် ဖော့စ်ဖရက်စ်များသောအစာများကို ရှောင်ခိုင်းပြီး စားလိုက်သောဖော့စ်ဖရက်စ်များ သွေးထဲမရောက်သွားစေရန် အစာနှင့်တွဲစားရမည့် ဖော့စ်ဖရက်စ်ကပ်ဆေး (Phosphorus Binders) ဟုခေါ်သောဆေးဝါးများ ပေးနိုင်သည်။ အတော်များများတွင် ဗိုက်တာမင် -ဒီ အားဆေးများလည်း ပေးနိုင်သည်။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ - ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုလုပ်ပါ။
  • နှလုံးရောဂါဖြစ်ရန်အန္တရာယ် ရှိမရှိစစ်ဆေးပါ။ - ဤအရာတွင် ဆီးချိုထိန်းခြင်း၊ သွေးပေါင်ထိန်းခြင်းနှင့် သွေးအားမနည်းအောင်လုပ်ခြင်း၊ ကိုလက်စထရောထိန်းခြင်းတို့လည်း ပါဝင်သည်။
  • ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။ - ဆေးလိပ်သောက်ခြင်းသည် နှလုံးနှင့်ကျောက်ကပ်ရောဂါများကို ပိုဆိုးစေသည်။
  • ပရဆေးများ သို့မဟုတ် တိုင်းရင်းဖြည့်စွက်စာများကိုရှောင်ပါ။ - ထိုင်ဝမ်တွင်ပြုလုပ်သော သုတေသနတစ်ခုအရ တိုင်းရင်းဖြည့်စွက်စာများ ပုံမှန်စားသုံးသောသူများတွင် ကျောက်ကပ်ပျက်စီးနိုင်ချေ ၂၀ဝ-၃၀ဝ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရှိရသည်။
  • ဆရာဝန်နှင့်ပုံမှန်ပြသပါ။ - ကျောက်ကပ်စစ်ထုတ်နှုန်း (GFR)၊ ဆီး၊ အာဟာရအခြေအနေတို့အား ရက်ချိန်းအတိုင်း စစ်ဆေးပါ။ သင့်ကျန်းမာရေးနှင့် စစ်ဆေးမှုအဖြေများအတွက် တိုင်ပင်ပါ၊ မေးမြန်းပါ၊ မှတ်တမ်းထားပါ။

ကျောက်ကပ်ပျက်စီးခြင်းကို နှေးစေရန်နှင့် ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ဆေးများပေးနိုင်သည်။

  • သွေးတိုး၊ ဆီးချိုစသော ရောဂါဖြစ်စေသည့် အကြောင်းတရားများကို ထိန်းချုပ်ပါ။ အဆိုပါရောဂါများရှိသူသည် ကျောက်ကပ်ပြဿနာဖြစ်ရန် အန္တရာယ်များသည်။ သွေးပေါင် ၁၃၀/၈၅ mmHg အောက်နှင့် အစာမစားခင်တိုင်းတာသော သကြားဓါတ်သည် ၁၃၀ mg/dl အောက်ရှိသင့်သည်။
  • အစာထဲတွင်ပါသောပရိုတင်းကို ထိန်းချုပ်ပါ။
  • ဆီးတွင်းပရိုတင်းပါခြင်းနှင့် သွေးပေါင်ကျအောင်ပေးသော ဆေးများ၏အသုံးပြုပုံကို နားလည်အောင်လုပ်ပါ။
  • ကျောက်ကပ်၏ အဓိကလုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်တွင်း ဓါတ်ဆားဓါတ်များနှင့် ရေဓါတ်ကိုထိန်းညှိပေးခြင်း၊ သွေးနီဥများတက်စေသော Erythropoietin ဟော်မုန်းထုတ်ပေးခြင်း၊ ကယ်လ်စီယမ်နှင့် ဖော့စ်ဖရပ်စ်တို့အား ထိန်းညှိခြင်းတို့ ဖြစ်သည်။ အဆိုပါတို့သည် အရိုးထုထည်ကို ထိန်းသိမ်းရာတွင် အဓိကကျသည်။ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းပါက အမျိုးမျိုးသော နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။

  • နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ - ခန္ဓာကိုယ်ထဲတွင် အရည်များနေပါက၊ သွေးကြောလှုံ့ဆော်ဟောမုန်း အထုတ်များပါက သွေးပေါင်တက်လာပြီး သွေးတိုး နှင့်/သို့မဟုတ် နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိပါသည်။ သွေးကျဆေး၊ ကိုလက်စထရောကျဆေးနှင့် သွေးကျဲဆေးတို့ သောက်ရနိုင်ပါသည်။ ပုံမှန်သွေးပေါင်ရှိနေစေရန် သွေးကျဆေး တစ်မျိုးထက်မကလည်း သောက်ရနိုင်ပါသည်။
  • သွေးတွင်း ပိုတက်စီယမ်မြင့်တက်ခြင်း - ကျောက်ကပ်သည် ပိုနေသောပိုတက်စီယမ်များကို မစွန့်ထုတ်နိုင်ပါက ခန္ဓာကိုယ်ထဲတွင် ပိုတက်စီယမ်မြင့်တက်လာမည်။ လူနာသည် မအီမသာဖြစ်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့အပါအဝင် လက္ခဏာများစွာ ခံစားရမည်။ ပိုတက်စီယမ်များစွာပါဝင်သော သင်္ဘောသီး၊ ငှက်ပျောသီး၊ ရှောက်၊ သံပရိုသီး၊ ဆီးသီး၊ သစ်သီးခြောက်၊ စပျစ်သီးစသည်တို့ ရှောင်ရပါမည်။ ပိုတက်စီယမ်ကပ်ဆေးများ (Potassium Binders) လည်း သောက်ရန်လိုပြီး ပိုနေသည်များကို ဝမ်းမှတဆင့်စွန်ထုတ်ပါမည်။ အဆိုပါဆေးများ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးမှာ ဝမ်းချုပ်ခြင်းဖြစ်သည်။
  • အရည်ထုထည်များနေခြင်း - ကျောက်ကပ်မှ ပိုလျှံသောအရည်များကို မစွန့်ထုတ်နိုင်သည့်အခါ ဤအခြေအနေ ဖြစ်ပေါ်သည်။ ရောဂါလက္ခဏာများသည် အနည်းငယ်ဖောရောင်ခြင်းမှ မောခြင်း၊ နောက်ဆုံး အသက်အန္တရာယ်ရှိသည့် အဆုတ်ဖောခြင်းအထိပါ ဖြစ်နိုင်သည်။ နေ့စဉ် ဆားနှင့်ရေစားသောက်မှု ကန့်သတ်ခြင်းအပြင် ဆီးဆေးပါပေးနိုင်သည်။
  • သွေးအားနည်းခြင်း - Erythropoietin ဟော်မုန်းသည် သွေးနီဥထုတ်လုပ်ခြင်းကို လှုံ့ဆော်သည်။ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းပါက ဤဟော်မုန်းပမာဏလည်းကျဆင်းပြီး သွေးအားနည်းခြင်းကို ဖြစ်စေသည်။ လူနာ၏ခန္ဓာကိုယ်မှ သွေးနီဥများထုတ်နိုင်ရန် ဆရာဝန်မှ အရေပြားအောက် အဆိုပါဟော်မုန်းဆေးထိုးခြင်းနှင့် သံဓါတ်အားဆေးပေးခြင်းတို့ ပြုလုပ်နိုင်သည်။ သံဓါတ်အလွန်နည်းနေပါက လူနာသည် သံဓါတ်အားဆေးရပါမည်။
  • သွေးတွင်း ဖော့စဖိတ်မြင့်တက်ခြင်း - ဖော့စဖိတ်စွန့်ထုတ်မှုနည်းသွားသောကြောင့် သွေးကြောနံရံများတွင် ဖော့စဖိတ်များစုပုံပြီး နောက်ပိုင်းတွင် သွေးကြောပိတ်ခြင်းဖြစ်နိုင်သည်။ ဖော့စဖိတ်စုပုံခြင်းသည် နှလုံး၏ပင်မသွေးကြောကြီးများတွင်ဖြစ်ပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေပြီး နှလုံးလုပ်ဆောင်ချက်ပါ ယိုယွင်းစေသည်။ လူနာများသည် ဖော့စဖိတ်များသော အစားအစာများဖြစ်သည့် အသား၊ ဥ၊ ပဲအခြောက်၊ နို့ထွက်ပစ္စည်းများ၊ အချိုရည်များ စသည်တို့ကို ရှောင်သင့်သည်။ ထို့အပြင် ကယ်လ်စီယမ် ကာဗွန်နိတ်၊ ကယ်လ်စီယမ် အက်စီတိတ် သို့မဟုတ် အလျူမီနီယမ် ဟိုက်ဒရောဆိုဒ်ကဲ့သို့သော ဖော့စဖိတ်ကပ်ဆေး (Phosphate Binders) များ သုံးစွဲသင့်သည်။
  • ပါရာသိုင်းရွိုက်ဟော်မုန်းမြင့်တက်ပြီး အရိုး၏ဇီဝကမ္မဖြစ်စဉ်ထိခိုက်ခြင်း - သွေးတွင်း ဖော့စဖိတ်မြင့်တက်ခြင်းနှင့် ကယ်လ်စီယမ်နည်းခြင်းကြောင့် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထွက်စေသည်။ ဤအခြေအနေကြောင့် အရိုးသိပ်သည်းဆကိုထိခိုက်ပြီး အရိုးပုံမမှန်ခြင်းများ ဖြစ်စေသည်။ ပါရာသိုင်းရွိုက်ဟော်မုန်းနည်းစေရန် ကယ်လ်စီထရီရော (Cinacalcet) ပေးနိုင်သည်။
  • သွေးတွင်း အက်ဆစ်ဓါတ်များခြင်း - ကျောက်ကပ်မှ အော်ဂဲနစ်အက်ဆစ်ပစ္စည်းများ မစွန့်ထုတ်နိုင်သဖြင့် သွေးတွင်း အက်ဆစ်ဓါတ်များပြီး အရိုးပျက်စီးခြင်း သို့မဟုတ် ကြွက်သားထုထည်နည်းလာခြင်း တို့ဖြစ်သည်။ ဤအတွက် လူနာအားဆေးပေးနိုင်သည်။
  • လူနာ သို့မဟုတ် ဆွေမျိုးသည် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား လက်ရှိသောက်နေသောဆေးများကို ပြောပြရမည်။ (အပြင်ဆေးဆိုင်မှဝယ်သောဆေးများ၊ ဗီတာမင်နှင့် တိုင်းရင်းဆေး၊ ဖြည့်စွက်စာများအပါအဝင်)
  • အချို့ဆေးဝါးများနှင့် တိုင်းရင်းဆေးများသည် ကျောက်ကပ်အတွက် အန္တရာယ်ရှိသည်။ ထို့အပြင် ကျောက်ကပ်ဆေးများနှင့် မတည့်ဖြစ်တတ်သည်။ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်သဖြင့် အချို့ဗီတာမင်များသည် ခန္ဓာကိုယ်ထဲတွင် စုပုံနေတတ်သည်။ မည်သည့်ဆေးမဆို မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပါ။
  • ထိရောက်မှုရှိရန်နှင့် အန္တရာယ်ကင်းရန်အတွက် အသစ်ပေးလိုက်သောဆေးများ၊ ဆေးပမာဏပြောင်းခြင်း၊ သောက်ရန်ရက်ပြောင်းခြင်းတို့အတွက် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား မေးမြန်းပါ။ သောက်လက်စ ဆေးအဟောင်းများရှိပါက သေချာထပ်မံမှတ်သားပါ။

အောက်ပါတို့ကို သင့်အားအသိပေးမည် …

  • ဆေးအမည်နှင့်သောက်ရန်ပမာဏ - လူနာသည် ဆေးအမည်၊ သောက်ရန်ပမာဏနှင့် သောက်ဆေး၊ ထိုးဆေး၊ လိမ်ဆေးစသည်တို့ကို ခွဲခြားသိသင့်သည်။ မိမိဖာသာ မှတ်ရလွယ်ရန် ဆေးစာရင်းပြုစုပြီး ဆရာဝန်ပြတိုင်း ဆေးအားလုံးယူလာပါ။ ကျောက်ကပ်လူနာများအတွက် ခရီတီနင်းပမာဏ၊ သွေးတွင်းခရီတီနင်းမှတဆင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို တိုင်းတာမှုအပေါ်မူတည်ပြီး အချို့ဆေးများ၏ပမာဏ ချိန်ညှိရသည်။ သောက်လေ့သောက်ထရှိသော ဆေးပမာဏသည် သင့်ကျောက်ကပ်လုပ်ဆောင်ချက်အတွက် မသင့်တော် ဖြစ်တတ်သည်။
  • ဆေးသောက်ရသည့်အကြောင်းရင်း - အချို့ဆေးများသည် အခြေအနေ အတော်များများအတွက် သုံးနိုင်သည်။ လူနာများသည် ဆေးသောက်ရသည့်အကြောင်းရင်းနှင့် ဆေးမှရမည့်အကျိုးများကို သိသင့်သည်။
  • ဆေးမည်သို့မှန်ကန်စွာသောက်မည် - သင့်ရောဂါအတွက် ဆေးမည်သို့မှန်ကန်၊ သင့်တော်စွာသောက်ရမည်ကို ဆေးဝါးကျွမ်းကျင်အား မေးမြန်းနိုင်သည်။ အချို့သောဆေးများသည် သင့်အခြေအနေအတွက် ယာယီသာပေးခြင်းဖြစ်နိုင်သည်။

ဆေးသောက်ရန် မေ့သွားပါက ဘာလုပ်သင့်ပါသလဲ။

ဆေးတစ်ခုစီတိုင်းအတွက် အညွှန်းမတူနိုင်သောကြောင့် ဆေးဝါးကျွမ်းကျင်ကိုမေးမြန်းပါ။ ပုံမှန်အားဖြင့် မေ့သွားသောဆေးကို သတိရရခြင်း သောက်သင့်သည်။ အကယ်၍ သတိရချိန်တွင် နောက်တစ်ကြိမ်သောက်ဖို့ နီးကပ်နေပါက မေ့သွားသည့်ဆေးကို မသောက်ပဲ နောက်တစ်ကြိမ်ကိုသာသောက်ပြီး ပုံမှန်အတိုင်းဆက်သောက်သွားပါ။ မေ့သွားသည့်ဆေးကို ပြန်ဖြည့်ဖို့ “နှစ်ခါသောက်ခြင်း” မျိုး မဖြစ်ပါစေနှင့်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 6 vote(s)

Related Health Blogs