bih.button.backtotop.text

စိန်ခေါ်မှုများသည် မုန့်ချိုအိတ်ကင်ဆာရောဂါရှာခြင်းအတွက် ရှုပ်ထွေးသည့်ဖြစ်စဉ်တစ်ခု ဖြစ်စေသည်။

հուլիսի 13, 2018


Pancreatic-Cancer-500x450-(1).jpg

လွန်ခဲ့သည့် အနှစ် ၄၀ ကိုကြည့်မည်ဆိုလျှင် ကင်ဆာကုသခြင်းအတွက် သိသာသောတိုးတက်မှုကို တွေ့ရမည်။ ကင်ဆာစစ်ဆေးခြင်းနည်းပညာများ၊ ကင်ဆာကာကွယ်ရေးအတွက် တိုးပွားလာသောဗဟုသုတများ၊ ပိုပြီးထိရောက်မှုရှိကာ ဆေးဒဏ်ကိုခံနိုင်သော ကုသမှုအသစ်များအတွက် ကျေးဇူးတင်ရပါမည်။ အချို့သောကင်ဆာအမျိုးအစားများအတွက် အသက်ရှင်နိုင်သည့်နှုန်းမှာ သိသိသာသာများလာသည်။ ဥပမာ - အူမကြီးကင်ဆာအတွက် ၁၅ ဆနှင့် ပြန်ရည်ကျိတ်ကင်ဆာ (Non-Hodgkin’s Lymphoma) အတွက် ၁၀ ဆ။

သို့သော် ကင်ဆာတစ်မျိုးနှင့်တစ်မျိုးမတူကြပဲ မုန့်ချိုအိတ်ကင်ဆာကဲ့သို့သော ပိုမိုပြင်းထန်သည့်ကင်ဆာများသည် ပို၍ခက်ခဲသည်။ မုန့်ချိုအိတ်ကင်ဆာကြောင့် တစ်နှစ်လျှင် လူဦးရေ ၃၀ဝ၀ဝ၀ ကျော်သေဆုံးနေရပြီး အထူးသဖြင့် ဥရောပ၊ မြောက်အမေရိကနှင့် ဂျပန်ကဲ့သို့ တိုးတက်သည့်နိုင်ငံများတွင် ပိုဖြစ်ပွားသည်။

ရောဂါရှာဖွေရာခြင်း၏ အခက်အခဲများ

စောစီးစွာရောဂါရှာဖွေသိရှိခြင်းသည် ကင်ဆာကုသရေးတိုးတက်မှုအတွက် အဓိကကျသောအချက်တစ်ခုဖြစ်သည်။ အစောပိုင်းအဆင့်များတွင် ကင်ဆာကို သိရှိရပါက ပျက်စီးမှုနည်းမည်ဖြစ်ပြီး ကင်ဆာကျိတ်အားခွဲထုတ်ခြင်းအပါအဝင် ကုသနိုင်သည့်နည်းလမ်းများလည်း ပိုရှိမည်။ သို့ပါက လူနာများအတွက်ကောင်းကျိုးရမည်ဖြစ်ပြီး ကင်ဆာအခြားနေရာများသို့ ပျံ့နှံ့နိုင်မှုလည်း နည်းပါးမည်။

မုန့်ချိုအိတ်ကင်ဆာကို စောစီးစွာသိရှိရန် စိန်ခေါ်မှုများနှင့် အတားအဆီးများရှိနေဆဲဖြစ်သည်။ ကင်ဆာပထမအဆင့်တွင် ရောဂါရှိမှန်းသိရှိရသည်မှာ ၁၀ မှ ၁၅% လောက်သာရှိသည်။ ပထမအဆင့်ဖြစ်ပါက ကုသပျောက်ကင်းနိုင်ခြေ ၇၀% အထက်ရှိသည်။ လူနာတစ်ဝက်ကျော်လောက်တွင် ရောဂါသည်အဆိုးရွားဆုံး၊ အခြားပါပျံ့နှံ့နေသည့်အဆင့်ရောက်မှ သိရှိကြသည်။ ဤအခြေအနေတွင် ကင်ဆာသည် မုန့်ချိုအိတ်တွင်သာမက အသည်း၊ ဝမ်းဗိုက်ပိုင်းနှင့် အဆုတ်တို့အထိပါ ပျံ့နှံ့သွားပြီဖြစ်ပြီး အသက်ရှင်ရန်လည်း မလွယ်တော့ပေ။

မုန့်ချိုအိတ်ကင်ဆာရောဂါရှာဖွေရာတွင် စိန်ခေါ်မှုရှိနေသော အခက်အခဲများမှာ -

  • အစောပိုင်း လက္ခဏာမပြခြင်း - မုန့်ချိုအိတ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် လက္ခဏာမပြပဲ သို့မဟုတ် လက္ခဏာအနည်းငယ်ဖြင့်သာ ပိုမိုဆိုးရွားလာပြီး သိသာသောလက္ခဏာများပြလာချိန်တွင် ရောဂါသည် နောက်ဆုံးအဆင့်ရောက်နေပြီး အခြားအင်္ဂါများသို့လည်း ပျံ့နှံ့နေပြီဖြစ်သည်။
  • ပြတ်သားထူးခြားမှုမရှိသော လက္ခဏာများ - မုန့်ချိုအိတ်ကင်ဆာလက္ခဏာများဖြစ်သည့် အသားဝါခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ ခါးကျောနာခြင်း၊ ဘာကြောင့်မှန်းမသိပဲ ကိုယ်အလေးချိန်ကျခြင်းတို့သည် ထူးထူးခြားခြားမဟုတ်၊ အခြားကင်ဆာလက္ခဏာများလောက်မဆိုးရွားပဲ အခြားရောဂါများတွင် တွေ့ရတတ်သော လက္ခဏာများပင် ဖြစ်နေသည်။ ထို့ကြောင့် အဆိုပါလက္ခဏာများကို သတိထားမိသည့်တိုင် လူနာသည် အရေးပေါ်သွားရောက်စစ်ဆေးသင့်သည်ဟု မထင်ပေ။ မုန့်ချိုအိတ်ကင်ဆာအတွေ့အကြုံနည်းသော၊ မရှိသော ဆရာဝန်များအနေဖြင့် အဆိုပါလ က္ခဏာများသည် ထပ်မံစစ်ဆေးသင့်သောအရာများဟုမထင်ပဲ ကင်ဆာဖြစ်နေမှန်းမသိ လွတ်သွားတတ်သည်။
  • အလွယ်တကူကြိုတင်စစ်ဆေးမှု မပြုလုပ်နိုင်ခြင်း - ဆီးကြိတ်ကင်ဆာအတွက်ဆိုလျှင် PSA ကို သွေးဖောက်စစ်ဆေးခြင်း၊ ရင်သားကင်ဆာဆိုလျှင် ရင်သားဓါတ်မှန်ရိုက်ခြင်းစသည်တို့သည် လက္ခဏာမရှိသည့်သူများတွင်ပင် ကြိုတင်စစ်ဆေးမှုအနေဖြင့်ပြုလုပ်နိုင်သည်။ အဆိုပါစစ်ဆေးမှုများသည် လွယ်ကူ၊ မြန်ဆန်ပြီး လူအများစုလည်း တတ်နိုင်ကြသည်။ မုန့်ချိုအိတ်ကင်ဆာအတွက် အပေါ်ယံအလွယ်ကူနည်းဖြင့် သွေး၊ တံတွေး၊ ဝမ်းတို့မှတဆင့် စစ်ဆေးခြင်းနည်းများ အတိုင်းအတာတစ်ခုအထိ ထွက်ပေါ်လာနေပြီဆိုသော်လည်း ထပ်မံပြုလုပ်ရဦးမည်ဖြစ်သည်။

ရောဂါရှာဖွေသည့်နည်းလမ်းများနှင့် ဖြစ်စေနိုင်သည့်အရာများ

မုန့်ချိုအိတ်ကင်ဆာဖြစ်ရခြင်းအကြောင်းရင်း သေချာမသိသော်လည်း အောက်ပါအချက်များသည် ရောဂါဖြစ်စေနိုင်သည့်အချက်များတွင်ပါဝင်သည်။

  • မိသားစုတွင်ဖြစ်ဖူးခြင်း - မိသားစုထဲမှ တစ်ယောက်ယောက်ဖြစ်ဖူးပါက ဖြစ်နိုင်ချေများသည်။ သွေးပိုနီးလေလေ ဖြစ်နိုင်ချေပိုများလေလေဖြစ်သည်။ အချို့လူနာများတွင် ဖြစ်နိုင်ချေသည် မျိုးရိုးဗီဇရောဂါစုတစ်ခုခုနှင့် ဆက်နွယ်နေတတ်သည်။
  • ကျန်းမာရေးရာဇဝင် - မုန့်ချိုအိတ်တွင်ရေအိတ်တည်ခြင်း၊ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းတို့သည် မုန့်ချိုအိတ်ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းရင်းများဖြစ်သည်။ မုန့်ချိုအိတ်ရောင်တိုင်း ကင်ဆာတော့ဖြစ်မလာနိုင်ပေ။ အဝလွန်ခြင်းနှင့် အမျိုးအစား ၂ ဆီးချိုတို့သည်လည်း မုန့်ချိုအိတ်ကင်ဆာဖြစ်စေနိုင်သော အကြောင်းများဖြစ်သည်။
  • နေထိုင်မှုပုံစံ - ဆေးလိပ်သောက်ခြင်းကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ချေ နှစ်ဆတိုးစေနိုင်သည်။ ခန္ဓာကိုယ်အဆီများခြင်းကလည်း ဖြစ်စေနိုင်သောအကြောင်းတစ်ခုဖြစ်သည်။ အသက်အရွယ်သည်လည်း အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာတွေ့ရှိရသည့် လူနာအများစုသည် အသက် ၆၀ ကျော်များဖြစ်ကြသည်။

စီတီစကင်၊ အမ်အာရ်အိုင်၊ အတွင်းကြည့်မှန်ပြောင်းဖြင့် အာလ်ထရာဆောင်း ိုက်ခြင်း၊ အပ်ဖြင့်အသားစယူခြင်း

ရောဂါရှာဖွေရာတွင် ဆရာဝန်မှ လူနာ၏ကျန်းမာရေးရာဇဝင်၊ မိသားစုရာဇဝင်များ လေ့လာပြီး ခန္ဓာကိုယ်အားစမ်းသပ်ခြင်းဖြင့် စတင်ပါမည်။ ကင်ဆာဖြစ်နိုင်ချေတွေ့ပါက သို့မဟုတ် မိသားစုထဲတွင်ဖြစ်ဖူးထားပြီး ထပ်မံစစ်ဆေးမှုများပြုလုပ်လိုသည်ဆိုပါက ဆရာဝန်သည် အောက်ပါတို့ကိုညွှန်ကြားနိုင်သည်။

  • သွေးစစ်ခြင်း - မုန့်ချိုအိတ်ကင်ဆာစစ်ဆေးရန် သီးသန့်သွေးစစ်ရမည့်အရာဟူ၍မရှိပါ။ သင့်ဆရာဝန်သည် သွေးထဲရှိအချို့ပရိုတိန်းဓါတ်များ သို့မဟုတ် မုန့်ချိုအိတ်ကင်ဆာဆဲလ်ထုတ်လုပ်ခြင်းနှင့်ဆက်နွယ်သည့် CA19-9 နှင့် CEA ကဲ့သို့သောအရာများကို စစ်ဆေးနိုင်ပါသည်။ အဆိုပါစစ်ဆေးမှုများဖြင့် မုန့်ချိုအိတ်ကင်ဆာဖြစ်ကြောင်း တပ်အပ်မပြောနိုင်သော်လည်း နောက်ပိုင်း ရောဂါတိုးတက်မှုရှိမရှိ၊ ကင်ဆာရှိနေသောလူနာများတွင် ကုသမှုထိရောက်ခြင်းရှိမရှိတို့အတွက် အသုံးဝင်ပါသည်။
  • စီတီစကင် - စီတီစကင်သည် ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်ရိုက်ထားသော အသေးစိတ် ပုံရိပ်များဖန်တီးပေးနိုင်ပါသည်။ စီတီစကင်၏ပုံရိပ်များသည် အရည်အသွေးမြင့်ခြင်း၊ အဝေးရှိ ပြန်ရည်ကျိတ်များနှင့် အခြားအင်္ဂါများအပါအဝင် ကင်ဆာပျံ့နေသောနေရာများအား ရှာဖွေပေးနိုင်ခြင်းတို့ကြောင့် မုန့်ချိုအိတ်ကင်ဆာရှာဖွေရာတွင် စီတီစကင်ကို သုံးလေ့ရှိသည်။
  • အမ်အာရ်အိုင် - အမ်အာရ်အိုင်စကင်သည် ဓါတ်ရောင်ခြည်အစား အားပြင်းသောသံလိုက်ဓါတ်များကိုသုံးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အသေးစိတ်ပုံရိပ်များကို ဖန်တီးပေးနိုင်သည်။ သေးငယ်သောအကျိတ်လေးများနှင့် မုန့်ချိုအိတ်ရှိအကျိတ်အမျိုးအစားများ ခွဲခြားခြင်းအပါအဝင် အချို့အခြေအနေများတွင် အမ်အာရ်အိုင်ကို စီတီထက်ပိုသုံးလေ့ရှိသည်။
  • အတွင်းကြည့်မှန်ပြောင်းဖြင့် အာလ်ထရာဆောင်းိုက်ခြင်း (EUS) - EUS သည် အတွင်းကြည့်မှန်ပြောင်းဖြင့် ရောဂါရှာဖွေသည့် ကိရိယာတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းအား ထိပ်တွင် အာလ်ထရာဆောင်း တပ်ထားသည့် ကွေးနိုင်၊ ဆန့်နိုင်သောပြွန်ရှည်ဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါမှန်ပြောင်းအား လူနာကိုအိပ်ဆေးပေးပြီး ပါးစပ်မှတဆင့် အစာရေမျိုအထိထိုးသွင်းသည်။ အာလ်ထရာဆောင်းသည် အစာအိမ်နှင့်ကပ်နေသော မုန့်ချိုအိတ်၏ပုံရိပ်များကို ပြသသည်။ EUS သည် အထူးသဖြင့် အကျိတ်ငယ်လေးများအား စစ်ဆေးရာတွင် အသုံးဝင်ပြီး အကျိတ်အားအပ်ဖြင့်စုပ်ကာ အသားစယူနိုင်သော အစွမ်းလည်းရှိပါသည်။
  • အသားစစစ်ဆေးခြင်း - ဓါတ်ခွဲခန်းတွင်စမ်းသပ်စစ်ဆေးရန် ယေဘုယျအားဖြင့် အသားစစစ်ဆေးခြင်း ၂ မျိုးရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မှန်ပြောင်းဖြင့်အသားစယူခြင်းသည် နည်းလမ်းတစ်ခုဖြစ်ပြီး ဆရာဝန်မှ ဝမ်းဗိုက်အရေပြားမှတဆင့် မုန့်ချိုအိတ်အတွင်း အပ်ဖြင့်စုပ်ယူပြီးလည်း အသားစယူနိုင်ပါသည်။

အထူးကျွမ်းကျင်မှုနှင့် အသိပညာ

အစာခြေအင်္ဂါအဖွဲ့အစည်းသည် ရှုပ်ထွေးပြီး တစ်ခုနှင့်တစ်ခုဆက်စပ်နေသည်။ မုန့်ချိုအိတ်ရောဂါအပါအဝင် အစာအိမ်အူလမ်းကြောင်းပြဿနာများအတွက် အထူးကျွမ်းကျင်မှုနှင့် အသိပညာလိုအပ်ပါသည်။ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ အစာအိမ်နှင့်အူလမ်းကြောင်းကုဌာနသည် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးစုံအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းများ ဆောင်ရွက်ပေးနေပါသည်။
 

Dr. Yudhtana Sattawatthamrong

၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားပါသည်။
 

IMG
IMG
IMG
IMG
    Scroll for more