bih.button.backtotop.text

အူမကြီးမှန်ပြောင်းကြည့်ခြင်း

အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် အူမကြီးအတွင်းသို့ မှန်ပြောင်းထည့်သွင်း၍ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုကို ပုံမှန်အားဖြင့် ကျွမ်းကျင်စွာလေ့ကျင့်ထားသည့် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုမှ ပြုလုပ်မည် ဖြစ်သည်။ အူမကြီးသည် အစာခြေလမ်းကြောင်း၏ နောက်ဆုံးအပိုင်းဖြစ်သည်။ ၎င်းသည် အူသိမ်၏အဆုံးမှ စတင်၍ အစာဟောင်းအိမ်နှင့် စအိုတွင်အဆုံးသတ်ပါသည်။ အူမကြီးသည်     ၅ ပေခန့်ရှည်သော အခေါင်းပေါက်ရှိ အင်္ဂါဖြစ်ကာ ၎င်း၏အဓိကလုပ်ဆောင်မှုသည် အူနံရံမှ မစုပ်ယူသောအစာများကို မစွန့်ထုတ်မီ သိုလှောင်ခြင်းဖြစ်သည်။

Overview


အူမကြီးအတွင်းသို့ကြည့်ရှုစစ်ဆေးရန်သုံးသော အဓိကကိရိယာမှာ အူမကြီးမှန်ပြောင်းဖြစ်သည်။ ထိုကိရိယာသည် သေးငယ်ရှည်လျား၍ ပျော့ပြောင်းသောပိုက်ဖြစ်ကာ အဆုံးတွင် သေးငယ်သည့်ဗွီဒီယိုကင်မရာနှင့်မီးသီးပါရှိပါသည်။ အူမကြီးမှန်ပြောင်းအား လိုသလိုထိန်းချုပ်ကာ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသည် အူမကြီးအတွင်းပိုင်းကို သေချာစွာ စမ်းသပ်ကြည့်ရှုနိုင်ပါသည်။ အူမကြီးမှန်ပြောင်းမှ ရိုက်ကူးသော အရည်အသွေးမြင့်ပုံရိပ်အား တီဗွီဖန်သားပြင်ပေါ်တွင်ပြသပါမည်။ ကြည်လင်ပြတ်သားသော အသေးစိတ်ပုံရိပ်များကို တွေ့မြင်နိုင်ပါသည်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် ဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုတိကျသောစစ်ဆေးမှုဖြစ်သည်။


ဤမှန်ပြောင်းကြည့်ခြင်းဖြင့် အခြားကိရိယာများကိုလည်း အူမကြီးကြည့်မှန်ပြောင်းမှတဆင့် ထည့်သွင်း၍ရစေပါသည်။ ၎င်းကိရိယာများသည် ဥပမာအားဖြင့် သံသယရှိဖွယ်ဖြစ်သော အလုံးအကျိတ်များကို မနာမကျင်ဘဲဖယ်ရှားရန် (သို့) နောက်ထပ်စစ်ဆေးမှုများပြုလုပ်ရန်အတွက် အသားစယူခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ဤနည်းအားဖြင့် အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် ခွဲစိတ်မှုကိုရှောင်လွှဲနိုင်ခြင်း သို့မဟုတ် မည်သည့်ခွဲစိတ်မှုမျိုးပြုလုပ်ရန် လိုအပ်သည်ကို သေချာဆုံးဖြတ်သိရှိနိုင်ခြင်း စသည်တို့တွင် အထောက်အကူပြုပါသည်။


အူမကြီးမှန်ပြောင်းထက် ပိုမိုတိုတောင်းသော စစ်ဆေးမှုမှာ အူမကြီးအောက်ပိုင်းမှန်ပြောင်းကြည့်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် အူမကြီးတစ်ခုလုံးနှင့် အူသိမ်အချို့အပိုင်းများကိုပင် ကြည့်ရှုစစ်ဆေးရန် လုံလောက်စွာရှည်လျားပါသည်။


ယခုမှန်ပြောင်းကြည့်ခြင်းအကြောင်းနှင့် မကြည့်ခင်ပြင်ဆင်ရန်ညွှန်ကြားချက်များအား အသေးစိတ်သိလိုပါက ဤဗွီဒီယိုတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
 

အူမကြီးမှန်ပြောင်းကြည့်နေစဉ် အရာအားလုံးကို အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိအောင် ဆောင်ရွက် ပေးသွားပါမည်။ ကြွက်သားများပြေလျော့ပြီး ငိုက်မျဉ်းလာစေရန် သင့်သွေးကြောအတွင်း အိပ်ဆေး၊ စိတ်ငြိမ်ဆေး ထိုးပါမည်။ သို့သော် ထိုဆေးသည် သင့်အားနိုးနေစေပြီး အသိရှိနေစေမည်ဖြစ်ပါသည်၊ အသေးစိတ်သိရှိခံစားမနေစေရန် ကာကွယ်ခြင်းသာ ဖြစ်ပါသည်။


သင့်ဘက်မှအဆင်သင့်ဖြစ်သည့်အခါ ဆရာဝန်သည် လက်အိပ်ဝတ်ဆင်ကာ ချောဆီသုတ်ထားသောလက်ချောင်းဖြင့် စမ်းသပ်ပြီး ချောဆီသုတ်ထားထားသောမှန်ပြောင်းအား ညင်သာစွာထိုးသွင်းပါမည်။


မှန်ပြောင်းကိုဖြည်းညင်းစွာထည့်နေချိန်တွင် ဝမ်းသွားချင်သကဲ့သို့ခံစားရပါမည်။ မှန်ပြောင်းကောင်းမွန်စွာ ဝင်နိုင်ရန် လေထည့်ရသောကြောင့်လည်း လေထိုးခြင်း သို့မဟုတ် ဗိုက်ကယ်ခြင်းမျိုးခံစားရနိုင်ပါသည်။ ယေဘုယျအားဖြင့် မသက်မသာဖြစ်မှု အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမခံစားရပါ။


အူမကြီးမှန်ပြောင်းကြည့်ရန် ကြာမြင့်ချိန်သည် ကွဲပြားပါသည်။ သို့သော် ပျမ်းမျှအားဖြင့် မိနစ် ၃၀ ခန့် ကြာမြင့်ပါသည်။ ထို့နောက် စောင့်ကြည့်နေရာတွင် ဆေးအစွမ်းပျယ်သည်အထိ သင့်ကိုစောင့်ကြည့်ဂရုစိုက်ပါမည်။ ထိုအချိန်တွင် ဆရာဝန်သည် သင့်အူမကြီးမှန်ပြောင်းကြည့်ထားသည့်အဖြေကို ရှင်းလင်းပြောပြကာ သင်ထပ်မံသိရှိရန်လိုအပ်သည့် အချက်အလက်များကိုလည်း ပြောပြပါလိမ့်မည်။ မည်သည့်အချိန်တွင် အစာပြန်လည်စားသောက်နိုင်သည်နှင့် သာမန်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်နိုင်သည်ကို ညွှန်ကြားပါလိမ့်မည်။


သင်အိမ်ပြန်ရန် အဆင်သင့်ဖြစ်သောအခါတွင် ပိုမိုအားရှိလာပြီး ပိုမိုနိုးကြားလာပါလိမ့်မည်။ သို့သော်လည်း အဆိုပါနေ့အတွက် ကျန်ရှိသည့်အချိန်တွင်တော့ သင်အနားယူရပါလိမ့်မည်။ ဆိုလိုသည်မှာ မည်သည့်ယာဉ်မျှ မောင်းနှင်ခြင်းမပြုရပါ။ မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ယောက်ယောက်မှ သင့်အား အိမ်သို့ပို့ဆောင်ရပါမည်။

အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် အူလမ်းကြောင်းသွေးယိုခြင်း၊ နာကျင်ခြင်းနှင့် ကာလကြာရှည် ဝမ်းသွားခြင်း သို့မဟုတ် အခြားစစ်ဆေးမှုများဖြင့်တွေ့ရှိရသော အူလမ်းကြောင်း ပုံမှန်မဟုတ်သည့် အခြေအနေများကို စစ်ဆေးရာတွင် အန္တရာယ်ကင်းထိရောက်မှုရှိသောနည်း ဖြစ်ပါသည်။ မှန်ပြောင်းကြည့်ခြင်းဖြင့် အူလမ်းကြောင်းသွေးယိုသည့်နေရာကို သိနိုင်ပြီး တစ်ခါတည်းကုသ၍လည်း ရနိုင်ပါသည်။


အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် အူမကြီးကင်ဆာစစ်ဆေးခြင်းအတွက် အရေးပါသောနည်းလမ်းတစ်ခုဖြစ်သည့်အပြင် အူမကြီးအတွင်းနံရံရှိ ပုံမှန်မဟုတ်သော အသားပိုလေးများ၏ ကြီးထွားလာမှုကိုလည်း သိနိုင်ပါသည်။ ထိုအသားပိုများသည် အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိနေတတ်ပြီး အများစုမှာ ကင်ဆာကျိတ်မဟုတ်သော်လည်း အချို့မှာကင်ဆာခြေအနေသို့ ပြောင်းလဲသွားနိုင်ပါသည်။ သို့သော် ဤကဲ့သို့ မျက်စိနှင့်ကြည့်ခြင်းအားဖြင့် ကင်ဆာဖြစ်နိုင်၊ မဖြစ်နိုင်ကို တပ်အပ်ပြောဆိုရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အသားပိုများကိုဖယ်ရှားရန် အူမကြီးမှန်ပြောင်းကို အသုံးပြုကြပါသည်။ ထိုနည်းလမ်းကို အသားပိုဖြတ်ခြင်းဟုခေါ်သည်။


အူမကြီးမှန်ပြောင်းကြည့်ခြင်းကို မိသားစုဝင်များထဲတွင် အူမကြီးကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိသည့်လူနာများတွင် စစ်ဆေးခြင်းများပြုလုပ်ရန် အသုံးပြုပါသည်။

အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် ဘေးကင်းစိတ်ချရသော စစ်ဆေးမှုဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ပါသည်။ ၎င်းတို့တွင် အူမကြီးနံရံထိခိုက်ပေါက်ပြဲခြင်းပါဝင်ပြီး ထိုအခါတွင် ပြန်လည်ခွဲစိတ်ပြုပြင်ရန် လိုအပ်ပါသည်။ အသားပိုကိုဖယ်ရှားသောအခါ သို့မဟုတ် အသားစယူသောအခါတွင် သွေးထွက်လွန်ခြင်းများဖြစ်ပွားတတ်ကာ သွေးသွင်ရန်လိုအပ်ခြင်း သို့မဟုတ် အူမကြီးမှန်ပြောင်းနောက်တစ်ကြိမ် ထည့်သွင်းကြည့်ရှုကာ သွေးတိတ်အောင် ထိန်းချုပ်ရတတ်သည်။


ဤသို့စစ်ဆေးရန်အတွက် အိပ်ဆေးအသုံးပြုရသဖြင့် ဆေးနှင့်ဓာတ်မတည့်ခြင်း နှင့်/သို့မဟုတ် ဆေး၏ ဘေးထွက်ဆိုးကျိုးများစသည့် ဆေးနှင့်ပတ်သက်သော အန္တရာယ်များရှိနိုင်သည်။ ထိုးထွင်းဝင်ရောက်သော စစ်ဆေးမှုဖြစ်သည့်အတွက် ရောဂါပိုးဝင်နိုင်သည့် အန္တရာယ်လည်းရှိနိုင်သည်။


ဖော်ပြပါ နောက်ဆက်တွဲပြဿနာများသည် ဖြစ်နိုင်ခြေနည်းပါးပါသည်။ သင်သိရှိလိုသည်များကို ဆရာဝန်နှင့် အသေးစိတ်သေချာဆွေးနွေးပါ။
 

အထူးကုများနှင့်ဆေးစစ်ပြီးနောက် မှန်ပြောင်းကြည့်ရန် သင့်တော်သည့်လူနာများ ပြုလုပ်နိုင်ပါသည်။
အူမကြီးမှန်ပြောင်းကြည့်ခြင်းအစား အခြားအစားထိုးစစ်ဆေးမှုများကို ဆရာဝန်မှ ဆွေးနွေးပေးပါလိမ့်မည်။

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 9 vote(s)

Related Health Blogs