bih.button.backtotop.text

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ

 

ကျောက်ကပ်လူနာများတွင် ရှောင်ကြဉ်သင့်သည့် ဆေးဝါးများနှင့်တိုင်းရင်းဆေးများ

ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်သတ္တုဓါတ်များညီမျှအောင် ထိန်းသိမ်းခြင်းနှင့် ခန္ဓာကိုယ်မှ မကောင်းသောအညစ်အကြေးများ စွန့်ထုတ်ခြင်းတို့သည် ကျောက်ကပ်၏ အဓိကလုပ်ငန်း (၂) ခု ဖြစ်ပါသည်။ ကျောက်ကပ်မကောင်းသော လူနာများတွင် ဆေးအဆိပ်သင့်ခြင်း ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်လူနာများအနေဖြင့် အအေးမိ၊ ချောင်းဆိုးပျောက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ဝမ်းနှုတ်ဆေးများ၊ ဗီတာမင်များ၊ ဖြည့်စွက်စာများစသော ဆေးဆိုင်များတွင် အလွယ်တကူဝယ်၍ရသောဆေးများကို သတိထားသုံးစွဲသင့်ပါသည်။

ထိုသို့ ဝယ်ယူနိုင်သောဆေးများကို ယေဘုယျအားဖြင့် စိတ်ချရသည်ဟု လူနာများက ထင်တတ်ကြပါသည်။ သို့သော် ကျောက်ကပ်လူနာများတွင် အချို့ဆေးဝါးများကို ရှောင်ကြဉ်သင့်ပါသည်။

  • NSAIDs အုပ်စုဝင်များဖြစ်သော အိုင်ဗျူပရိုဖန်၊ မက်ဖီနမစ်အက်ဆစ်၊ နာပရိုစန်၊ ပိုင်ရိုစီကမ်၊ မယ်လိုစီကမ်၊ ဒိုင်ကလိုဖန်းနက်၊ ဆယ်လီကိုဇစ်၊ အီတိုရီကိုဇစ် အစရှိသည်တို့သည် အသုံးများသော အကိုက်အခဲပျောက်ဆေးများ ဖြစ်ကြသည်။ ထိုဆေးများတွင် ကျောက်ကပ်သို့ သွေးစီးဆင်းမှုကို လျော့နည်းအောင်လုပ်သည့် အစွမ်းတစ်ခုပါပြီး ၎င်းသည် ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို လျော့ကျစေပါသည်။
  • အက်စ်ပရင် ရေဆူဆေးပြားများ၊ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကဲ့သို့ဆိုဒီယမ်ဆားဓါတ်ပါသည့် ဆေးများသည် ဆားဓါတ်၊ ရေနှင့် သတ္တုဓါတ်များကို ခန္ဓာကိုယ်တွင်း ကြွင်းကျန်နေစေနိုင်သည်။
  • ချောင်းဆိုးပျောက်ဆေးရည်များ တွင် သွေးတွင်းပိုတက်ဆီယမ်ဓါတ်ကို မြင့်စေသော ဆေးဘက်ဝင်ပစ္စည်းများပါဝင် တတ်ပါသည်။ (သွေးတွင်း ပိုတက်စီယမ်ဓါတ်မြင့်ခြင်းက နှလုံးကိုထိခိုက်စေနိုင်ပါသည်။)
  • ဝမ်းနှုတ်ဆေးများ သို့မဟုတ် အလျူမီနီယမ်နှင့် မက်ဂနီစီယမ်ပါသော အစာအိမ်ဆေးများ သည် သွေးထဲတွင် များစွာစုပုံနေပါက ဦးနှောက်နှင့်အာရုံကြောစနစ်ကို ဒုက္ခပေးနိုင်ပါသည်။
  • ဝမ်းနှုတ်ဆေးများ သို့မဟုတ် စအိုထဲထည့်ရသောဆေးတောင့်များ သည် ရေဓါတ်ခမ်းခြောက်စေခြင်းနှင့် သွေးတွင်း ဖော့စဖိတ်ပမာဏကို မြင့်တက်စေပါသည်။
  • အချို့ဖြည့်စွက်စာများ တွင် ပိုတက်စီယမ်နှင့် မက်ဂနီစီယမ်ဓါတ်များပါပြီး ခန္ဓာကိုယ်ထဲတွင် စုပုံလာတတ်ပါသည်။
  • ဆေးဖက်ဝင်အပင်များ - ဥပမာ Isphagula Husk ဟုခေါ်သော ဆေးဖက်ဝင် အပင်တစ်မျိုးပါသည့် ဝမ်းနှုတ်ဆေးသည် သွေးတွင်းပိုတက်စီယမ်ဓါတ်ကို မြင့်တက်စေပါသည်။ ဂင်ဂို ဘီလိုဘာ၊ ဂျင်စင်းနှင့် ကြက်သွန်ဖြူတို့သည် သွေးခဲခြင်းအပေါ် သက်ရောက်မှုရှိပြီး ကျောက်ကပ်ဆေးနေသည့် လူနာများတွင် အသုံးပြုရသည့် သွေးလွှတ်ကြောနှင့်သွေးပြန်ကြောအဆက် သို့မဟုတ် သွေးကြောဆက်အတုနေရာတို့တွင် သွေးယိုစီးမှု ဖြစ်စေတတ်သည်။

ကျောက်ကပ်စွမ်းဆောင်ရည် ကျနေသောလူနာများတွင် မည်သည့် တိုင်ရင်းဆေးအမျိုးအစား/ တရုတ် တိုင်းရင်းဆေးမျိုးကိုမဆို ရှောင်ရှားသင့်ပါသည် (ဥပမာ - ဆေးတောင့်၊ ဆေးရည်)။ ထိုဆေးများကြောင့် သွေးတွင်း ပိုတက်စီယမ်မြင့်တက်စေပြီး နှလုံးနှင့်ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါသည်။

ကျောက်ကပ်လူနာများအတွက်လမ်းညွှန်

· သင်သောက်သုံးနေသောဆေးများအားလုံး (ဗီတာမင်များ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးနှင့် ဆေးဆိုင်မှဝယ်သော ဆေးများအပါအဝင်) ကို သင့်ဆရာဝန်အား အမြဲပြသပါ။

  • အကယ်၍ ဖျားနာခြင်း သို့မဟုတ် နေထိုင်မကောင်းပါက သင်၏ဆရာဝန်နှင့် ပြသပါ။
  • အကယ်၍ သင့်တွင် ပျို့ခြင်းအန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ မောခြင်း၊ ကြွက်သားနာခြင်း သို့မဟုတ် ကြွက်တက်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အရေပြားယားယံခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ခဏခဏသွားခြင်း၊ ဆီးသွားလျင်နာကျဉ်ခြင်း စသည့်ပုံမမှန်သော လက္ခဏာများဖြစ်ပါက ဆရာဝန်ထံ အမြဲအကြောင်းကြားပါ။

 

နာတာရှည်ကျောက်ကပ်လူနာများအတွက် အစားအစာအရေးကြီးပုံ

အစားအစာထိန်းချုပ်ခြင်းသည် CKD လူနာများအတွက် အရေးကြီးသည်။ အစားအစာထိန်းချုပ်ခြင်းဖြင့် -

  • ကျောက်ကပ်ပျက်စီးခြင်းကို နှေးကွေးစေပါသည်။
  • ကျောက်ကပ်ဆေးရသည့်အဆင့် နောက်သို့ရွှေ့ဆိုင်းနိုင်ပါသည်။
  • အညစ်အကြေးများကို ရှင်းထုတ်နေရသော ကျောက်ကပ်၏ဝန်တာများကို သက်သာစေပါသည်။
  • ကျောက်ကပ်၏တာဝန်ကို လျော့ကျစေပါသည်။
  • အစားအစာမှရသော အညစ်အကြေးများ ခန္ဓာကိုယ်တွင် စုပုံလာခြင်းကို လျော့ပါးစေပါသည်။
  • အာဟာရချို့တဲ့ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
  • လူနာ၏ ကျန်းမာရေးနှင့်ဘဝတန်ဖိုး တိုးတက်လာနိုင်ပါသည်။

ကျောက်ကပ်ရောဂါအပေါ် သက်ရောက်မှုရှိသော အာဟာရဓါတ်များ

ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်ခြင်း သို့မဟုတ် သွေးအဖြေ ပုံမှန်မဟုတ်သော ကျောက်ကပ်လူနာများအား ရှောင်သင့်၊ ထိန်းသင့်သော အစားအစာများအကြောင်းကို အသိပေးသင့်ပါမည်။ အချို့အာဟာရဓါတ်များသည် လွန်ကဲစွာစားမိပါက ခန္ဓာကိုယ်ထဲတွင် စွန့်ပစ်ပစ္စည်းများစွာ ကျန်ခဲ့စေသဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါသည်။ ကျောက်ကပ်ရောဂါအား ပုံမှန်အားဖြင့် ဆိုးကျိုးဖြစ်စေနိုင်သော အစားအစာထဲတွင်ပါဝင်သည့် အရေးကြီးသော အာဟာရဓါတ်များမှာ-

  • ဆိုဒီယမ်ဆားဓါတ် - ကျွန်တော်တို့ ခန္ဓာကိ်ုယ်သည် သွေးပေါင်ချိန်ကိုထိန်းရန် ဆိုဒီယမ်ဆားဓါတ် အနည်းငယ်လိုပါသည်။ ကျောက်ကပ်လူနာများတွင် ပိုလျှံနေသော ဆိုဒီယမ်ဓါတ်ကို ကျောက်ကပ်မှ မစွန့်ထုတ်နိုင်သဖြင့် ခန္ဓာကိုယ်တွင် အရည်များပြားလာပြီး ဖောရောင်ခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွေးတိုး၊ အဆုတ်ရေဝင်ခြင်းတို့ဖြစ်ပြီး နှလုံးထိခိုက်လာနိုင်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ဆိုဒီယမ်ဓါတ်များစွာပါဝင်သော အစားအစာများ။ ဥပမာ - ဆားသိပ်ထားသောငါး၊ ဝက်ပေါင်ခြောက်၊ ကြက်/ဝက်အူချောင်း၊ ဆားရည်စိမ်ထားသော အစားအသောက်များ၊ ဆားပါသောမုန့်များနှင့်ဒိန်ခဲ။ ထို့အပြင် မငန်သော်လည်း ဆိုဒီယမ်ပါသော အစားအသောက်များကိုလည်း ရှောင်သင့်သည်။ ဥပမာ - ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ပါသောပေါင်မုန့်များ။

  • ပိုတက်ဆီယမ်ဓါတ ် သည် ကြွက်သားများနှင့်အာရုံကြောများ ကောင်းစွာအလုပ်လုပ်နိုင်စေသော သတ္တုဓါတ်တမျိုး ဖြစ်ပါသည်။ ကျောက်ကပ်စွမ်းဆောင်ရည်လျော့လာပါက ပိုတက်ဆီယမ်ဓါတ်ကို ဆီးမှတဆင့် စွန့်ထုတ်နိုင်စွမ်းနည်းကာ ခန္ဓာကိုယ်ထဲတွင် ပိုတက်ဆီယမ်ဓါတ်များ စုပုံလာသည်။ ပိုတက်စီယမ်အလွန်များပါက ကြွက်သားများ အားနည်းလာခြင်း သို့မဟုတ် ကြွက်တက်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ကို ခံစားလာနိုင်ပါသည်။ အစောပိုင်းအဆင့် ကျောက်ကပ်ရောဂါ (eGFR >90 mL/min/1.73m2)၊ အလယ်အလတ်အဆင့် ကျောက်ကပ်ရောဂါ (eGFR 30-59 mL/min/1.73m2)၊ ကျောက်ကပ်မှ အညစ်အကြေး စွန့်နိုင်သေးသောအဆင့်နှင့် သွေးတွင်းပိုတက်စီယမ်ပမာဏ အလယ်အလတ်အဆင့် သို့မဟုတ် ၃.၅ - ၅.ဝ မီလီဂရမ်/ဒက်စီလီတာရှိသော လူနာများသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စားနိုင်ပါသည်။ သို့သော် သွေးတွင်းပိုတက်စီယမ်ပမာဏ ၅.ဝ မီလီဂရမ်/ဒက်စီလီတာနီးပါး သို့မဟုတ် ထိုထက်များသော ကျောက်ကပ်လူနာများသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို ထိန်းစားရန်လိုအပ်ပါသည်။ ထိုအုပ်စုတွင် ပါဝင်သောလူနာများအနေဖြင့် ပိုတက်စီယမ်ဓါတ်နည်းသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို တစ်နေ့ ၁-၂ ကြိမ်အထိ စားနိုင်ပါသည်။ ပိုတက်စီယမ်ဓါတ်နည်းသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များတွင် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဆလပ်ရွက်၊ ပဲပင်ပေါက်၊ စပျစ်သီးနှင့် နာနတ်သီးတို့ပါဝင်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ပိုတက်ဆီယမ်ဓါတ်များသော အစားအစာများ။ ဥပမာ - အခြောက်ခံထားသောအသီးများ၊ ဒူးရင်းသီး၊ မန်းကျည်းသီး၊ သခွားသီး၊ ရဲယိုသီးဖျော်ရည်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရှိသောအရွက်များ၊ မုန်လာဥဖြူ၊ ငှက်ပျောသီး၊ လိမ္မာသီး၊ သင်္ဘောသီးနှင့် ပိန္နဲသီး။

  • ဖော့စ်ဖောရပ်စ် - ကျောက်ကပ်စွမ်းရည်ကျလာပါက ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ကယ်လ်စီယမ်ကို မစုပ်ယူနိုင်တော့ပဲ ဖော့စ်ဖောရပ်စ်ကိုလည်း မစွန့်ထုတ်နိုင်တော့ပါ။ ထို့ကြောင့် ခန္ဓာကိုယ်သည် ကယ်လ်စီယမ် အနည်းငယ်ကိုသာရရှိပြီး သွေးထဲတွင် ဖော့စ်ဖောရပ်စ်များစွာ ကျန်နေခဲ့ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - ဖွဲနု၊ ဒိန်ခဲ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ နို့ဆီ၊ ငါးဥ၊ ဥအနှစ်၊ ပုဇွန်၊ ဂဏန်း၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်ပါသောအစားအစာများ၊ အခွံမာသီးများ၊ အခြောက်ခံထားသောပဲများနှင့် အနက်ရောင်ရှိသော ကိုလာကဲ့သို့ဆိုဒါရည်များ။

  • ပရိုတင်း အသားဓါတ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓါတ်တစ်မျိုး ဖြစ်ပါသည်။ ကျောက်ကပ်လူနာများဖြစ်သည့်တိုင် ပရိုတင်းပါသောအစားအစာကို စားရပါမည်။ သို့သော် ပမာဏကန့်သတ် စားရပါမည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် အစားအစာမှရသော ပရိုတင်းကို ဖြိုခွဲကာစုပ်ယူပြီး ထွက်လာသော အညစ်အကြေးများကို ကျောက်ကပ်မှတဆင့် စွန့်ထုတ်ပါသည်။ ပရိုတင်းများစွာစားထားပါက ကျောက်ကပ်အလုပ်ပိုလုပ်ရသောကြောင့် ကျောက်ကပ်လူနာအနေဖြင့် အပင် သို့မဟုတ် တိရိစ ္ဆာန်မှရသော ပရိုတင်းကြွယ်ဝသည့်အစာများကို ထိန်း၍စားသင့်ပါသည်။

ရှောင်ရန် သို့မဟုတ် ကန့်သတ်စားသုံးရန် အစာများ - အသားများ၊ အဆီနှင့် ကိုလက်စထရောပါသော ပရိုတင်းများ။ ဥပမာ - ဥအနှစ်၊ ကလီစာ၊ အသည်းအမြစ်များ၊ ဝက်ခေါက်၊ ကြက်ဘဲအရေခွံ၊ အဆီများသောဝက်နှင့် အမဲသားများ၊ အဆီပါသောနံရိုးများ၊ ဝက်ကင်၊ ပီကင်းဘဲ၊ ဝက်ဗိုက်ခေါက်သား၊ ဝက်ခေါက်ကင်၊ ဘဲကင်၊ အနှစ်နှင့်ပေါင်းထားသောဘဲပေါင်း၊ ငါးဥ၊ ပုစွန်ဆီ။ ထို့အပြင် အမိုင်နိုအက်ဆစ် မပါဝင်သော အစားအစာများကိုလည်း ရှောင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်နိုင်ရန် ကျောက်ကပ်ကပို၍ အလုပ်လုပ်ရသောကြောင့် ဖြစ်ပါသည်။ ထိုအုပ်စုတွင် ဝက်သား၊ အမဲသားနှင့် ကြက်သားများ၊ ငါးမန်းတောင်၊ ဘဲ/ကြက်ခြေထောက်များ၊ အရေခွံများ၊ အရိုးနုများ၊ အခွံမာသီး၊ အခြောက်ခံထားသောပဲများနှင့် အခွံမာသီးများဖြင့်စီမံထားသော အစားအသောက်များ ပါဝင်ပါသည်။

အစားအသောက် အကြံပြုချက်များ

  • အစာစားတိုင်း အစုံပါအောင် စားရပါမည်။ ထမင်း၊ အသား၊ အသီးအရွက်များအစုံပါအောင် စားရပါမည်။
  • နာတာရှည်ကျောက်ကပ်လူနာများသည် သဘာဝမဟုတ်သော အချဉ်ရည်များ၊ ဆားများ၊ ပဲငံပြာရည်၊ ငါးငံပြာရည် တို့ကို ရှောင်ကြဉ်သင့်ပါသည်။ ၎င်းတို့အစား အနံ့အရသာကောင်းစေရန် ဟင်းခတ်အမွှေးအကြိုင်များကို သုံးပါ။

နာတာရှည်လူနာအများစုသည် လေ့ကျင့်ခန်းလုပ်ရန် အလွန်အားနည်းနေသည် သို့မဟုတ် မလုပ်နိုင်ဟု မိမိကိ်ုယ်မိမိ ထင်ကြသည်။ ထိုသို့ထင်နေပြီး လေ့ကျင့်ခန်းကို မရှောင်ရပါ။ လေ့ကျင့်ခန်းသည် သင်၏ခန္ဓာကိုယ်အတွက် လိုအပ်သောအရာတစ်ခု ဖြစ်ပါသည်။ သင်သည် မလှုပ်မရှားနေသည့်အခါ ကြွက်သားများနှင့် နှလုံးတို့အားနည်းလာပြီး အရိုးဆစ်များ တောင့်တင်းနေတတ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းက ထိုအခြေအနေကို ပြန်ကောင်းစေနိုင်ပြီး သင့်အား ပြန်လည်ကျန်းမာစေနိုင်ပါသည်။
 

လေ့ကျင့်ခန်း၏ အရေးကြီးပုံ

  • သင်၏နှလုံးကို ကြံ့ခိုင်စေပြီး နှလုံးဖောက်ပြန်ခြင်းအန္တရာယ်အား လျော့နည်းစေပါသည်။
  • ခန္ဓာကိုယ်ရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် လိုအပ်သော အောက်စီဂျင်ကို သယ်ဆောင်ပေးရသော သွေးတွင်းရှိသွေးနီဥပါဝင်မှုရာခိုင်နှုန်းနှင့် ဟီမိုဂလိုဘင်ပမာဏကို မြင့်တက်စေပါသည်။
  • သွေးပေါင်ကျစေပါသည်။
  • ကိုလက်စထရောနှင့် သွေးတွင်းအဆီများကို ကျစေပါသည်။
  • စိတ်ဖိစီးမှု လျော့ကျစေပါသည်။

ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်ထဲသို့ အဆိပ်အတောက်များစွာဝင်စေနိုင်ပြီး ခန္ဓာကိုယ်၏အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးကို ဒုက္ခပေးပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောများတွင် ပြောင်းလဲမှုဖြစ်ပေါ်လာခြင်း၊ သွေးလွှတ်ကြောပိတ်ခြင်း (သွေးကြောနံရံထူလာခြင်းနှင့် မာလာခြင်း) မှတစ်ဆင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ၊ အဆုတ်လေပြွန်ရောင်ခြင်းနှင့် အဆုတ်ကင်ဆာတို့ဖြစ်နိုင်ပါသည်။

ဆေးလိပ်ကြောင့် ကျောက်ကပ်အန္တရာယ်ဖြစ်သည်ဟုယူဆသော ဖြစ်နိုင်သည့်အကြောင်းရင်း အချို့မှာ -

  • သွေးပေါင်ချိန်တက်လာခြင်းနှင့် နှလုံးခုန်နှုန်းမြန်လာခြင်း
  • ကျောက်ကပ်သို့ သွေးစီးဆင်းမှုလျော့နည်းလာခြင်း
  • ကျောက်ကပ်သွေးကြောများ ကျဉ်းလာခြင်း
  • သွေးလွှတ်ကြောငယ်လေးများ ထိခိုက်ပျက်စီးခြင်း
  • ကျောက်ကပ်သွေးလွှတ်ကြောများပိတ်ခြင်း (သွေးကြောနံရံများထူလာခြင်းနှင့် မာလာခြင်း)

ဆေးလိပ်သောက်သောလူနာများတွင် CKD ၏အန္တရာယ်ပို၍ပင်များပါသည်။ သောက်သောဆေးလိပ်အရေအတွက် များလာလေလေ နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်နှုန်း ပိုများလာလေလေဖြစ်သည်။ ဆေးလိပ်သောက်ခြင်းက သွေးပေါင်တက်စေပြီး ဆီးထဲတွင် ပရိုတင်းပါဝင်မှုများသည့်အန္တရာယ်လည်း ပိုဖြစ်စေသည်။ ဆိုလိုသည်မှာ ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းနေခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အခြားကျောက်ကပ်ရောဂါ အမျိုးအစားများကိုလည်း လျှင်မြန်စွာဖြစ်စေနိုင်ပါသည်။ ဆီးချိုရောဂါအပေါ်တွင်လည်း ဆေးလိပ်၏ဆိုးကျိုးများကို တွေ့ရသည်။ ဆေးလိပ်သောက်သော ဆီးချိုလူနာများတွင် ကျောက်ကပ်ရောဂါဖြစ်ရန် အခွင့်အလမ်းအလွန်များပါသည်။ ကျောက်ကပ်ရောဂါရှိသော ဆီးချိုသမားများသည် ဆေးလိပ်သောက်ပါက ဆေးလိပ်မသောက်သော သို့မဟုတ် ဆေးလိပ်ဖြတ်ထားသော ဆီးချိုသမားများထက် ကျောက်ကပ်စွမ်းဆောင်ရည် ပိုမိုလျင်မြန်စွာကျဆင်းနိုင်ပါသည်။ ထို့အပြင် ဆေးလိပ်ကြောင့် သွေးပိုတိုးပြီး နှလုံးရောဂါအန္တရာယ်ပိုများပါသည်။ ဤရောဂါနှစ်ခုသည် ကျောက်ကပ်နှင့် တွဲဖြစ်တတ်သည်။ ဆေးလိပ်ဖြတ်ခြင်းသည် ကျောက်ကပ်စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးနိုင်သော မိမိလုပ်နိုင်သည့် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။

 

 

ဆေးလိပ်ဖြတ်နည်းလမ်းများ

သောက်သည့်ဆေးလိပ်အရေအတွက်ပေါ်မူတည်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်မည့်အန္တရာယ်ကို များစေသဖြင့် ဆေးလိပ်လျှော့သောက်ခြင်းက ကောင်းပါသည်။ တကယ်တမ်းဆိုလျှင် ဆေးလိပ်ဖြတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ နီကိုတင်းအားစွဲလမ်းခြင်း၊ အာသီသနှင့်ဆွဲဆောင်မှုတို့ကြောင့် ဖြတ်ရခက်နေပါက ဆေးလိပ်ဖြတ်ခြင်း အောင်မြင်ရေးအတွက် အကူအညီပေးရန် အဆင့်များရှိပါသည်။ တစ်ခါတစ်ရံ လုံးဝရပ်ပစ်ရန် အကြိမ်ရေအနည်းငယ် ကြိုးစားရသော်လည်း ကြိုးစားရကျိုးနပ်ပါသည်။
 

  • ပီကေ၊ ဆေးဝါးစသော နီကိုတင်းအစားထိုးကုထုံးများအကြောင်း ဆရာဝန်နှင့်ဆွေးနွေးပါ။
  • ဆေးလိပ်ဖြတ်ရန်ရက်ကို မိမိကိုယ်တိုင် သတ်မှတ်ပြီး ဆေးလိပ်နှင့်ပတ်သက်သောပစ္စည်းများအားလုံးကို စွန့်ပစ်ပါ။
  • ဆေးလိပ်အားစွဲလမ်းစေခြင်းမှကျော်လွှားနိုင်ရန် သင့်အားကူညီပေးနိုင်သော ပီကေဝါးခြင်း၊ သကြားလုံးစားခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ တရားထိုင်ခြင်းနှင့် စိတ်ဖိစီးမှုလျော့ကျစေသော အလုပ်တခုခုကိုလုပ်နေခြင်းစသော နည်းလမ်းများစဉ်းစားထားပါ။
  • ဆေးလိပ်ဖြတ်ခြင်း အစီအစဉ်တွင်ပါဝင်ပါ။
  • လုံးဝပြတ်သည်အထိ ဆက်ကြိုးစားပါ။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 8 vote(s)

Related Health Blogs