bih.button.backtotop.text

ကျောက်ကပ်အစားထိုးခြင်း

ကျောက်ကပ်အစားထိုးခြင်း သည် မကောင်းသည့်ကျောက်ကပ်အား အခြားသူတစ်ဦးထံမှ ကောင်းသည့်ကျောက်ကပ်ဖြင့် အစားထိုးသည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ အစားထိုးမည့်ကျောက်ကပ်သည် သေဆုံးပြီးသူ သို့မဟုတ် အသက်ရှင်လျက်ရှိသော အလှူရှင်ထံမှဖြစ်နိုင်သည်။ လူနာနှင့်ကိုက်ညီမည့် မိသားစုဝင်များမှလည်း ၎င်းတို့၏ ကျောက်ကပ်တစ်လုံးကို လှူဒါန်းနိုင်သည်။ ယခုကဲ့သို့ အစားထိုးခြင်းကို အသက်ရှင်လျှက်အစားထိုးခြင်း ဟုခေါ်သည်။ လှူသောသူသည် ကျန်သည့်ကျောက်ကပ်တစ်လုံးဖြင့် ကျန်းမာစွာ အသက်ရှင်နေနိုင်သည်။ အသက်ရှင်သောသူမှယူသည့် အစားထိုးခြင်းသည် သေဆုံးသူမှယူသည့် အစားထိုးခြင်းနှင့်ယှဉ်လျှင် အကျိုးကျေးဇူးများစွာရှိသည်။ ၎င်းတို့မှာ -

  • စောင့်ဆိုင်းရချိန်နည်းခြင်း
  • အစားထိုးမှုအောင်မြင်နှုန်းပိုများခြင်း

· အစားထိုးခွဲစိတ်မှုအား ပြင်ဆင်နိုင်သည်၊ အလှူရှင်နှင့်အလှူခံသူတို့အတွက် ကျန်းမာရေးအကောင်းဆုံး ဖြစ်သည်အထိ စောင့်နိုင်သည်။

မည်သို့ပြုလုပ်ပါသလဲ။
ခွဲစိတ်ဆရာဝန်သည် လှူထားသည့်ကျောက်ကပ်အား သင့်ဝမ်းဗိုက်အောက်ပိုင်းတွင်းထည့်ပြီး အဆိုပါ အစားထိုးကျောက်ကပ်၏ သွေးလွှတ်ကြောနှင့်သွေးပြန်ကြောများကို သင့်တင်ပါးဆုံတွင်းရှိ သွေးကြောများနှင့် တွဲဆက်လိုက်သည်။ ခွဲစိတ်မှုသည် ၃ နာရီခန့်ကြာတတ်သည်။ ခွဲစိတ်အပြီးတွင် ဆီးပိုက်တန်းလန်းရှိနေမည်။ ဆီးပိုက်အား ၅ ရက်လောက်အကြာတွင် ဖြုတ်လေ့ရှိသည်။
အစားထိုးမှုအများစုတွင် ပြီးပြီးချင်း ကျောက်ကပ်စတင်အလုပ်လုပ်သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ခရီတီနင်းပမာဏသည် ပုံမှန်ပြန်ဖြစ်သွားသည်။ အချို့အစားထိုးကျောက်ကပ်များသာ အလုပ်စလုပ်ရန် နှေးကြသည်။ ထိုသို့ဖြစ်ပါက အစားထိုးကျောက်ကပ် အလုပ်စလုပ်သည်အထိ ကျောက်ကပ်ဆေးရန် လိုပါသည်။
ကျောက်ကပ်အလုပ်မလုပ်ခြင်း သည် ယခင်က ကုမရသောအခြေအနေ တစ်ခုဖြစ်ခဲ့သည်။ ယခုအခါတွင် ကျောက်ကပ်ဆေးခြင်းမျိုးစုံရှိသဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နေနိုင်ပြီဖြစ်သည်။ ကျောက်ကပ်ဆေးခြင်းသည် ကျောက်ကပ်အလုပ်မလုပ်ခြင်းကို အမြစ်ပြတ်ကုစားရန်မဟုတ်ပါ။ သဘာဝကျောက်ကပ်၏လုပ်ဆောင်ချက်အား အစားလုပ်ဆောင်ပေးခြင်းသာဖြစ်သည်။

ကျောက်ကပ်အသစ် အစားထိုးလိုက်ခြင်း၏ ကောင်းသောအချက်များကို သင်စဉ်းစားပြီးဖြစ်နေနိုင်ပါသည်။ ကျောက်ကပ်မဆေးရတော့သဖြင့် အားလပ်ချိန်ပိုရလာခြင်း၊ ယခုအလုပ်မလုပ်နိုင်ပါက အလုပ်ပြန်လုပ်နိုင်တော့မည်ဖြစ်ခြင်း၊ ပိုနေထိုင်ကောင်းပြီး အားအင်ပိုရှိလာသည်ဟု ခံစားရနိုင်ခြေရှိခြင်း၊ အရည်သောက်ခြင်းကို ကန့်သတ်နေစရာမလိုတော့ခြင်း၊ ယခုမစားရသော အစားအသောက်များ ပြန်စားရနိုင်ခြင်း။ အားလုံးကတော့ အလွန် စိတ်ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။

သို့သော်လည်း အန္တရာယ်ကတော့ရှိပါသည်။ ပထမဆုံးအန္တရာယ်က ခွဲစိတ်မှုကြောင့် ဖြစ်ပါသည်။ မေ့ဆေးသုံးဖို့လိုပါမည်။ ခွဲစိတ်ပြီးနောက် ပိုးဝင်တတ်ခြင်းသည် အန္တရာယ်နောက်တစ်ခုဖြစ်ပါသည်။ နောက်ဆက်တွဲပြဿနာများကြောင့် ခွဲခန်းပြန်ဝင်ရခြင်းလည်း ဖြစ်နိုင်သည်။ ယခုပြဿနာများ နည်းနိုင်သမျှနည်းအောင် သတိထားပြုလုပ်သည် ဆိုသော်လည်း အကြီးစားခွဲစိတ်မှုတိုင်းတွင် အန္တရာယ်ရှိမြဲဖြစ်သည်။ နောက်ထပ်အန္တရာယ်တစ်ခုမှာ အစားထိုးပြီးသောက်သုံးသော ဆေးဝါးများဖြစ်သည်။ ရည်ရွယ်ချက်မှာ အစားထိုးထားသည့် ကျောက်ကပ်အား လက်မခံခြင်းမဖြစ်ရစေရန် သင့်ကိုယ်ခံအားစနစ်ကို အားနည်းအောင်လုပ်ခြင်းဖြစ်သည်။ ကိုယ်ခံအားစနစ်၏အလုပ်မှာ ရောဂါနှင့်ပိုးဝင်ခြင်းကို တိုက်ထုတ်ရန်ဖြစ်သည်။ ခွဲပြီးသောက်ရသောဆေးများကြောင့် တိုက်ထုတ်နိုင်သည့်စွမ်းအား နည်းနေပါက ရောဂါများနှင့်ပိုးဝင်ခြင်း ပိုပြီးဖြစ်နိုင်သည်။ တစ်ခါတစ်ရံ အဖြစ်နည်းသော်လည်း သေဆုံးသည်အထိဖြစ်တတ်သည်။

အချို့လူနာများတွင် ကျောက်ကပ်အလုပ်မလုပ်ခြင်းအပြင် အခြားကျန်းမာရေးပြဿနာ များစွာရှိသည်။ အချို့လူနာများသည် အသက်ကြီးပြီး အချို့မှာသိပ်မကြီးကြပေ။ သို့သော်လည်း အခြားရောဂါများရှိခြင်းက အစားထိုးမှုကို ပိုပြီးအန္တရာယ်ပေးနိုင်သည်။ မခွဲခင် ကျန်းမာရေးစစ်ဆေးခြင်းတွင် အစားထိုးခြင်း၏ အကျိုးကျေးဇူးနှင့်အန္တရာယ်များကို ချိန်ဆခြင်းတို့ပါဝင်သည်။ အကျိုးကအပြစ်ထက် အလေးသာမသာ ဆုံးဖြတ်ရပါသည်။

ယနေ့ခေတ်တွင် ကျောက်ကပ်အစားထိုးခြင်း သည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်နေသူများအတွက် အကောင်းဆုံးကုသမှုဖြစ်သည်။ ကျောက်ကပ်အစားထိုးခြင်းကို ကြည့်မည်ဆိုလျှင် အစားထိုးခြင်း၏ရှုထောင့်မျိုးစုံနှင့် ပတ်သက်သော အချက်အလက်များစွာ သင်ရရှိမည်။ အစားမထိုးခင်၊ ဆေးရုံတက်နေစဉ်နှင့် အစားထိုးပြီးနောက် သင်သိရှိလိုသည်များအတွက် အဖြေများကိုရရှိပါမည်။ သင်သိရှိလိုသည့်အရာအများစုသည် ကျောက်ကပ်အစားထိုးမည့် လူနာအားလုံး မေးလေ့ရှိသောမေးခွန်းများဖြစ်ပါသည်။ အစားထိုးရာတွင် သင်သိရှိနားလည်ပြီးမှ ပြုလုပ်သည့်ရွေးချယ်မှု ဖြစ်စေရန် ကူညီရေးမှာ ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်ပါသည်။ သင့်အားပေးမည့် သတင်းအချက်အလက်များကြောင့် သင်သည်ကုသရေးတွင် ပိုမိုတက်ကြွစွာပူးပေါင်းပါဝင်နိုင်ပြီး အစားထိုးပြီးနောက်ပိုင်းတွင်လည်း နာလန်ထမြန်စေပါသည်။

Doctors Related

Related Centers

Related Packages

Rating score 7.53 of 10, based on 17 vote(s)

Related Health Blogs