bih.button.backtotop.text

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းသည် ကြောက်စရာမဟုတ်ပါ။

ապրիլի 03, 2018


Colonoscopy-500x450-(1).jpg


အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဟာ နှစ်လိုဖွယ်ရာမဟုတ်ဘူးလို့ လူသိများခဲ့တာ ကြာခဲ့ပါပြီ။ သို့သော်လည်း ခနတာခံစားရမည့်မအီမသာဖြစ်ခြင်းနှင့် အဆင်မပြေဖြစ်ခြင်းဟာ မှန်ပြောင်းကြည့်ပြီးရရှိလာမည့် အကျိုးကျေးဇူးနှင့်ယှဉ်လျှင် အဆမတန်နည်းပါတယ်။ မှန်ပြောင်းကြည့်ခြင်းဖြင့် သင့်ဆရာဝန်သည် အူမကြီးရှိရောဂါများ၊ အကြိတ်များ၊ အနာများ၊ ရောင်ရမ်းခြင်းများ၊ သို့မဟုတ် အခြားပုံမှန်မဟုတ်သောအရာများကို သိရှိနိုင်ပြီး သင်သတိမထားမိသော ရောဂါများကိုကုသရန် အခွင့်အရေးရပါမည်။ ကာကွယ်ခြင်းသည် အကောင်းဆုံးသောဆေး ဖြစ်ပါသည်။ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဟာ နှစ်လိုဖွယ်ရာမဟုတ်သော်လည်း ဘမ်ရွန်ဂရက် ဆရာဝန်များတွင် သင့်အား သက်တောင့်သက်သာရှိစေပြီး အစမှအဆုံး သေချာစွာ ဂရုတစိုက် ပြုလုပ်ပေးနိုင်မည့် ကိရိယာများနှင့် နည်းပညာအတွေ့အကြုံများရှိနေပါသည်။ ယခုဆောင်းပါးတွင် အူလမ်းကြောင်းမှန်ပြောင်းနှင့် ပတ်သက်ပြီး သင်သိလိုမည့်အရာအချို့ကို တင်ပြသွားပြီး ဤအရေးကြီးသည့် ရောဂါကာကွယ်ရေးလုပ်ဆောင်ချက်များအကြောင်း ရှင်းလင်းသွားမည် ဖြစ်ပါသည်။
 

  • အူလမ်းကြောင်းမှန်ပြောင်း ဘာကြောင့်အရေးကြီးပါသလဲ။
  • အူလမ်းကြောင်းမှန်ပြောင်းကြည့်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ။
  • မှန်ပြောင်းကြည့်နေစဉ် ဘာတွေဖြစ်မလဲ။
  • ဘာတွေမျှော်လင့်ထားရမလဲ။
  • ဆရာဝန်နှင့်ဆွေးနွေးပါ။

အူလမ်းကြောင်းမှန်ပြောင်း ဘာကြောင့်အရေးကြီးပါသလဲ။

အရှင်းဆုံးဆိုရလျှင် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းသည် ကင်ဆာနှင့်အခြားရောဂါများကို စောစီးစွာတွေ့စေနိုင်သည့် စစ်ဆေးမှုဖြစ်သည်။ ရောဂါတစ်ခုအား ပိုမိုဆိုးရွားလာပြီး နောက်ဆုံးကုမရသည့်အခြေအနေထိမရောက်ခင် သိရှိခြင်းသည် မှန်ကန်သော ရောဂါကာကွယ်ရေး၏ ပထမဆင့်ဖြစ်သည်။ အူလမ်းကြောင်းမှန်ပြောင်းကြည့်ပြီး ရောဂါစစ်ဆေးခြင်းသည် အသက် ၅၀ ကျော်သူများ (ထိုသူများတွင် အသက်ကြီးရင့်မှုမှလွဲပြီး အူမကြီးကင်ဆာဖြစ်စေမည့် အခြားအန္တရာယ်များမရှိ) နှင့် မိသားစုမျိုးရိုးထဲတွင် အူလမ်းကြောင်းရောဂါ သို့မဟုတ် ကင်ဆာရှိသူများအတွက် အရေးကြီးသည်။ ထို့အပြင် မှန်ပြောင်းကြည့်ခြင်းဖြင့် ဆရာဝန်သည် သင့်တွင်ဖြစ်နေသော ဗိုက်နာခြင်း၊ စအိုသွေးယိုခြင်း၊ ကာလကြာဝမ်းချုပ်ခြင်း၊ ကာလကြာဝမ်းလျှောခြင်းနှင့် အခြားအူလမ်းကြောင်းပြဿနာများ၏ အကြောင်းရင်းများကိုပါ စစ်ဆေးနိုင်သည်။

လူအများသည် သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း၊ ရင်သားဓါတ်မှန်ရိုက်ခြင်းစသည်တို့ကိုသာ မကြောက်မရွံ့လုပ်ကြသော်လည်း အူလမ်းကြောင်းမှန်ပြောင်းဆိုလျှင် တွန့်ဆုတ်တတ်ကြသည်။ လူနာအများစုသည် အူလမ်းကြောင်းမှန်ပြောင်းကြည့်လျှင် အိပ်ဆေး၊ မေ့ဆေးဖြင့်လုပ်ရမည်ကို ကြောက်ရွံ့တတ်ကြသလို ခန္ဓာကိုယ်၏မမြင်အပ်သောနေရာကို သူများအားပေးမြင်ရမည်ကိုလည်း ရှက်တတ်ကြသည်။

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကြောင့် အန္တရာယ်တစ်ခုခုရှိနိုင်ပါသလား။

အနည်းငယ်တော့ရှိပါသည်။ ဖြစ်ခဲလှသော အခြေအနေများမှာ မေ့ဆေး၊ အိပ်ဆေးနှင့်ဓါတ်မတည့်ခြင်း၊ အသားစယူရသည့်အခါ ထိုနေရာမှသွေးထွက်ခြင်း (အသားစယူနေစဉ် သို့မဟုတ် မှန်ပြောင်းကြည့်ပြီးနောက် ဝမ်းသွားသည့်အခါ အနည်းငယ်ထွက်ခြင်းဖြစ်သည်)၊ အူတွင်တွေ့သောအသားပိုကို ဖြတ်ထုတ်ရာမှ သို့မဟုတ် အူ၊ အစာဟောင်းအိမ်နံရံထိခိုက်မိရာမှ သွေးထွက်ခြင်း တို့ဖြစ်သည်။

အူလမ်းကြောင်းမှန်ပြောင်းကြည့်ဖို့ ဘယ်လိုပြင်ဆင်ရပါမလဲ။

လူနာသည် မှန်ပြောင်းမကြည့်ခင်တစ်ရက်တွင် အူမကြီးလမ်းကြောင်းကို ရှင်းအောင်လုပ်ဖို့လိုပါသည်။ အူမကြီးလမ်းကြောင်း သန့်ရှင်းစင်ကြယ်နေဖို့ကအရေးကြီးပါသည်။ သို့မှသာ ဆရာဝန်သည် အူမကြီးတစ်လျှောက် မြင်ကွင်းကောင်းကောင်းမြင်ရမည်ဖြစ်ပါသည်။

အူရှင်းရန် သင့်အား ဆရာဝန်မှ အောက်ပါတို့ပြုလုပ်စေပါမည်။

  • မှန်ပြောင်းမကြည့်ခင်တစ်ရက်တွင် ပျော့သောအစာများကိုသာ စားသုံးရပါမည်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နို့နှင့်နို့ထွက်ပစ္စည်းများ မစားရ။ ဥပမာ စွတ်ပြုတ် (ငါး သို့မဟုတ် ကြက်)၊ ထမင်း၊ ဆံပြုတ်တို့ စားသောက်နိုင်ပါသည်။ ရေ သို့မဟုတ် ကြည်သောအရည်ကိုသာ သောက်ပါ။ ဆိုးဆေးပါသော အနီရောင် အမည်းရောင်အရည်များ မသောက်ပါနှင့်။ မှန်ပြောင်းကြည့်စဉ် သွေးနှင့်ခွဲရခက်တတ်ပါသည်။
  • ဝမ်းနှုတ်ဆေးသောက်ပါ။ ပုံမှန်အားဖြင့် ဝမ်းနှုတ်ဆေးသည် အတောင့် သို့မဟုတ် အရည်ပုံစံဖြင့် လာတတ်သည်။ မှန်ပြောင်းမကြည့်ခင် တစ်ရက်အလိုညဘက် သို့မဟုတ် မကြည့်ခင်မနက်ပိုင်းတွင် သောက်ရမည်။ အူရှင်းခြင်းသည် ၃ နာရီမှ ၆ နာရီကြာတတ်ပြီး ဝမ်း ၅ ကြိမ်မှ ၁၀ ကြိမ်သွားဖို့လိုသည်။ အနည်းငယ် နွမ်းလျခြင်းအတွက် စိတ်ပူစရာမရှိပါ။ ဝမ်းလျှောသလို လက္ခဏာမျိုး ခံစားရဖွယ် သိပ်မရှိပါ။
  • နောက်ဆုံးအနေဖြင့် အရေးကြီးသည်မှာ မှန်ပြောင်းမကြည့်ခင် အနည်းဆုံးတစ်ပတ်ကြိုပြီး ဆရာဝန်အား သင်လက်ရှိသုံးစွဲနေသောဆေးများကို ပြောပြထားပါ။ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံး သို့မဟုတ် သွေးကြဲဆေးတို့ဖြစ်ပါသည်။ မှန်ပြောင်းမကြည့်ခင် ယာယီ ဆေးများရပ်ခြင်း သို့မဟုတ် အတိုးအလျှော့လုပ်ခြင်း ပြုလုပ်ရနိုင်ပါသည်။

မှန်ပြောင်းကြည့်စဉ် ဘာတွေဖြစ်မလဲ။

ကြည့်မည့်နေ့တွင် သင့်အား အဝတ်လဲခန်းသို့ခေါ်ဆောင်သွားပြီး ဆေးရုံအဝတ်လဲကာ ဘေးတစောင်းအိပ်စေပါမည်။ နာကျင်မှု သို့မဟုတ် မအီမသာဖြစ်မှုနည်းစေရန် အိပ်ဆေးပေးပါမည်။

ထို့နောက် အူမကြီးအား မှန်ပြောင်းဖြင့်စစ်ဆေးမှုပြုပါမည်။ မှန်ပြောင်းသည် သေးငယ်ပြီး ကွေးနိုင်ဆန့်နိုင်ကာ တစ်ဖက်ထိပ်တွင် ကင်မရာအသေးလေးနှင့်မီးတို့တပ်ထားပါသည်။ ဘေးဘက်ပြွန်သည် ဆရာဝန်မှ အူမကြီးထဲသို့ လေမှုတ်သွင်းနိုင်ရန် တပ်ထားခြင်းဖြစ်သည်။ ဆရာဝန်သည် အဆိုပါဘေးဘက်ပြွန်မှတဆင့် ကိရိယာများထိုးသွင်းကာ အသားစယူခြင်း သို့မဟုတ် ကုသမှုတစ်ခုခုပြုလုပ်ပါသည်။ မှန်ပြောင်းကြည့်နေစဉ် ဆရာဝန်သည် အူမကြီးအတွင်းနံရံတစ်ခုလုံးအား သေချာစွာစစ်ဆေးပြီး အလုံးအကြိတ်များ၊ ကင်ဆာသံသယရှိဖွယ်အရာများကို ရှာဖွေပါမည်။ မှန်ပြောင်းကြည့်ခြင်းသည် ခန့်မှန်းချေ မိနစ် ၂၀ မှ ၃၀ ကြာတတ်သည်။

ကြည့်ပြီးသောအခါ နားနေခန်းတွင်းတွင် အိပ်ဆေးပြေသည်အထိ စောင့်ကြည့်ရန် ၁ နာရီမှ ၂ နာရီကြာ ထားပါမည်။ ထို့နောက် အိမ်ပြန်နိုင်ပြီး အနားယူကာ အစာစားနိုင်ပါသည်။ အချို့လူနာများသည် မှန်ပြောင်းကြည့်ပြီးနာမှာကို စိုးရိမ်တတ်ကြသည်။ လူနာအများစုတွင် လေပွသကဲ့သို့ဖြစ်ခြင်း၊ အူတွင်းလေမှုတ်သွင်းထားသဖြင့် အချို့နေရာများတွင် အနည်းငယ်မအီမသာဖြစ်ခြင်းသာရှိပါမည်။ မှန်ပြောင်းကြည့်ပြီးနောက် မိတ်ဆွေ သို့မဟုတ် မိသားစုဝင်အဖော်တစ်ဦးဖြင့် အိမ်ပြန်ပါ။ အိပ်ဆေးအရှိန်လုံးဝပြေရန် တစ်နေ့လောက်ကြာတတ်သောကြောင့် ဖြစ်ပါသည်။

ဘာတွေမျှော်လင့်ထားရမလဲ။

ကောင်းသောအဖြေ - သင်သည် အသက်အရွယ်အရသာ အူမကြီးကင်ဆာဖြစ်နိုင်ချေရှိပြီး အခြားဖြစ်စေနိုင်သော အန္တရာယ်များမရှိပါက ကောင်းသောအဖြေရမည်။ ဆိုလိုသည်မှာ တွေ့ရှိချက်အားလုံး ပုံမှန်ဖြစ်ပြီး ဆရာဝန်သည် အူမကြီးထဲတွင် ပုံမမှန်ခြင်းမတွေ့ရပါ။ ဤသို့ဆိုပါက နောက် ၁၀ နှစ်မှသာ မှန်ပြောင်းထပ်ကြည့်ရန် ဆရာဝန်မှအကြံပေးပါမည်။

မကောင်းသောအဖြေ - အသားပိုများ၊ အခြားပုံမှန်မဟုတ်သောအရာများတွေ့ပါက မကောင်းသောအဖြေဟု ဆိုနိုင်သည်။ ပုံမှန်အားဖြင့် အသားပိုများသည် ကင်ဆာမဟုတ်ပါ၊ မှန်ပြောင်းကြည့်နေစဉ် ဆရာဝန်မှ ဖြတ်ထုတ်ပစ်ပါမည်။ အသားပို တစ်လုံး သို့မဟုတ် တစ်လုံးထက်မက ဖြတ်ထုတ်ရပါက အသားပို၏အရွယ်၊ ဆဲလ်အမျိုးအစားနှင့် အရေအတွက်ပေါ်မူတည်ပြီး ဆရာဝန်မှ နောက်ပိုင်းတွင် မှန်ပြောင်းထပ်ကြည့်ဖို့ အကြံပြုပါမည်။ နောက်တစ်ခါကြည့်ရန်မှာ ၅ နှစ်မှ ၁၀ နှစ်၊ ၃ နှစ်မှ ၅ နှစ်၊ သို့မဟုတ် ၃ လမှ ၆ လအတွင်း ဖြစ်နိုင်ပါသည်။ အသားပိုသည် ကင်ဆာဖြစ်လာနိုင်ချေများပါက သို့မဟုတ် ကင်ဆာအစောပိုင်းအဆင့်တွင်ရှိနေပြီဖြစ်ပါက အသားစအဖြေကို ဆရာဝန်မှ ရှင်းပြပါမည်။

အူရှင်းခြင်းမလုံလောက်သဖြင့် ဆရာဝန်သည် အူမကြီး၏အခြေအနေကို ကောင်းကောင်းမမြင်ရသည့်အခါ ထပ်ကြည့်ရန် အကြံပြုတတ်ပါသည်။

ဆရာဝန်နှင့်ဆွေးနွေးပါ။

သင့်ဆရာဝန်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်မည့်အကြောင်း ပြောရန်မှာ သင့်အတွက် ဝန်လေးစရာ သို့မဟုတ် စိတ်မလုံခြုံစရာဖြစ်နေတတ်ပါသည်၊ သို့သော် စိတ်မပူပါနှင့်။ ဤအကြောင်းအား အရင်ဆုံးလူနာများနှင့် ဆွေးနွေးထားပြီးဖြစ်ပြီး လူနာအား မည်သို့စိတ်ငြိမ်အောင်၊ ကြောက်ရွံ့မှုနည်းအောင် ပြုလုပ်ရန် သူတို့သိပါသည်။ မှန်ပြောင်းကြည့်ရန် ကြောက်ရွံ့နေဆဲဖြစ်ပါက သိရှိထားရမည်မှာ အူလမ်းကြောင်းမှန်ပြောင်းသည် အူလမ်းကြောင်းရောဂါများနှင့် ကင်ဆာကိုသိရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ခနတာမအီမအာဖြစ်မှုနှင့် ယှဉ်လျှင် ပြုလုပ်ထိုက်သော စစ်ဆေးမှုဖြစ်ပါသည်။

Dr. Poungpen Sirisuwannatash ၊ အစာအိမ်အူလမ်းကြောင်းနှင့်အသည်းအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းကုဌာန၊ ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ ရေးသားသည်။

အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းအကြောင်းပိုမိုသိရှိလိုပါက - မေးခွန်းမေးပါ။

အစာအိမ်နှင့်အူလမ်းကြောင်းကုဌာနမှ အစာအိမ်အူလမ်းကြောင်း၊ အသည်းအထူးကုနှင့် ရက်ချိန်းယူလိုပါက - ရက်ချိန်းယူမည်။
 

IMG
IMG
IMG
IMG




    Scroll for more