ဆီးချိုရှိသောသက်ကြီးပိုင်းများတွင် ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရခြင်း


500x450-diabetes.jpg


ဆီးချိုသည် မည်သည့်အသက်အရွယ်အတွက်မဆို ဆိုးရွားသောရောဂါတစ်ခုဖြစ်သည်။ ယခုနှစ်ပိုင်းများတွင် အမျိုးအစား ၂ ဆီးချိုသည် ငယ်ရွယ်သူများဖြစ်သည့် အသက် ၂၀၊ ၃၀ ဝန်းကျင်များ၊ ဆယ်ကျော်သက်များ၊ ကလေးများတွင်ပင် အဖြစ်များလာသည်။ တစ်ကမ္ဘာလုံးအနှံ့နီးပါးဖြစ်နေပြီး အာရှတွင် အဖြစ်အများဆုံးဖြစ်သည်။

နောက်ပိုင်း လူငယ်များတွင်ပါ ဖြစ်လာကြသော်လည်း ဆီးချိုဝေဒနာရှင် သန်း ၄၀ဝ ထဲတွင် အများဆုံးအုပ်စုမှာ အသက် ၆၅ နှစ်နှင့်အထက်ပိုင်းများဖြစ်သည်။ အမေရိကားကဲ့သို့နိုင်ငံများ၌ ၆၅ နှစ်နှင့်အထက်လူကြီးများတွင် ဆီးချိုဖြစ်နှုန်း ၂၅% ရှိကြသည်။

ကမ္ဘာ့လူဦးရေထဲမှ သက်ကြီးပိုင်းများတွင် အမျိုးအစား ၂ ဆီးချိုဖြစ်နှုန်းမြင့်တက်လျက်ရှိပြီး အဆိုပါသက်ကြီးပိုင်းများသည် ဤနာတာရှည်ရောဂါအားကုသရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အောက်ပါတို့သည် ဆီးချိုရှိသောသက်ကြီးပိုင်းများအတွက် ကြီးမားသောစိန်ခေါ်မှု (၄) ခုဖြစ်သည်။

၁။ ဆေးအချင်းချင်း တုန့်ပြန်မှုများက အန္တ ရာယ်ပေးသည်။

အသက်ကြီးလာလေလေ နာတာရှည်ရောဂါတစ်ခု သို့မဟုတ် တစ်ခုထက်မက ရှိနိုင်လေလေဖြစ်သည်။ ငယ်ရွယ်သူများနှင့်ယှဉ်လျှင် ဆီးချိုရှိသည့် သက်ကြီးပိုင်းအတော်များများတွင် အခြားနာတာရှည်ရောဂါ တစ်ခုတော့ အနည်းဆုံးရှိနေတတ်သည်။ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဒူးနာ အစရှိသည့်ရောဂါများနှင့် ဒွန်တွဲရှိနေတတ်သည်။

ရောဂါမျိုးစုံကို ကုစားနေရပါက အထူးကုပေါင်းစုံမှပေးသည့်ဆေးအများအပြား သောက်ရပါမည်။ ဆေးတစ်ခုစီတိုင်းသည် အခြားဆေးများ၏အလုပ်လုပ်ပုံနှင့် ခန္ဓာကိုယ်အတွင်း ဆေးအာနိသင် မည်မျှကြာကြာရှိသည်အပေါ်သက်ရောက်မှုရှိသည်။ ဆေးအချင်းချင်း တုန့်ပြန်မှုများဖြစ်ပါက အချို့ဆေးများ၏ သွေးတွင်းပမာဏကိုမြင့်စေပြီး အဆိပ်အတောက်ဖြစ်စေတတ်သကဲ့သို့ အခြားဆေးများ၏ သွေးတွင်းပမာဏကိုနည်းစေကာ ဆေးမထိရောက်ခြင်းလည်း ဖြစ်နိုင်သည်။ ဆေးများအကြား တုန့်ပြန်မှုဖြစ်ပွားခြင်းသာမက အစာအာဟာရများကလည်း မလိုလားအပ်သော ဆေးမတည့်မှုများဖြစ်စေသည်။ အချို့ရောဂါများကလည်း ဆေးအတွက်မလိုလားအပ်သော အခြေအနေများကိုဖြစ်စေနိုင်သည်။ ဥပမာ အသည်းနှင့် ကျောက်ကပ်ရောဂါရှိသူများတွင် ခန္ဓာကိုယ်၏ဆေးချေဖျက်မှုနှုန်းကို နှေးကွေးစေသည်။ အသက်အရွယ်ကြီးရင့်မှုကလည်း ဆေးချေဖျက်မှုနှေးကွေးခြင်းနှင့် သက်ဆိုင်သည်။

ဆေးအချင်းချင်းတုန့်ပြန်မှုအန္တရာယ်နည်းစေရန် အောက်ပါအချက်များလုပ်ဆောင်နိုင်ပါသည်။

  • ဆေးတိုင်းအတွက် ရှင်းလင်းသောညွှန်ကြားချက်ရှိရန် - ဆေးပမာဏ၊ ကြိမ်ရေ၊ သောက်ရန်အချိန် (ဥပမာ - အစာနှင့်တွဲသောက်ရန်၊ အစာမစားခင်သောက်ရန်၊ မည်သည့်အရည်ဖြင့်သောက်ရန် စသည်ဖြင့်)
  • ဆေးဆိုင်တစ်ခုတည်းတွင်သာ ညွှန်ကြားထားသည့်ဆေးအားလုံးယူရန်
  • ပြသသည့်ဆရာဝန်တိုင်းအား အခြားဆရာဝန်များမှပေးသည့်ဆေးများ၊ ဆေးပမာဏအပြောင်းအလဲ၊ ဆေးဆိုင်မှ မိမိဘာသာဝယ်သောက်သည့်ဆေးများ စသည်တို့ကို အသိပေးရန်
  • ဆေးအသစ်သောက်ပါက တုန့်ပြန်မှုကိုသေချာစောင့်ကြည့်ရန်

၂။ လေ့ကျင့်ခန်းသည် အရေးကြီးပါသည်။

ဆီးချိုရောဂါအား ထိရောက်စွာထိန်းချုပ်ရာတွင် အစာအာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု၊ သွေးတွင်းသကြားဓါတ်ပမာဏ ပုံမှန်စစ်ဆေးခြင်းနှင့် ညွှန်ကြားထားသည့်ဆေးများသောက်သုံးခြင်းတို့အား အသေအချာလုပ်ဆောင်ရပါမည်။ လေ့ကျင့်ခန်း၏အကျိုးကျေးဇူးသည် လူငယ်ပိုင်းလူနာများမှာကဲ့သို့ပင် သက်ကြီးလူနာများတွင်လည်း အကျိုးများပါသည်။ သွေးတွင်းအောက်စီဂျင်ပိုရောက်စေသည့် အေရိုးဗစ်လေ့ကျင့်ခန်းနှင့် ခံနိုင်ရည်အားအတွက် ပြုလုပ်သောလေ့ကျင့်ခန်းများကို မပြင်းမပျော့ တစ်လှည့်စီပြုလုပ်မည်ဆိုပါက သက်ကြီးပိုင်းများအတွက် အန္တရာယ်ကင်းကာ သွေးတွင်းသကြားဓါတ်နှင့် ကိုယ်အလေးချိန်ထိန်းရာတွင် ပိုမိုလွယ်ကူစေပါသည်။

လေ့ကျင့်ခန်းသည် သွေးပေါင်ကိုကျစေရုံသာမက ကြွက်သားများ၏ အင်ဆူလင်အားတုန့်ပြန်မှုကို ပိုမိုအားကောင်းစေသဖြင့် သွေးတွင်းမှသကြားဓါတ်များကို ပို၍စုပ်ယူနိုင်စေသည်။ အချို့လူနာများတွင် သွေးတွင်းသကြားဓါတ်ကျစေရန် သောက်သည့်ဆေးများပင် လျှော့သောက်ရနိုင်သည်။

အရိုးအဆစ်ရောင်ခြင်း သို့မဟုတ် အခြားရောဂါများကြောင့် လှုပ်ရှားသွားလာမှုအပြည့်အဝမလုပ်နိုင်သော လူနာများအတွက်လည်း အခြားလေ့ကျင့်ခန်းနည်းများစွာက အကျိုးဖြစ်စေကြောင်းသိရှိရပါသည်။ လုပ်ဆောင်နိုင်မည့် လေ့ကျင့်ခန်းနည်းများအတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ဥပမာ - သက်ကြီးပိုင်းများအတွက် ယောဂကျင့်စဉ်၊ ရေကူးကန်ထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီးစီးစက်ပေါ်တွင် စက်ဘီးနင်းခြင်းနှင့် ထိုင်ခုံတွင်လုပ်နိုင်သော လေ့ကျင့်ခန်းများ။

၃။ စိတ်ဓါတ်မကျစေရန် ဂရုစိုက်ပါ။

ပထမတွင် ဆီးချိုနှင့်စိတ်ကျရောဂါမဆက်စပ်ဟုထင်တတ်သည်။ အမှန်တကယ်တွင် အဆိုပါရောဂါနှစ်ခုသည် “လိုက်ဖက်ညီညီ”နှင့် ဒွန်တွဲဖြစ်တတ်ပြီး အဓိကကျန်းမာရေးအန္တရာယ်ကို ဖြစ်ပေါ်စေသည်။ မည်သည့်အသက်အရွယ်မဆို အမျိုးအစား ၂ ဆီးချိုဝေဒနာရှင်များသည် ဆီးချိုမရှိသူများနှင့်ယှဉ်လျှင် စိတ်ကျရောဂါဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆပိုများသည်။

ဆီးချိုနှင့်စိတ်ကျရောဂါဒွန်တွဲဖြစ်ပါက လူနာ၏ဘဝလူနေမှုအရည်အသွေး များစွာထိခိုက်မည်။ ဆီးချိုထိန်းရာတွင် စိတ်အားထန်သက်မှု၊ စွမ်းအင်၊ အသေးစိတ်အာရုံစူးစိုက်မှုနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများလိုအပ်သည်။ စိတ်ကျခြင်းဖြစ်ပါက အဆိုပါကျန်းမာစေသောအလေ့အထများအား မလုပ်ချင်တော့ပဲ စိတ်စေ့ဆော်မှုကျဆင်းကာ စွမ်းအင်ချို့တဲ့ပင်ပန်းနွမ်းနယ်လာပြီး စားသောက်မှုပုံစံပြောင်းသွားခြင်း၊ မှတ်ဉာဏ်နှင့်အာရုံစူးစိုက်နိုင်မှုထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။

အသက် ၆၅ နှစ်နှင့်အထက်လူကြီးပိုင်းများ၏ သုံးပုံတစ်ပုံနီးပါးသည် ဆီးချိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိတ်ကျဝေဒနာခံစားကြရသည်။ စိတ်ကျခြင်းသည် စိုးရိမ်ရသော်လည်း ကုစားနိုင်သည့်ရောဂါတစ်ခုဖြစ်ကာ သက်ကြီးပိုင်းများအကြားတွင် သိမ်ငယ်စိတ်နှင့်အစွဲပါရှိတတ်ပြီး အဆိုပါရောဂါခံစားနေရသူများသည် မိသားစုဝင် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများနှင့် ထိုရောဂါအကြောင်းဆွေးနွေးရန် ဝန်လေးနေတတ်သည်။ သတင်းကောင်းမှာ သုတေသနများအရ ဆီးချိုနှင့်စိတ်ကျခြင်းနှစ်မျိုးစလုံးအား ကုသမှုခံယူသည့် သက်ကြီးပိုင်းများသည် အဆိုပါရောဂါနှစ်မျိုးစလုံးအား ကုသမှုမခံယူသည့်သူများနှင့်ယှဉ်လျှင် ဆီးချိုပိုပြီးထိန်းနိုင်သည်ကို သိသိသာသာတွေ့ရသည်။ ထို့ကြောင့် စိတ်ကျခြင်း၏လက္ခဏာများ (အနည်းဆုံး ၂ ပတ်ကြာမျှ စိတ်ပျက်လက်ပျက်ဖြစ်နေခြင်း၊ အိပ်မပျော်ခြင်း၊ စားသောက်ခြင်စိတ်ပုံမမှန်ခြင်း၊ သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် အားအင်ကုန်ခမ်းခြင်း) ကို သတိပြုပြီး သင့်ဆရာဝန်နှင့် သင့်လူမှုအသိုင်းအဝန်းမှ ရင်းနှီးသူများအား ပြောပြပါ။

၄။ အမြင်အာရုံကို ကာကွယ်ပါ။

အသက်အရွယ်ကြီးရင့်မှုသည် လူအများစု၏ အမြင်အာရုံကိုထိခိုက်စေသည်။ ဆီးချိုကြောင့် မြင်လွှာသွေးကြောပျက်စီးမှု (Diabetic Retinopathy) DR ဟုခေါ်သော ပိုမိုဆိုးရွားသည့် အမြင်အာရုံ ထိခိုက်မှုအန္တရာယ်ကို ဖြစ်စေနိုင်သည်။ DR သည် ဆီးချိုသမားများတွင် မျက်စိကွယ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး သက်ကြီးပိုင်းလူနာများအတွက် ဆီးချိုကြောင့်သွေးကြောငယ်များ ထိခိုက်ပျက်စီးမှုများတွင် ထိပ်ဆုံးမှရှိနေသည်။

DR သည် မျက်လုံးနောက်ဖက်ခြမ်းရှိ အာရုံကြောအလွှာဖြစ်သည့် မြင်လွှာကိုပျက်စီးစေသည်။ DR သည် မြင့်မားသောသွေးတွင်းသကြားဓါတ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်လာ၍ ကာလကြာရှည်စွာရောင်ရမ်းမှုများ ပေါင်းစုဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။ လူနာတစ်ယောက်၏ ဆီးချိုဖြစ်သည့်သက်တမ်းရှည်လေလေ DR ဖြစ်နိုင်သည့်အန္တရာယ် များလေလေဖြစ်သည်။ ဆီးချိုသက်တမ်း နှစ်ပေါင်း ၂၀ အနည်းဆုံးရှိသောလူနာများတွင် အဖြစ်များသည်။

  • DR သည် မျက်လုံးနောက်ဖက်ခြမ်းရှိ အာရုံကြောအလွှာဖြစ်သည့် မြင်လွှာကိုပျက်စီးစေသည့် ရောဂါတစ်ခုဖြစ်သည်။ DR ကြောင့် အမြင်အားနည်းခြင်းနှင့် လုံးဝမျက်စိကွယ်သွားခြင်း ဖြစ်နိုင်သည်။
  • DR အား ကုစားနိုင်သည့် အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာများ မတွေ့ရနိုင်ပါ။ အမြင်အာရုံ အပြောင်းအလဲရှိပါက မျက်လုံးဆိုးရွားစွာထိခိုက်နေပြီဖြစ်ပြီး ဆက်လက်ဆိုးရွားနိုင်ခြေရှိသည်။
  • DR အန္တရာယ်နည်းစေရန် သင်လုပ်ဆောင်နိုင်မည့် အဆင့်များရှိပါသည်။ ပထမဆုံးအဆင့်နှင့် အစောဆုံးပြုလုပ်နိုင်သည်မှာ သွေးတွင်းသကြားပမာဏထိန်းခြင်း၊ သွေးပေါင်ထိန်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် အရက်အလွန်အကျွံမသောက်ခြင်း တို့ဖြစ်သည်။ ဤနည်းလမ်းများဖြင့် DR ကိုကာကွယ်နိုင်ခြင်း၊ ဆိုးရွားမှုနည်းစေခြင်းနှင့် အမြန်ဆိုးရွားမသွားအောင် ပြုလုပ်နိုင်သည်။
  • DR အားကုသ၍မရသော်လည်း မြင်လွှာဆိုးဆိုးရွားရွားမထိခိုက်မီ စောစီးစွာသိပါက မျက်စိကွယ်မသွားစေရန် ကာကွယ်နိုင်သည်။
  • DR ရှိကြောင်းသိရန် တစ်ခုတည်းသောနည်းမှာ မျက်စိသူငယ်အိမ်ချဲ့စစ်ဆေးခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် မျက်စိစစ်ဆေးခြင်းသည် အမြင်အာရုံမဆုံးရှုံးရန် ကာကွယ်ခြင်းဖြစ်သည်။

Dr. Rosanee Valyasevi ဆီးချိုရောဂါကုဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားပါသည်။

IMG
IMG
IMG
IMG