bih.button.backtotop.text

နှလုံးသွေးကြောစီတီရိုက်ခြင်း

နှလုံးသွေးကြောစီတီရိုက်ခြင်းသည် ထိုးထွင်းဝင်ရောက်မှုမရှိပဲ နှလုံးပုံရိပ်ကိုရိုက်ယူသည့် စစ်ဆေးမှုဖြစ်ကာ နှလုံးပတ်သွေးလွှတ်ကြောများထဲတွင် အဆီ သို့မဟုတ် ကယ်လ်စီယမ် အနည်ထိုင်မှုရှိမရှိ သိရှိရန်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စာရင်းအင်းအချက်အလက်များအရ နှလုံးသွေးကြောကျဉ်းရောဂါသည် သေဆုံးမှုအများဆုံးဖြစ်ပွားစေသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ ပျက်စီးနေသောသွေးကြောများ သို့မဟုတ် အဆီခဲများ စုပုံဖွဲ့စည်းလာခြင်းတို့မှတဆင့် သွေးစီးဆင်းမှုကို တဖြည်းဖြည်းပိတ်ဆို့စေခြင်းကြောင့် အဓိကဖြစ်သည်။ နှလုံးရောဂါသည် စိတ်ဖိစီးမှုများသူများနှင့် ဆေးလိပ်အလွန်အကျွံ သောက်သူများအပါအဝင် ဆီးချို၊ သွေးတိုး၊ သွေးထဲတွင်အဆီများခြင်း စသည့်ရောဂါများရှိသော လူနာများတွင် မကြာခဏ တွေ့ရှိရတတ်ပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါရှာဖွေခြင်း

ယနေ့ခေတ်တွင် နှလုံးသွေးကြောကျဉ်းရောဂါကိုရှာဖွေရန် အဓိကနည်းလမ်း ၂ မျိုးရှိပါသည်။

၁။ နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း - ဤစစ်ဆေးမှုသည် ကျဉ်းမြောင်းနေသော နှလုံးသွေးကြောများကို ရှာဖွေဖော်ထုတ်ရန် ယုံကြည်အားထားရဆုံး စံနှုန်းပြည့် စစ်ဆေးမှုတစ်ခုဖြစ်ကာ အတိကျဆုံးအဖြေကို ပေးပါသည်။

blocked coronary arteries Coronary Angiography (CAG)

အကျိုးကျေးဇူး

  • ဘော်လုံးဖြင့် နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် နှလုံးသွေးကြောကို စတန့်ထည့်၍ ချဲ့ခြင်း စသည်ဖြင့် သင့်တော်သော ကုသမှုကို ချက်ခြင်းပြုလုပ်နိုင်ပါသည်။

ဆိုးကျိုး

  •  နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်များရှိပါသည်။ ဥပမာ - သွေးကြောနံရံလွှာများကွာထွက်ခြင်း။ အကြောင်းရင်းမှာ ပိုက်ကို လူနာ၏ ပေါင်ခြံ သို့မဟုတ် လက်မောင်း သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးလွှတ်ကြောမှတဆင့် နှလုံးပတ်သွေးလွှတ်ကြောများဆီသို့ ဂရုတစိုက် ထည့်သွင်းရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော အန္တရာယ်သည် ကျွမ်းကျင်သောဆရာဝန်များ၏ အကောင်းဆုံးသောကုသမှုများအောက်တွင် ဖြစ်နိုင်ခြေလွန်စွာနည်းပါးပါသည်။
  • ကုန်ကျစရိတ် အတန်များပါသည်။
  • စစ်ဆေးကုသမှုပြီးဆုံးသည့်နောက် လူနာသည် ဆေးရုံတွင် ၄ - ၂၄ နာရီအထိနေရန် လိုအပ်ပါသည်။

၂။ နှလုံးသွေးကြောစီတီရိုက်ခြင်း

စီတီနည်းပညာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှစ၍ မြန်ဆန်စွာ ပြောင်းလဲတိုးတက်လာပါသည်။ ယခုအခါတွင် ၎င်းစီတီနည်းပညာသည် နှလုံးကဲ့သို့သော သေးငယ်ပြီးခုန်နေသည့် အင်္ဂါအစိတ်အပိုင်း၏ ပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစွာ ရိုက်ယူပေးစွမ်းနိုင်ပြီဖြစ်ပါသည်။

နှလုံးသွေးကြောစီတီရိုက်သည့် လူနာများတွင် တတ်နိုင်သမျှ အကောင်းဆုံးပုံရိပ်ရရှိနိုင်ရန် အိုင်အိုဒင်းဓာတ်ပါဝင်သော ကြားခံဆေးရည်အား သွေးကြောမှတဆင့် ထိုးပါမည်။ ၁၀ မိနစ်ခန့်ကြာသော ဤစစ်ဆေးမှုတွင် ခန္ဓာကိုယ်မှ ဖြတ်သန်းသွားသော ဓာတ်ရောင်ခြည်များအား ပုံရိပ်ကူးယူသည့်စက်ရှိ အထူးထောက်လှမ်းကိရိယာမှ ဖမ်းယူပြသပါသည်။



Coronary CTA scan Coronary Computed Tomographic Angiography   

အကျိူးကျေးဇူး

  • MDCT အမျိုးအစားစီတီကို အချိန်တိုအတွင်းမှာပင် ရိုက်ယူနိုင်ပါသည်။
  • လူနာသည် စစ်ဆေးပြီးနောက်တွင် ဆေးရုံတက်နေရန် မလိုပါ။
  • ဤစစ်ဆေးမှုသည် နှလုံးသွေးကြောဆိုင်ရာရောဂါများရှာဖွေရာ၌ ၉၀% ကျော် တိကျမှုကိုပေးပါသည်။

ဆိုးကျိူး

  • စကင်ရိုက်ပြီးနောက် ပုံရိပ်ပြုလုပ်ဖန်တီးချိန် ၁ - ၂ နာရီဝန်းကျင် ကြာမြင့်ပါသည်။
  • လူနာသည် ပုံမှန်နှလုံးခုန်နှုန်းရှိရမည်ဖြစ်ကာ စကင်တစ်ခုခြင်းစီအတွက် ၁၀ စက္ကန့်ခန့် အသက်အောင့်နိုင်ရမည်ဖြစ်သည်။ နောက်ပေါ်စီတီစက်အသစ်များတွင် ထိုလိုအပ်ချက်များ မရှိတော့ပါ။

MDCT ရိုက်သင့်သောလုူနာများမှာ -

၁။ နှလုံးသွေးကြောကျဉ်းစေမည့် အောက်ပါအကြောင်းခံများရှိသည့် လူနာများ -
  • အဆီများခြင်း
  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • ဆေးလိပ်အလွန်အကျွံသောက်ခြင်း
  • မိသားစုဝင်များထဲတွင် နှလုံးသွေးကြောကျဉ်းရောဂါ ရာဇဝင်ရှိခြင်း
၂။ နှလုံးသွေးကြောကျဉ်းရောဂါရှိသည်ဟု သံသယရှိသည့် လူနာများ -
  • ရင်ဘတ်အောင့်ခြင်း
  • အီးစီဂျီ သို့မဟုတ် ပြေးစက်ပေါ်တွင်ပြေးပြီး နှလုံးစစ်ဆေးရာတွင် နှလုံးပုံမှန်မဟုတ်ခြင်းကို တိကျစွာမဖော်ပြနိုင်ခြင်း။

၃။ ဘော်လုံးဖြင့် နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် စတန့်ထည့်၍ နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် နှလုံးသွေးကြောဖြတ်ဆက်ခြင်း စသည့်ကုသမှုများကို ခံယူခဲ့ပြီး ရှေ့ဆက်လက်ကုသမှုများအတွက် အခြေအနေကို ပြန်လည်စစ်ဆေးရန် လိုအပ်သောလူနာများ။

ဤစစ်ဆေးမှုအတွက် ပြင်ဆင်ခြင်းသည် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကို စီတီစကင်ရိုက်ရာ၌ ပြင်ဆင်ခြင်းနှင့် ဆင်တူပါသည်။ စစ်ဆေးမှုမစမီ ၄ နာရီအလိုမှစ၍ သောက်ရေမှလွဲပြီး မည်သည့်အရာကိုမျှ မစားသောက်ရပါ။ စစ်ဆေးမှုမတိုင်ခင် လက်ဖက်ရည်၊ ကော်ဖီနှင့်အချိုရည်များ သို့မဟုတ် နှလုံးခုန်နှုန်းမြန်စေသည့်ဆေးများ စသည်တို့ကို မသောက်ရပါ။

စစ်ဆေးနေစဉ်တွင် လူနာသည် ဓာတ်ရောင်ခြည်ဖြင့် ထိတွေ့ရသည့်အတွက် ကိုယ်ဝန်ရှိသူများ သို့မဟုတ် ကိုယ်ဝန်ရှိနိုင်သည်ဟု သံသယရှိသူများသည် ဤစစ်ဆေးမှုကို မပြုလုပ်သင့်ပါ။

ဤစစ်ဆေးမှုတွင် ကြားခံဆေးရည်ကို လူနာ၏သွေးပြန်ကြောတွင် ထိုးသွင်းရန် လိုအပ်ပါသည်။ ထို့အတွက် အောက်ဖော်ပြပါရောဂါများ သို့မဟုတ် လက္ခဏာများရှိသည့် လူနာများအတွက် ဤစစ်ဆေးမှုကိုပြုလုပ်ရန် အကြံမပေးပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းလူနာများသည် ထိုဆေးရည်ဖြင့် ဓာတ်မတည့်မှု ပြင်းထန်စွာဖြစ်ပွားနိုင်ခြင်း သို့မဟုတ် ပြင်းထန်သော ကျောက်ကပ်လုပ်ဆောင်မှုကျဆင်းခြင်း စသည်တို့ဖြစ်ပွားနိုင်သည်။

  • ၁။ ပြင်းထန်သောရင်ကျပ်ပန်းနာရှိခြင်း
  • ၂။ ခရီတီနင်းဓာတ် မြင့်တက်နေသော သို့မဟုတ် နာတာရှည် ကျောက်ကပ်လုပ်ဆောင်မှုကျဆင်းနေသည့် ကျောက်ကပ်ရောဂါရှိခြင်း
  • ၃။ ပင်လယ်စာ သို့မဟုတ် ဓာတ်မှန်ရိုက်ရာတွင်သုံးသော ကြားခံဆေးရည်တို့နှင့် ပြင်းထန်စွာ ဓာတ်မတည့်မှု ဖြစ်ပွားဖူးသည့် ရာဇဝင်ရှိခြင်း

သို့သော် အထက်ပါရောဂါများ သို့မဟုတ် ရာဇဝင်ရှိသည့် လူနာများသည် ဤစစ်ဆေးမှုကို ပြုလုပ်ရန်လိုအပ်ပါက ဆေးရုံဝန်ထမ်းအား ကြိုတင်အကြောင်းကြားရန်လိုပါသည်။

  1. ၁။ ကြားခံဆေးရည်၏ ဘေးထွက်ဆိုးကျိုးများသည် အဖုအပိန့်အနီကွက်ထခြင်း၊ အင်ပြင်ယားနာများထွက်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအနေဖြင့် အချို့လူနာများတွင် ပြတတ်ပါသည်။ သို့သော် ဖြစ်နိုင်ခြေနည်းပါးပါသည်။

    ၂။ ဓာတ်ရောင်ခြည်ထိတွေ့မှုပမာဏ - လူနာတစ်ဦးစီအတွက် သင့်တော်သော၊ ဘေးကင်းစိတ်အချရဆုံးသော ဓာတ်ရောင်ခြည်ပမာဏကို ဂရုတစိုက်ပေးပါသည်။ ဤစစ်ဆေးမှုမှ ထိတွေ့ရသည့် ဓာတ်ရောင်ခြည်ပမာဏသည် ၆-၁၃ mSv ကြားတွင်ရှိပြီး အဆိုပါပမာဏသည် ၂ နှစ် သို့မဟုတ် ၃ နှစ်တာ ကာလတစ်လျှောက် ကျွန်ုပ်တို့ထိတွေ့နိုင်သည့် သဘာဝဓာတ်ရောင်ခြည်ပမာဏနှင့်တူညီပါသည်။

၁။ ရေများများသောက်ပါ။ အဘယ်ကြောင့်ဆိုသော် ကြားခံဆေးရည်သည် ဆီးမှတဆင့် စွန့်ထုတ်နိုင်သောကြောင့် ဖြစ်သည်။

၂။ လူနာတွင် အဖုအပိမ့် သို့မဟုတ် အင်ပြင်ထခြင်း စသည့်ဓာတ်မတည့်မှုများ ကြားခံဆေးရည်ထိုးသွင်းပြီး နာရီအတန်ကြာပြီးနောက် ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ဖြစ်နိုင်ခြေနည်းပါးပါသည်။ ထိုသို့ လက္ခဏာများဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။

Doctors Related

Related Centers

နှလုံးကုဌာန

လေ့လာရန်

Related Packages

Rating score 9.87 of 10, based on 15 vote(s)

Related Health Blogs