bih.button.backtotop.text

ကျန်းမာရေးအတွက်ကောင်းသော အနံ့ဆိုးအစားအစာ ၆ မျိုး

փետրվարի 06, 2018


 

Six-foul-smelling-foods-that-are-actually-good-for-you.jpg

အစားအစာတစ်ခုဟာ အနံ့တော့ဆိုးမယ်၊ ဒါပေမယ့် စားလို့ကောင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းမယ်ဆိုတာ ဖြစ်နိုင်မလား။ အကယ်၍ သင်စားရဲမယ်၊ နှာခေါင်းကလည်း ခံနိုင်မယ်ဆိုရင် အာဟာရများစွာဖြစ်စေမယ့် အောက်ပါအနံ့ဆိုးအစားအစာ ၆ မျိုးကို သဘောတွေ့လာပါလိမ့်မယ်။ 
၁။ ဆီတိုဟူး (ခ) ချိုတိုဟူး
တရုတ်တန်းကိုရောက်ဖူးတယ်၊ အမှိုက်ပုံကအနံ့လိုရဖူးတယ်ဆိုရင် ဒါဟာအနံ့ဆိုးတဲ့ ဆီတို့ဟူးဖြစ်ဖို့များပါတယ်။ ဒါကတော့ အချဉ်ဖောက်ထားတဲ့ ဆီတိုဟူးဖြစ်ပြီး တရုတ်ပြည်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ကမ္ဘာအနှံ့မှ တရုတ်တန်းများတွင် လူသိများသော လမ်းဘေးအစားအစာတစ်ခု ဖြစ်ပါသည်။ 
ပုံမှန်တို့ဟူးကို ပဲပုပ်မှပြုလုပ်ပြီး တရုတ်အစားအစာများတွင် အဓိကပါဝင်သောအရာ ဖြစ်ရုံသာမက သက်သတ်လွတ်စာများတွင်လည်း မပါမဖြစ် ဖြစ်ပါသည်။ ပုံမှန်တို့ဟူးအား အနံ့ဆိုးအောင်ပြုလုပ်ရာတွင် ပထမဆုံးအဆင့်မှာ နို့၊ အသားနှင့် အသီးအရွက်များ (တခါတရံ ငါး သို့မဟုတ် ပုဇွန်ထည့်သည်) သုံးပြီး အငန်ရည်ပြုလုပ်ရသည်၊ ပြီးနောက် လပေါင်းများစွာ အချဉ်ဖောက်ထားရသည်။  
အချဉ်ဖောက်ပြီးသည့်အခါ ပုံမှန်တို့ဟူးတုံးလေးများအား အငန်ရည်တွင် ၆ နာရီအထိ စိမ်ရသည်။ ဆီတို့ဟူးအား ချက်ပြုတ်နည်း များစွာရှိသည်။ လူသိအများဆုံးမှာ ဆီနှင့်ကြော်ခြင်းဖြစ်သည်။ ထို့အပြင် တို့ဟူးအေးအနေဖြင့်လည်းကောင်း၊ ပေါင်း၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ဟော့ပေါ့များတွင်လည်းကောင်း စားသုံးကြသည်။  
သင့်၏စားချင်စိတ်က အမှိုက်ပုတ်နံ့လိုအရာကို ကျော်လွှားနိုင်ပြီဆိုလျှင် အနံ့ဆိုးသည့် ဆီတို့ဟူး၏အရသာကို သင်နှစ်သက်လာတော့မည်။ သင့်အစားအသောက်တွင်လည်း တို့ဟူး၏ ကြီးမားသောအာဟာရတန်ဖိုးအပြင် အချဉ်ဖောက်ခြင်းမှရသော ကောင်းကျိုးများကိုလည်း သင်ခံစားရမည်။  
တို့ဟူးသည် ကယ်လိုရီပမာဏနည်းပြီး ပရိုတင်းဓါတ်ကြွယ်ဝကာ ကိုလက်စထရောနှင့် ဂလူတင်ဓါတ်ကင်းပါသည်။ သတ္တုဓါတ်များလည်းကြွယ်ဝသဖြင့် တို့ဟူးသည် ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်နှင့် မက်ဂနီစီယမ်ဓါတ်တို့ အကောင်းဆုံးပေးနိုင်သော အစာတစ်ခုဖြစ်ပါသည်။ 
အချဉ်ဖောက်ရာတွင် ကောင်းသောဘက်တီးရီးယားများ ပေါက်ပွားလာပြီး ၎င်းတို့က အစာခြေခြင်းကို အားပေးသည်။ အချဉ်ဖောက်ခြင်းသည် အင်ဆူလင်ကိုလည်းပိုထွက်စေပြီး အင်ဆူလင်ခံနိုင်အားကို ကောင်းစေသည်။ အချဉ်ဖောက်ထားသောအစာများနှင့် မဖောက်ထားသောအစာများကိုနှိုင်းယှဉ်သော သုတေသနများအရ ပဲပုပ်များကိုအချဉ်ဖောက်သည့်အခါ အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်နိုင်သည့် သဘာဝဒြပ်ပေါင်းများ ထွက်စေသည်။ ဆီးချိုရှိပြီးသူများတွင်လည်း ရောဂါဆိုးရွားလာမှုကို နှောင့်နှေးစေသည်။  
 
၂။ ဒူးရင်းသီး
ဒူးရင်းသီးမှာ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှအစပြုခဲ့သော အသီးဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံသည် ကမ္ဘာ့နံပါတ် ၁ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံဖြစ်ကာ ဒူးရင်းသီးအမျိုးအစားပေါင်း ၃၀ဝ ကျော်လည်းရှိသဖြင့် ကမ္ဘာပေါ်၏ဒူရင်းသီးမြို့တော်ဖြစ်လာသည်။ ဘန်ကောက်မှ ကီလိုမီတာ ၃၀ဝ အကွာ ချန်သဘူရီပြည်နယ်သည် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးအထွက်ဆုံးဒေသဖြစ်သည်။ 
ဒူးရင်းသီး၏အထဲတွင် အစေ့ကြီးများပါပြီး အစေ့များကို ခရင်(မ်)အရောင် အသားများနှင့်ဖုံးအုပ်ထားသည်။ အပြင်ကကြည့်မည်ဆိုလျှင် ဒူးရင်းသီးသည် ဘောလုံးအရွယ်ရှိပြီး အနံ့ကတော့ ဘောလုံးထက်ဆိုးသည်။ စူးရှသောအနံ့သည် ရက်အတန်ကြာစွဲနေတတ်သည်။ ထို့ကြောင့် ဒူးရင်းသီးအား ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှဒေသရှိ လေဆိပ်များ၊ လေယာဉ်များ၊ ဟိုတယ်များနှင့် အများသုံးကား၊ ရထားများတွင် တားမြစ်ထားခြင်းဖြစ်သည်။ ပြုတင်းပေါက်မှ ခေါင်းထွက်ပြီးမစားနိုင်ဘူးဆိုလျှင် မစားခင် ပြုတင်းပေါက်များကို ကျယ်ကျယ်ဖွင့်ထားပါ။ 
ဒူးရင်းသီးကြိုက်သူများကတော့ ဒူးရင်းသီးသည် ချိုပြီး အနံ့အရသာကောင်း၍ လေးလေးပင်ပင်ရှိကာ ကြက်ဥနို့ပေါင်း သို့မဟုတ် ပူတင်းကဲ့သို့ဖြစ်သည်ဟု ဆိုကြသည်။ မကြိုက်သူများကတော့ ပုပ်နေသောအသားအတိုင်းဟု ဆိုကြသည်။ 
အယူအဆအမှားတစ်ခုမှာ ဒူးရင်းသီးစားခြင်းဖြင့် ကိုလက်စထရောအဆီများတက်သည်ဆိုခြင်း ဖြစ်သည်။ တကယ်တော့ ဒူးရင်းသီးတွင် ကောင်းသောအဆီများပါပြီး ထိုကောင်းသောအဆီများက မကောင်းသောအဆီများကို လျော့ကျစေပြီး သွေးပေါင်လည်းထိန်းပေးသည်။ 
ဒူးရင်းသီးသည် ဗီတာမင်များ၊ သတ္တုဓါတ်များနှင့် အမျှင်ဓါတ်များရရန် ကောင်းသောအစာဖြစ်သည်။ ပန်းကန်လုံးတစ်လုံးပမာဏ ဒူးရင်းသီး ၂၅၀ ဂရမ်တွင် အဆီ ၁၃ ဂရမ်ပါသည်၊ သို့သော် မကောင်းသည့် ပြည့်ဝအဆီ၊ ကိုလက်စထရောတို့မပါဝင်ပဲ ဆိုဒီယမ်ဆားဓါတ်လည်း မပါသလောက်ရှိသည်။ အဆိုပါပမာဏစားလျှင် ပရိုတင်းဓါတ် ၄ ဂရမ်၊ အမျှင်ဓါတ် ၁၀ ဂရမ်နီးပါးနှင့် နေ့စဉ်စားသုံးရန်လိုအပ်သော ပမာဏဖြစ်သည့် ဗီတာမင် B6၊ ဗီတာမင် C၊ သံဓါတ်၊ မန်းဂနီစ့်၊ ပိုတက်စီယမ်နှင့် သီယာမင်းဓါတ်တို့လည်း ပါဝင်သည်။ 
သတိပြုရန် - ဆီးချိုလူနာများနှင့် အခြားအစားရှောင်ရသည့်လူနာများအနေဖြင့် ဒူးရင်းသီးတွင် ကယ်လိုရီများသော ဂလူးကို့စ်သကြားဓါတ်များစွာပါသည်ကို သတိပြုရန် အရေးကြီးပါသည်။ ဤသို့ ကယ်လိုရီများသောကြောင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းပမာဏသာ စားသုံးသင့်ပါသည်။ 
 
၃။ Surströmming (ဆွီဒင်ငါးသေတ္တာ)
Surströmming ဆိုသည်မှာ ဆွီဒင်ငါးသေတ္တာဖြစ်ပြီး အချဉ်ဖောက်ထားသောအစာဖြစ်သည်။ Kusaya (အဓိပ္ပါယ်မှာ အနံ့ဆိုး) ဆိုသည့် ဂျပန်အချဉ်ဖောက်ငါးနှင့်ဆင်တူသည်။ အဆိုပါငါးသည် ဂျပန်စာတွင် အနံ့အဆိုးဆုံးဟု သတ်မှတ်ထားသည်။ Surströmming ပြုလုပ်ပုံမှာ ငါးကို ၆ လကြာအချဉ်ဖောက်ပြီး သံဗူးထဲတွင် ၁ နှစ်ကြာလောက် ထားသည်။ 
Surströmming ၏အနံ့ကို အနီးစပ်ဆုံး ဖော်ပြရမည်ဆိုလျှင် ပုပ်နေသောဒိန်ခဲအား လူမှထွက်သောချွေးနှင့်ရောထားသည့် အနံ့ဖြစ်သည်။ ငါးကိုယ်တိုင်ကိုက အချဉ်မဖောက်ရသေးခင်၌ပင် အနံ့မကောင်းပါ။ ထို့ကြောင့် အချဉ်ဖောက်ပြီးသည့်အခါ အနံ့ဘယ်လောက်ဆိုးမည်ကို မှန်းဆနိုင်ပါသည်။ မြင်အောင်ပြောရလျှင် ဘဝတွင်ကြုံတွေ့ဖူးသော Surströmming မဟုတ်သော အဆိုးဆုံးသောအနံ့တစ်ခုကို ပြန်စဉ်းစားကြည့်ပါ၊ အဆိုပါအနံ့အား အဆပေါင်းသိန်းသန်းကုဋေနှင့် ထပ်မြောက်လိုက်ပါ။ 
အနံ့သည် ငါးထည့်ထားသော သံဗူးပေါက်ထွက်တော့မည့်အလား ပြင်းထန်ပါသည်။ ဤငါးကို လေကြောင်းလိုင်းအတော်များများတွင် ပေါက်ကွဲစေနိုင်သောပစ္စည်းတစ်ခုအဖြစ်မှတ်ယူပြီး ယူဆောင်ခွင့်မပြုပါ။ အနံ့ဆိုးစေကာမူ အချို့သောဆွီဒင်လူမျိုးများက စားကြသည်။ အချို့ကတော့ ကြက်သွန်နှင့်အာလူးတို့ပါသော ပေါင်မုန့်ထောပတ်သုတ်နှင့်မစားခင် အက်ဆစ်လိုအရသာလျော့သွားစေရန် အရင်ဆုံး ဆိုဒါရေနှင့်ဆေးလိုက်သည်။ 
ဤငါးကို အဆီများသောငါးဟုသတ်မှတ်သည် (ဆာမွန်နှင့်ထရောက်ငါးတို့သည်လည်း ဤအုပ်စုဝင်ဖြစ်သည်)။ ထို့ကြောင့် DHA နှင့် EPA စသည့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များ၊ အကြွယ်ဝဆုံးအစာဖြစ်သည်။ ဤငါးတွင် ပရိုတင်းဓါတ်လည်း ကြွယ်ဝသည်၊ ၁၀ဝ ဂရမ်တွင် ပရိုတင်း ၁၅ ဂရမ်ပါဝင်ပြီး ဗီတာမင် B12 နှင့် ဖော့စ်ဖောရပ်စ်ဓါတ်တို့လည်း အများအပြားပါဝင်သည်။ 
 
၄။ Tempeh (အင်ဒိုနီးရှားပဲကိတ်)
အင်ဒိုနီးရှားတွင် လူဦးရေ သန်း ၂၅၀ ကျော်နေထိုင်ပြီး ကျွန်းပေါင်း ၁၈၀ဝ၀ နီးပါးရှိကာ အလွန်အနံ့ဆိုးသော အစားအစာတစ်မျိုးရှိသည်။ Tempeh သည် ဂျာဗားကျွန်းမှအစပြုသော အနံ့ဆိုးသည့် ပဲပုပ်အစားအစာဖြစ်ပြီး လူသိများသည်။ 
Tempeh အားပဲပုပ်နှင့်ပြုလုပ်ပြီး ထိုပဲများအား ပျော့သွားစေရန် ရေစိမ်ရသည်။ ယင်းနောက် အခွံချွတ်၊ မကျက်တကျက်ချက်ပြီး ၁ ရက်မှ ၂ ရက်ကြာ အချဉ်ဖောက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပဲပုပ်များပူးကပ်သွားပြီး ကိတ်ကဲ့သို့ဖြစ်လာကာ စူးရှသောအနံ့ထွက်လာသည်။  
အချဉ်ဖောက်ပြီးသည့်အခါ Tempeh အား အတုံးသေးလေးများရအောင် လှီးပါသည်။ ထို့နောက် မကြော်ခင် အငန်ရည်တွင်စိမ်ပါသည်။ ကြော်ချက်ထားသော Tempeh များကို သူ့အတိုင်းစားနိုင်ပြီး ငြုပ်သီး၊ စွတ်ပြုတ်၊ အသုတ်၊ အသားညှပ်ပေါင်မုန့်၊ ပြုတ်ချက်ဟင်းများ၊ မွှေကြော်တို့နဲ့တွဲစားသည်။ စားဖူးသူများက သူ၏အရသာအား မြေပဲ၊ အသားနှင့် မှိုကဲ့သို့ဖြစ်သည်ဟု ဆိုကြသည်။ 
Tempeh နှင့် တို့ဟူးတို့အား ပဲပုပ်မှပြုလုပ်သည်။ သို့သော် Tempeh တွင် ဘာမှမလုပ်ရသေးသော ပဲပုပ်ကြမ်းကိုသုံးသည်။ ထို့ကြောင့် တို့ဟူးနှင့်ယှဉ်လျှင် အာဟာရမျိုးစုံပါဝင်ပြီး လျှာပေါ်တွင်ထိတွေ့ခံစားရသည့် အထိအတွေ့ကွာခြားသည်။ Tempeh တွင် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်နှင့် ဗီတာမင်များ တို့ဟူးထက်ပိုပါဝင်သည်။  
 
၅။ Harzer ဒိန်ခဲ
Harzer သည် ဂျာမန်နို့ချဉ်ဒိန်ခဲဖြစ်ပြီး အာဟာရဓါတ်ကြွယ်ဝသလို အလွန်ဆိုးရွားသောအနံ့လည်းရှိသည်။ ညစ်ပတ်နေသောခြေအိတ်များပြည့်နေသည့် အခန်းပျက်ကြမ်းပြင်ပေါ်က နေလောင်ထားသောအမှိုက်ပုံကို မြင်ယောင်ကြည့်ပါ။ 
ဒိန်ခဲပျော့နှင့်ဆင်တူပြီး Harzer ဒိန်ခဲတွင် အဆီမပါသလောက်ရှိသည်၊ ကယ်လိုရီလည်းနည်းပြီး ကယ်လ်စီရမ်နှင့် ပရိုတင်းဓါတ်တို့ရရန် အကောင်းဆုံးအစာဖြစ်သည်။ အချို့ Harzer ဒိန်ခဲများတွင် ပရိုတင်း ၃၀ ရာနှုန်းပါဝင်သဖြင့် အားကစားလိုက်စားသူများနှင့် ပရိုတင်းများများစားရန်လိုသူများအကြား ရေပန်းစားသည်။ 
Harzer သည် အခြားဒိန်ခဲများနှင့်ယှဉ်လျှင် ဈေးနှုန်းလည်းသက်သာသည်။ မည်မျှအဖိုးတန်သည်ဆိုစေကာမူ ကမ္ဘာပေါ်ရှိအဆိုးရွားဆုံးသောအနံ့များထဲမှ တစ်ခုနှင့်ရင်ဆိုင်နိုင်ဖို့တော့ လိုပါသည်။ 
 
၆။ ထိုင်းငါးပိ 
ထိုင်းမှာ ခနပဲနေနေ၊ အကြာကြီးပဲနေခဲ့၊ နေခဲ့ အနံ့ဆိုးတစ်ခုရဖူးတယ်ဆိုရင်တော့ ငါးပိဖြစ်ဖို့များပါတယ်။ ငါးပိသည် ထိုင်းအရှေ့မြောက်ပိုင်းကလာသော အစာတစ်မျိုးဖြစ်ပြီး ထိုင်းသင်္ဘောသီးထောင်းကဲ့သို့သော ထိုင်းစာတော်တော်များများတွင် ပါဝင်ပါသည်။ စူပါမားကက်များနှင့် ဈေးတိုင်းလိုလိုတွင် ရနိုင်ပါသည်။ 
ထိုင်းငါးပိပြုလုပ်ရာတွင် ငါးပါးနီအပါအဝင် ငါးသေးလေးများတစ်ကောင်လုံးကို ထည့်အသုံးပြုသည်။ ငါးများကို အိုးများထဲထည့်ပြီး ဆားထပ်ထည့်ကာ အချဉ်ပေါက်ရန် လအတန်ကြာပစ်ထားလိုက်သည်။ 
အဆင်သင့်ဖြစ်လာလျှင် ရလာသောအနှစ်အား စစ်လိုက်သောအခါ အာဟာရကြွယ်ဝပြီး အနံ့ဆိုးသော အညိုရောင်အရည်များကို ရရှိသည်။ ငါးပိတွင် အရေးကြီးသော အာဟာရဓါတ်များနှင့် ငါးတွင်ပါဝင်သော အိုင်အိုဒင်းနှင့် သိုင်းရွိုက်ဂလင်းအတွက်ကောင်းသော အခြားဓါတ်များ၊ ဗီတာမင် A နှင့် D တို့လည်း ပါဝင်သည်။ ငါးပိသည် ဂလူတင်ဓါတ်လည်း ကင်းပါသည်။ 
အကယ်၍ သင်သည်ဆိုဒီယမ်ဆားဓါတ် လျှော့စားနေရသောသူဖြစ်ပါက ငါးပိတွင် ဆားအများအပြားပါသဖြင့် ချင့်ချိန်စားသင့်သည်။ ငါးပိနံ့ကို သက်သာစေရန် သံပုရာရည်ထည့်ခြင်း ပြုလုပ်နိုင်သည်။ 

သင့်အစားအစာ၊ အာဟာရ သို့မဟုတ် ဟော်မုန်းမညီမျှမှုများအတွက် မေးမြန်းလိုသည်များရှိပါက ဘမ်ရွန်ဂရက်ဆေးခန်း အဆောက်အဦး ၁၉ ထပ်၊ ကောင်တာ A ရှိ ဟော်မုန်းရောဂါကုဆေးခန်းသို့ လာရောက်ဆွေးနွေးပါ။ အသေးစိတ်သိလိုသည်များရှိပါက သို့မဟုတ် ရက်ချိန်းရယူလိုပါက ဖုန်း +၆၆ (ဝ) ၂၀၆၆ ၈၈၈၈ သို့ခေါ်ဆိုပါ၊ သို့မဟုတ် ဘမ်ရွန်ဂရက်ဝက်ဘ်ဆိုဒ်မှနေ၍ စုံစမ်းမေးမြန်းခြင်း ပြုလုပ်ပါ။ 
 

IMG
IMG
IMG
IMG




    Scroll for more