bih.button.backtotop.text

ကျောက်ကပ်ပျက်စီးခြင်းအား ကုသခြင်း

နာတာရှည် ကျောက်ကပ်ရောဂါ (CKD) သည် နောက်ဆုံးအဆင့်သို့ရောက်သွားပါက ကျောက်ကပ်ပျက်စီးပြီး အလုပ်မလုပ်နိုင်တော့ပေ။ ဤအခြေအနေတွင် ကုသရန် နည်းလမ်း (၂) ခုရှိသည် - ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုးခြင်းဖြစ်သည်။ ကုသသည့်ရည်ရွယ်ချက်မှာ လူနာအားကျန်းမာနေစေရန်နှင့် နေ့စဉ်အလုပ်များ ဆက်လက်လုပ်ကိုင်နိုင်စေရန် ဖြစ်သည်။

ကျောက်ကပ်ဆေးခြင်း

ကျောက်ကပ်ဆေးခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှ အညစ်အကြေးနှင့် ပိုလျှံနေသောအရည်များကို စွန့်ထုတ်ပေးသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ကျောက်ကပ်ဆေးနည်း (၂) မျိုးမှာ သွေးကြောမှတဆင့်ဆေးကြောခြင်းနှင့် ဝမ်းဗိုက်တွင်းပြွန်မှတဆင့် ဆေးကြောခြင်း (CAPD) တို့ဖြစ်သည်။

သွေးကြောမှတဆင့်ဆေးကြောခြင်း

သွေးကြောမှတဆင့်ဆေးကြောခြင်း သည် ကျောက်ကပ်၏လုပ်ဆောင်ချက်ဖြစ်သော သွေးထဲမှ အညစ်အကြေးနှင့် ပိုလျှံသောအရည်များကို သန့်ရှင်းခြင်း၊ စစ်ထုတ်ခြင်းအား တုပလုပ်ဆောင်ခြင်းဖြစ်သည်။ စစ်ထုတ်စက်သည် သွေးနည်းနည်းကိုတစ်ခါ စစ်ထုတ်ပြီး သင့်သွေးထဲမှ အညစ်အကြေးများနှင့် ပိုလျှံသောအရည်များကို သွေးသန့်ဆေးရည်အတွင်း ဖြတ်သန်းစေသည်။ ကျောက်ကပ်တစ်ခါဆေးလျှင် ၄ နာရီခန့်ကြာပြီး လူနာသည် ကျောက်ကပ်ဆေးစင်တာသို့ တစ်ပတ် ၂ ကြိမ်မှ ၃ ကြိမ်သွားရသည်။

ကျောက်ကပ်ဆေးခြင်းမစတင်မီ သင့်ခန္ဓာကိုယ်တွင်း သွေးအဝင်အထွက်လုပ်မည့်နေရာအား အပေါက်ဖောက်ရန် အောက်ပါနည်းလမ်းတစ်ခုခုကို အသုံးပြုမည်။

၁။ သွေးကြောဆက်ခြင်း - လက်ရှိ သွေးလွှတ်ကြောတစ်ခုနှင့် သွေးပြန်ကြောတစ်ခုအားဆက်ပြီး သဘာဝအားဖြင့် သွေးအဝင်အထွက် လုပ်နိုင်အောင် ပြုလုပ်သည်။

၂။ သွေးကြောဆက်အတုထည့်ခြင်း - သွေးကြောအတုတစ်ခုဖြင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောအားဆက်ပြီး သွေးအဝင်အထွက်လုပ်နိုင်အောင် ဖန်တီးပြုလုပ်သည်။

၃။ ပြွန်ထည့်ခြင်း - ပလက်စတစ်ပြွှန်ငယ်လေးတစ်ခုအား သွေးပြန်ကြောအကြီးတစ်ခုအတွင်း ယာယီထည့်ပြီး ဆေးကြောခြင်းအတွက် သွေးအဝင်အထွက်ရရန် ပြုလုပ်သည်။

ဝမ်းဗိုက်တွင်းပြွန်မှတဆင့် ဆေးကြောခြင်း (CAPD)

ဤနည်းတွင် သွေးသန့်ဆေးရည်များသည် အညစ်အကြေးများအား သင့်ဝမ်းဗိုက်တွင်ထည့်ထားသော ပြွန်ငယ်မှတဆင့် စစ်ထုတ်ခြင်းဖြစ်သည်။ ဤနည်းဖြင့် ကျောက်ကပ်ဆေးခြင်းသည် အချို့လူနာများအတွက် ပိုအဆင်ပြေပြီး အိမ် သို့မဟုတ် အလုပ်တွင် နေ့စဉ်ပြုလုပ်နိုင်သည်။

ကျောက်ကပ်အစားထိုးခြင်း ဆိုသည်မှာ အခြားသူတစ်ယောက်စီမှ ကောင်းမွန်သော ကျောက်ကပ်တစ်လုံးအား သင့်ခန္ဓာကိုယ်အတွင်းသို့ ခွဲစိတ်ပြီးအစားထိုးထည့်ပေးခြင်း ဖြစ်သည်။ ကျောက်ကပ်အသစ်သည် ပျက်စီးသွားသော ကျောက်ကပ်၏အလုပ်ကို လုပ်ပေးပါမည်။ ပုံမှန်အားဖြင့် လှူသည့်ကျောက်ကပ်သည် ထိုင်းကြက်ခြေနီအဖွဲ့တွင် မှတ်ပုံတင်ထားသော သေဆုံးသွားသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအလှူရှင်ဆီမှ ရရှိသည်။ သို့မဟုတ် လူနာ၏ဆွေမျိုးများ သို့မဟုတ် အနည်းဆုံး ၃ နှစ်ကြာ တရားဝင်ပေါင်းသင်းလက်ထပ်ပြီးဖြစ်သော အိမ်ထောင်ဖက်ဆီမှ ရယူနိုင်သည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 9.64 of 10, based on 11 vote(s)

Related Health Blogs