သင့်သွေးပေါင်ချိန်နှင့်ပတ်သက်ပြီး မည်သည့်အချိန်ကသင်ဆရာဝန်နှင့်နောက်ဆုံးဆွေးနွေးခဲ့ပါသလဲ။ အမှန်စင်စစ် ကျွန်ုပ်တို့အများစုသည် သွေးတိုးခြင်း (သွေးပေါင်တက်ခြင်း) ကိုခံစားနေရပြီး သတိမမူမိကြပေ။ ထို့ကြောင့် သွေးတိုးရောဂါအား “တိတ်တဆိတ်လူသတ်သမား” ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ သွေးတိုးကြောင့် ကမ္ဘာတစ်ဝန်းတွင် မရည်တွက်နိုင်သောလူများစွာ၏ ဘဝများထိခိုက်နေပြီး သွေးတိုးသည် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၏ အဓိကတရားခံလည်းဖြစ်သည်။
လူအတော်များများသည် သွေးတိုးဖြစ်စေနိုင်သည့်အရာများအကြောင်း မသိသေးကြသလို လွယ်လွယ်ကူကူနှင့် ထိရောက်စွာကုသနိုင်သည့်နည်းလမ်းများကိုလည်း မသိရှိကြပါ။ ဤဆောင်းပါးတွင် သွေးတိုးဖြစ်စေတတ်သော အန္တရာယ်အချို့အကြောင်း တင်ပြသွားမည်ဖြစ်ပြီး ဘမ်ရွန်ဂရက်တွင်ရရှိနိုင်သော ကုသမှုနည်းလမ်းများကိုလည်း အသိပေးသွားပါမည်။
သွေးတိုးဘာကြောင့်ဖြစ်ရသနည်း။
အချို့သက်ကြီးပိုင်းများတွင် အကြောင်းရင်းမသိသောသွေးတိုးရောဂါ (Primary Hypertension) သည် ရောဂါဖြစ်စေသော တိကျသည့်အကြောင်းရင်းကို မသိပဲ ဖြည်းဖြည်းချင်းဖြစ်လာတတ်သော်လည်း (Secondary Hypertension) ဟုခေါ်သည့် သွေးတိုးမှာ အောက်ပါတို့အပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်တတ်သည်။
• ကျောက်ကပ်အပေါ်ကပ်လျက်ရှိ ဂလင်းတွင် အကြိတ်ရှိခြင်း
• သွိုင်းရွိုက်လုပ်ဆောင်ချက်မြင့်ခြင်း
• သွေးကြောများတွင် မွေးရာပါချို့ယွင်းမှုများရှိခြင်း
• အိပ်မပျော်ခြင်း (အသက်ရှူဟောက်ခြင်းအပါအဝင်)
သွေးတိုးဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံမှာ
• သွေးတိုးမျိုးရိုးရှိခြင်း
• အဝလွန်ခြင်းနှင့် အထိုင်များခြင်း
• ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• အိမ် သို့မဟုတ် အလုပ်တွင် စိတ်ဖိစီးမှုအလွန်များခြင်း
• ဆီးချိုနှင့် ကျောက်ကပ်စသည့် နာတာရှည်ရောဂါများရှိခြင်း
• ပိုတက်စီယမ်နှင့် ဗီတာမင် ဒီ လုံလောက်စွာမရခြင်း
• အငံဓါတ် (ဆိုဒီယမ်) များသောအစားအစာ
• အသက်အရွယ်ကြီးရင့်ခြင်း
သွေးတိုးမည်သို့ကာကွယ်မည်နည်း။
ရိုးရိုးလေးကြည့်မည်ဆိုလျှင် နာတာရှည်ဖြစ်ပြီး အန္တရာယ်များသော သွေးတိုးရောဂါကို ကာကွယ်ရန် ပထမအဆင့်မှာ နေထိုင်စားသောက်မှုပုံစံနှင့် သွေးတိုးအန္တရာယ်ဖြစ်စေနိုင်သည့်အရာများကို သိရှိပြီး ထိုအရာများကိုတိုက်ဖျက်ရန် ကျန်းမာစွာနေထိုင်ခြင်းပင်ဖြစ်သည်။ အောက်ပါ ကျန်းမာသောအလေ့အထအချို့ကို ယနေ့ပင်စတင်ပြုလုပ်ကြည့်ပါ၊ သင့်ကျန်းမာရေးအတွက် တိုင်းတာမရနိုင်သည့် အကျိုးကျေးဇူးကို တွေ့ရပါမည်။
• ဆေးလိပ်ဖြတ်ပြီး အရက်ကန့်သတ်သောက်ပါ။
• ဆားစားသုံးမှုကို သတိပြုပါ - ဆော့စ်နှင့်ဟင်းခတ်အမွှေးအကြိုင်အတော်များများတွင်တွေ့ရသည့် ဆိုဒီယမ်ဓါတ်အများအပြားပါဝင်သော ဟင်းလျာများ
• ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး အမြဲဆက်လုပ်သွားပါ။
• သင့်၏ကျန်းမာသောစားသောက်မှုပုံစံအတွက် အားဖြည့်ရန် လိုအပ်သော မာလ်တီဗီတာမင်များသုံးစွဲပါ။
• အိမ် သို့မဟုတ် အလုပ်တွင် စိတ်ဖိစီးမှုအဆင့်ကို ဆက်တိုက်ကျနိုင်အောင် ပြုလုပ်ပါ။
• ကိုယ်အလေးချိန်လျှော့ပြီး ထိန်းထားပါ။
ယေဘုယျအားဖြင့် သွေးတိုးကုသခြင်း၏အောင်မြင်မှုမှာ သင့်၏အထွေထွေကျန်းမာရေးအခြေအနေပေါ် အလွန်မူတည်သည်။ ကောင်းမွန်သောကျန်းမာရေးအခြေအနေအပေါ် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း နေထိုင်စားသောက်မှုပုံစံပြောင်းခြင်းက များစွာသက်ရောက်မှုရှိသည်။ ထို့အပြင် သင့်ဆရာဝန်မှ သွေးတိုးကျစေရန် ဆေးအချို့ပေးပါမည်။
သွေးတိုးအား ပါးနပ်စွာထိန်းခြင်း
သွေးတိုးလက္ခဏာများကို သင်မခံစားရ၊ မတွေ့ရပါက စိတ်အလိုလိုက်မနေပဲ ကျန်းမာသောလူနေမှုပုံစံအတိုင်းနေရန် ခက်ခဲပါသည်။ သွေးတိုးလက္ခဏာများ သိသိသာပေါ်လာပြီး အဓိကရောဂါကြီးတစ်ခုဖြစ်မလာခင် သွေးတိုးကိုကာကွယ်တိုက်ဖျက်ခြင်းက ပိုမိုအကျိုးရှိပါသည်။
ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ သွေးတိုးရောဂါကုဆေးခန်းတွင် သွေးတိုးရသည့် အကြောင်းရင်းကိုရှာခြင်းမှစတင်ပြီး ဖြစ်ရသည့်အကြောင်းရင်းကိုပြုပြင်သည့် ပြည့်စုံသောသွေးတိုးကုသမှုအစီအစဉ် ရှိနေပါသည်။ သေချာရောဂါရှာဖွေခြင်း၊ ထိရောက်စွာကုသခြင်းနှင့် အာဟာရအပါအဝင် စားသောက်လူနေမှုပုံစံပြောင်းလဲခြင်းမှတဆင့် သင့်သွေးတိုးအားထိန်းထားခြင်းသည် ကျွန်ုတို့၏ပထမဦးစားပေးလုပ်ရပ် ဖြစ်သည်။
Dr Yaowarat Jantree၊ အထွေထွေဆေးပညာအထူးကု၊ ဆေးပညာဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားပြုစုသည်။
Last modify: հոկտեմբերի 28, 2023