bih.button.backtotop.text

နာတာရှည် ကျောက်ကပ်ရောဂါ

နာတာရှည် ကျောက်ကပ်ရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးပြီး အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်၏လုပ်ဆောင်ချက်များ ဖြည်းဖြည်းခြင်းနှင့် ရာသက်ပန်ဆုံးရှုံးပျက်စီးသွားခြင်း ဖြစ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဆီးချို၊ သွေးတိုးနှင့် အဝလွန်ခြင်းတို့ဖြစ်သည်။ အခြားဖြစ်စေသောအကြောင်းရင်းများတွင် ကျောက်ကပ်တွင်းရှိ သွေးကြောငယ်လေးများရောင်ခြင်းနှင့် ကျောက်ကပ်တွင် အရည်အိတ်လေးများတည်ခြင်းစသည့် မျိုးရိုးဗီဇကြောင့်ဖြစ်သော ရောဂါများဖြစ်သည်။

စောစီးစွာရောဂါသိခြင်း၏ အရေးပါပုံ
ရောဂါဖြစ်မှန်းမသိပါက နာတာရှည်ကျောက်ကပ်ရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဆိုးလာတတ်သည်။ ကျောက်ကပ်ပျက်စီးမှု ဆိုးရွားလာသည့်တိုင် လက္ခဏာများမပြပဲနေတတ်ပါသည်။ ကျောက်ကပ်လုပ်ဆောင်ချက် ရပ်သွားခြင်းအထိ ဖြစ်နိုင်သည့် ကျောက်ကပ်ပျက်စီးမှုကိုနှေးကွေးစေရန် ရောဂါစောစီးစွာရှာဖွေသိရှိခြင်းသည် အရေးပါပါသည်။ ရောဂါကျွမ်းသွားပြီဆိုပါက ကုသနည်းများသည် ကျောက်ကပ်ဆေးခြင်းနှင့် အစားထိုးခြင်းတို့သာ ရှိတော့မည်။ 

အန္တရာယ်များတွင် အောက်ပါတို့ပါဝင်သည်။

  • ဆီးချို
  • သွေးတိုး သို့မဟုတ် သွေးပေါင်တက်ခြင်း
  • မိသားစုထဲတွင် နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း
  • သက်ကြီးပိုင်း
  • အဝလွန်ခြင်း
  • ဆေးလိပ်သောက်ခြင်း

စဦးပိုင်း ရောဂါစစ်ဆေးခြင်းများသည် ရိုးရှင်းပါသည်။

  • သွေးပေါင်ချိန်တိုင်းတာခြင်း
  • ဆီးတွင်းပရိုတင်းပါဝင်မှုအတွက် ဆီးစစ်ခြင်း - ပရိုတင်းဓါတ်သည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါသည်။ ပုံမှန်အားဖြင့် ကျောက်ကပ်များသည် သွေးထဲမှအညစ်အကြေးများကိုစစ်ထုတ်ပြီး ခန္ဓာကိုယ်မှ အသုံးပြုမည့် ပရိုတင်းဓါတ်ကိုစစ်ယူထားလိုက်သည်။ ကျောက်ကပ်လုပ်ဆောင်ချက် ပုံမမှန်သောအခါ အယ်လ်ဗျူမင်ဟုခေါ်သော သွေးတွင်းရှိပရိုတင်းများ ဆီးထဲသို့ပါသွားနိုင်သည်။ ဆီးတွင်းရှိ ပရိုတင်းစစ်ဆေးခြင်းအား နည်းလမ်းများစွာဖြင့် ပြုလုပ်နိုင်သည်။ ဆီးတွင်း ပရိုတင်းပမာဏများနေခြင်းသည် ကျောက်ကပ်လုပ်ဆောင်ချက်ပျက်စီးနေခြင်းနှင့် နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ခြင်းတို့၏ လက္ခဏာတစ်ခု ဖြစ်သည်။
  • ခရီတီနင်းဓါတ်အတွက် သွေးစစ်ခြင်း - ခရီတီနင်းသည် ကြွက်သားဆဲလ်များပျက်စီးခြင်းမှထွက်လာသည့် သွေးထဲရှိစွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဆရာဝန်များသည် သွေးထဲရှိခရီတီနင်းအဖြေမှ ကျောက်ကပ်လုပ်ဆောင်ချက် အရည်အသွေးကို အဆုံးအဖြတ်ပေးသည့် ကျောက်ကပ်စစ်ထုတ်မှုနှုန်း (GFR) ကိုတွက်ချက်နိုင်သည်။ GFR နည်းနေပါက ကျောက်ကပ်များသည် ခန္ဓာကိုယ်မှအညစ်အကြေးများကို ကောင်းစွာမစွန့်ထုတ်နိုင်ကြောင်း ပြသည်။

ကျောက်ကပ်သည် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များစွာနှင့် ဆက်နွယ်နေသဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများ သည် မတူညီနိုင်ပါ။ အချို့သူများတွင် သိပ်မဆိုးပဲ အတိအကျမပြောနိုင်သော လက္ခဏာများပြနိုင်ပြီး အများစုတွင် ရောဂါလက္ခဏာလုံးဝမပြတတ်ပေ။ ထို့ကြောင့် နာတာရှည် ကျောက်ကပ်ရောဂါကို နောက်ဆုံးအဆင့် ရောက်သည်အထိ မသိရှိပဲနေတတ်သည်။ အောက်ပါ ရောဂါလက္ခဏာများကို သတိပြုပါ။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • မှတ်ဉာဏ်စွမ်းအား လျှော့ကျခြင်း
  • အစားအသောက်ပျက်ခြင်း
  • အိပ်မရခြင်း
  • အရေပြားယားယံခြင်း
  • ကြွက်တက်ခြင်း (အထူးသဖြင့် ညဘက်တွင်)
  • ခြေထောက်၊ ခြေဖမိုး ဖောရောင်ခြင်း
  • မျက်လုံးတစ်ဝိုက် မို့ဖောင်းနေခြင်း (အထူးသဖြင့် မနက်ပိုင်းတွင်)
  • ဆီးမကြာခဏသွားခြင်း (အထူးသဖြင့် ညဘက်တွင်)

ဆရာဝန်မှ အကောင်းဆုံးကုသမှု အစီအစဉ်ဆွဲနိုင်ရန် လိုအပ်သောစစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်။ သင်မျှော်လင့်ထားရမည့် တိကျသောစစ်ဆေးမှုများမှာ -

  • ကျောက်ကပ်စစ်ထုတ်နိုင်မှုနှုန်း (GFR) တွက်ချက်ခြင်းသည် ခရီတီနင်းပမာဏ၊ အသက်အရွယ်၊ လူမျိုးနှင့် ကျား/မပေါ်မူတည်ပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကို တွက်ချက်နိုင်မည့် အကောင်းဆုံးနည်းဖြစ်သည်။ GFR သည် ဆရာဝန်များအား ကျောက်ကပ်ရောဂါ မည်သည့်အဆင့်ဖြစ်သည်ကို ပြောပြနိုင်ပြီး သင့်တော်သော ကုသမှုအစီအစဉ်ကို ရေးဆွဲနိုင်ရန်ကူညီသည်။
  • အာလ်ထရာဆောင်း သို့မဟုတ် စီတီစကင်အား အချို့သော ကျောက်ကပ်ပြဿနာများနှင့် ဆီးလမ်းကြောင်းရောဂါများရှာဖွေရန် အသုံးပြုသည်။ ရလာသောပုံရိပ်များသည် ဆရာဝန်အား ကျောက်ကပ်၏အရွယ်အစား၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း သို့မဟုတ် အကြိတ်များရှိမရှိ၊ ကျောက်ကပ်အနေအထားနှင့် ဆီးလမ်းကြောင်း အခြေအနေများကိုပါ သိစေနိုင်သည်။
  • ကျောက်ကပ်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်း သေချာမသိရသောအခါ ဆရာဝန်အတွက် အချက်အလက်များ ပိုမိုရစေရန် ကျောက်ကပ်အသားစယူစစ်ဆေးခြင်း လိုအပ်သည်။ ကျောက်ကပ်မှယူသော အသားစနမူနာအား အဏုကြည့်မှန်ဘီလူးအောက်တွင် စစ်ဆေးကြည့်ရှုပြီး ကျောက်ကပ်ပျက်စီးမှု အတိမ်အနက်ကိုဆုံးဖြတ်ကာ အကောင်းဆုံးဖြစ်နိုင်ချေရှိမည့် ကုသရေးအစီအစဉ်ကို ဆွဲပါသည်။

အဆင့်

အဆင့်အားအဓိပ္ပါယ်ဖွင့်ဆိုခြင်း

ကျောက်ကပ်စစ်ထုတ်မှုနှုန်း

အဆင့် ၁

အနည်းငယ်ကျောက်ကပ်ပျက်စီး (ဆီးတွင်းပရိုတင်းများနေ) ကျောက်ကပ်စစ်ထုတ်မှုနှုန်းပုံမှန်ရှိ။

၉၀ သို့မဟုတ် အထက်

အဆင့် ၂

ကျောက်ကပ်ပျက်စီး၊ ကျောက်ကပ်စစ်ထုတ်မှုနှုန်းအနည်းငယ်ကျ

၆၀-၈၉

အဆင့် ၃

ကျောက်ကပ်စစ်ထုတ်မှုနှုန်းအတန်အသင့်ကျ

၃၀-၅၉

အဆင့် ၄

ကျောက်ကပ်စစ်ထုတ်မှုနှုန်းအလွန်ကျ

၁၅-၂၉

အဆင့် ၅

ကျောက်ကပ်အလုပ်မလုပ်နိုင်

၁၅ အောက်

ကျောက်ကပ်စစ်ထုတ်မှုနှုန်းသည် ဆရာဝန်အား သင့်ကျောက်ကပ်များ မည်မျှကောင်းကောင်း အလုပ်လုပ်နေသည်ကို သိစေသည်။ ယေဘုယျအားဖြင့် ရောဂါလက္ခဏာများပေါ်သည့်အချိန်တွင် ကျောက်ကပ်ရောဂါသည် အဆိုးဆုံးဖြစ်ပြီး ကျောက်ကပ်စစ်ထုတ်မှုနှုန်းသည်လည်း သိသိသာသာကျဆင်းနေမည်။ 

Related Treatments

Doctors Related

Related Centers

ကျောက်ကပ်ရောဂါကုဌာန

လေ့လာရန်

Related Packages

Rating score 8.44 of 10, based on 9 vote(s)

Related Health Blogs