ဆီးချိုရောဂါ

ဆီးချိုရောဂါဆိုသည်မှာဘာလဲ။

ဆီးချိုရောဂါဆိုသည်မှာ အင်ဆူလင်ထုတ်ခြင်းနှင့် ထွက်လာသော အင်ဆူလင်၏လုပ်ဆောင်ချက် သို့မဟုတ် ထုတ်ခြင်းနှင့်လုပ်ဆောင်ချက် နှစ်မျိုးစလုံးတွင် ချို့ယွင်းသောကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်သောရောဂါ အုပ်စုဖြစ်ပါသည်။ ဆီးချိုရောဂါသည် ဆိုးရွားသော နောက်ဆက်တွဲရောဂါများ၊ အရွယ်မတိုင်ခင် သေဆုံးခြင်းများနှင့် ဆက်စပ်နေပါသည်။ သို့သော် ဆီးချိုရောဂါရှိသူများသည် ထိုကဲ့သို့ နောက်ဆက်တွဲရောဂါများနည်းစေရန် ကာကွယ်နိုင်ပါသည်။

ဆီးချိုရောဂါ ( ၄ ) မျိုး

  • အမျိုးအစား ( ) ဆီးချို အား အင်ဆူလင်ပေါ်မူတည်သောဆီးချို (IDDM) သို့မဟုတ် ငယ်ရွယ်သောအချိန်တွင် စတင်သည့်ဆီးချိုဟု ယခင်ခေါ်ဝေါ်ခဲ့ပါသည်။ အမျိုးအစား (၁) ဆီးချိုရောဂါသည် ဆီးချိုရောဂါအားလုံး၏ ၅% မှ ၁၀% အထိရှိပါသည်။ အမျိုးအစား (၁) ဆီးချိုရောဂါကို ဖြစ်စေနိုင်သောအချက်အလက်များသည် အမျိုးအစား (၂) ကဲ့သို့ သိပ်မတိကျပါ။ သို့သော် မိမိခုခံအားစနစ်ကိုပြန်တိုက်ခြင်း၊ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများသည် အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်လာစေသော အကြောင်းများတွင် ပါဝင်ပါသည်။
  • အမျိုးအစား ( ) ဆီးချို အား အင်ဆူလင်ပေါ်မမူတည်သောဆီးချို (NIDDM) သို့မဟုတ် သက်ကြီးပိုင်းဆီးချိုဟု ယခင်ခေါ်ဝေါ်ခဲ့ပါသည်။ အမျိုးအစား (၂) ဆီးချိုရောဂါသည် ဆီးချိုရောဂါအားလုံး၏ ၉၀ % မှ ၉၅ % အထိရှိပါသည်။ အသက်အရွယ်အိုမင်းလာခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုမျိုးရိုးရှိခြင်း၊ ယခင်က ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရှိဖူးခြင်း၊ ဂလူးကို့စ်ကိုခံနိုင်ရည်မရှိခြင်း၊ ကိုယ်ကာယလှုပ်ရှားမှုမရှိခြင်းနှင့် လူမျိုးနွယ်တို့သည် အမျိုးအစား (၂) ဆီးချိုဖြစ်စေနိုင်သော အချက်များဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်ဆီးချို သည် ကိုယ်ဝန်ဆောင်များ၏ ၂% မှ ၅% တွင် တွေ့ရတတ်ပြီး ကိုယ်ဝန်ဆောင်ပြီးပါက ပျောက်သွားတတ်ပါသည်။ အဝလွန်ခြင်းနှင့်လည်း ပတ်သက်ပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ဖူးသော အမျိုးသမီးများသည် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ရန် အခွင့်အလမ်းများပါသည်။ အချို့လေ့လာချက်များတွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်သော အမျိုးသမီး ၄၀% သည် နောက်ပိုင်းတွင် ဆီးချိုရောဂါဖြစ်သည်ကို တွေ့ရှိရပါသည်။
  • ခြားဆီးချိုအမျိုးအစားများ သည် မျိုးရိုးဗီဇဆိုင်ရာရောဂါများ၊ ခွဲစိတ်ခြင်းများ၊ ဆေးဝါးများ၊ အစာအာဟာရချိုတဲ့ခြင်း၊ ရောဂါပိုးဝင်ခြင်းနှင့် အခြားနာမကျန်းဖြစ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ အဆိုပါဆီးချိုရောဂါအမျိုးအစားများသည် ဆီးချိုရောဂါအားလုံး၏ ၁% မှ ၂% ထိရှိပါသည်။

ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

  • နှလုံးရောဂါ - နှလုံးရောဂါသည် ဆီးချိုနှင့်ဆက်နွယ်သော အသက်ဆုံးရှုံးမှုများ၏ အဓိကအကြောင်းရင်းဖြစ်သည်။ ဆီးချိုရှိသောလူကြီးများတွင် နှလုံးရောဂါကြောင့်သေဆုံးမှုနှုန်းမှာ ဆီးချိုမရှိသောသူများနှင့်ယှဉ်လျှင် ၂ ဆ မှ ၄ ဆအထိ ပိုများသည်။
  • လေဖြတ်ခြင်း - ဆီးချိုသမားများတွင် လေဖြတ်နိုင်သည့်အန္တရာယ် ၂ ဆ မှ ၄ ဆအထိ ပိုများပါသည်။
  • သွေးတိုး - ဆီးချိုလူနာများ၏ ခန့်မှန်းခြေ ၆၀ % မှ ၆၅% တွင် သွေးတိုးရောဂါ ရှိတတ်ပါသည်။
  • မျက်စိကွယ်ခြင်း
    • ဆီးချိုသည် အသက် ၂၀ မှ ၇၄ နှစ်ကြားရှိ လူကြီးပိုင်းများတွင် မျက်စိကွယ်ရခြင်းအကြောင်းအရင်း တစ်ရပ်အဖြစ် ဦးဆောင်နေပါသည်။
    • ဆီးချိုကြောင့်ဖြစ်သော မြင်လွှာရောဂါကြောင့် နှစ်စဉ် လူဦးရေ ၁၂၀ဝ၀ မှ ၂၄၀ဝ၀ ခန့် မျက်စိကွယ်သွားကြသည်။
  • ကျောက်ကပ်ရောဂါ - ဆီးချိုရောဂါသည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်ရခြင်းတွင် ဦးဆောင်နေသောအချက် ဖြစ်ပါသည်။ ၄၀% လောက်တွေ့ရှိရပါသည်။
  • အာရုံကြောစနစ်ယိုယွင်းခြင်း
    • ခန့်မှန်းခြေ ၆၀% မှ ၇၀% သော ဆီးချိုလူနာများတွင် အာရုံကြောစနစ်ထိခိုက်မှု အနည်းနှင့်အများ ရှိတတ်သည်။ ထိတွေ့ခံစားမှုအာရုံမကောင်းခြင်း သို့မဟုတ် ခြေထောက်နှင့်လက်တို့ နာကျင်ခြင်း၊ အစာခြေမှုနှေးကွးခြင်း၊ လက်ချောင်းလေးများတွင် ထုံကျင်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ပြဿနာများရှိတတ်သည်။
    • ဆီးချိုနှင့်ဆက်နွယ်သည့် ပြင်းထန်သော အာရုံကြောရောဂါသည် ခြေထောက်ဖြတ်တောက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။
  • ကိုယ်ခန္ဓာအစိတ်အပိုင်းဖြတ်တောက်ရခြင်း - အမေရိကားတွင် ခြေထောက်ဖြတ်ရခြင်းအကြောင်းရင်းများ၏ ထက်ဝက်ကျော်သည် ဆီးချိုဝေဒနာရှင်များတွင် တွေ့ရသည်။
  • သွားနှင့်ခံတွင်းရောဂါများ - ဆီးချိုလူနာများတွင် သွားဖုံးရောဂါ (သွားများဆုံးရှုံးနိုင်သည့် သွားဖုံးရောဂါ) အဖြစ်အများဆုံးနှင့် ဖြစ်လျှင်လည်း အဆိုးရွားဆုံးဖြစ်တတ်သည်။ သွားဖုံးရောဂါသည် အမျိုးအစား (၁) ဆီးချိုဖြစ်နေသော အသက် ၁၉ နှစ် သို့မဟုတ် ၁၉ နှစ်အထက်ပိုင်းရှိသူများ၏ ၃၀% တွင် ဖြစ်ကြောင်း တွေ့ရှိရသည်။
  • ကိုယ်ဝန်အတွက် ပြဿနာများ - ဆီးချိုရှိမိခင်များမှမွေးသော ကလေးများ၌ မွေးရာပါချို့ယွင်းမှုဖြစ်နှုန်းသည် မီးမဖွားခင်စောင့်ရှောက်မှုခံယူထားသည့် မိခင်များတွင် ဝ% - ၅% သာရှိပြီး၊ မီးမဖွားခင်စောင့်ရှောက်မှု မခံယူထားသူများတွင် ၁၀% အထိရှိသည်။
  • အခြားပြဿနာများ
    • ဆီးချိုရောဂါသည် သွေးတွင်းအက်ဆစ်များခြင်း (Diabetes Ketoacidosis*) နှင့် ဆီးချိုတအားတက်ပြီး သတိလစ်ခြင်း (Hyperosmolar Non-ketotic Coma*) စသော အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေများကို တိုက်ရိုက်ဖြစ်စေနိုင်သည်။
    • ဆီးချိုရောဂါရှိသူများသည် အခြားဖျားနာခြင်းများဖြစ်ရန်လည်း ပို၍လွယ်ပါသည်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိသူများသည် မရှိသူများနှင့်ယှဉ်လျှင် အဆုတ်ရောင်ရောဂါ သို့မဟုတ် တုပ်ကွေးရောဂါ တို့ကြောင့် သေဆုံးနိုင်ချေပိုများသည်။

မှတ်ချက်။ ။ သွေးတွင်းအက်ဆစ်များခြင်း (*Diabetes Ketoacidosis) နှင့် ဆီးချိုတအားတက်ပြီး သတိလစ်ခြင်း (Hyperosmolar Non-ketotic Coma) တို့သည် ဆီးချိုမထိန်းနိုင်သောလူနာများတွင် သွေးတွင်းသကြားဓါတ် အလွန်မြင့်မားခြင်းနှင့် ဇီဝဓါတုဓါတ်မညီမျှခြင်းတို့ကြောင့် ဖြစ်သည်။

 

ဆီးချိုရောဂါအတွက် ရောဂါရှာဖွေရေးစံသတ်မှတ်ချက်များ *
ဆီးချိုရောဂါအတွက် ရောဂါရှာဖွေရေးစံသတ်မှတ်ချက်များတွင် အောက်ပါအပြောင်းအလဲများ ပါဝင်သည်။

  • အစာရှောင်ပြီး သွေးတွင်းသကြားပမာဏ တိုင်းတာခြင်း (Fasting plasma glucose test) သည် ဆီးချိုရောဂါအတွက် ပြုလုပ်နေကျ စစ်ဆေးမှုဖြစ်သည်။ သို့သော် အချို့သောအခြေအနေများတွင် သမားတော်များက အချိုရည်တိုက်ပြီး သွေးစစ်သောနည်း (Oral glucose tolerance test) ကို ရွေးချယ်ပြုလုပ်နိုင်သည်။
  • အစာရှောင်ပြီးတိုင်းသော သွေးတွင်းသကြားပမာဏ (Fasting plasma glucose) သည် ၁၂၆ mg/dL သို့မဟုတ် ထိုထက်များနေပါက ဆီးချိုရောဂါရှိကြောင်း သိရှိနိုင်ပါသည်။
  • ဆီးချိုလက္ခဏာများရှိပြီး အစာမရှောင်ပဲတိုင်းသော သွေးတွင်းသကြားပမာဏ (Non fasting plasma glucose) သည် ၂ဝဝ mg/dL သို့မဟုတ် ထိုထက်များနေပါက ဆီးချိုရောဂါရှိကြောင်း အတည်ပြုနိုင်ပါသည်။
  • ဆရာဝန်သည် အချိုရည်တိုက်ပြီး သွေးစစ်သောနည်း (Oral glucose tolerance test - ဂလူးကို့(စ်) ၇၅ ဂရမ်ကို ရေထဲတွင်ဖျော်ကာ လူနာအားသောက်ခိုင်းပြီး ၂ နာရီအကြာတွင် သွေးတွင်းသကြားပမာဏကိ်ုစစ်ခြင်း) ကို ပြုလုပ်ရန်ရွေးချယ်ပါက သွေးတွင်းသကြားပမာဏ ၂ဝဝ mg/dL သို့မဟုတ် ထိုထက်များနေပါက ဆီးချိုရောဂါရှိကြောင်း အတည်ပြုနိုင်ပါသည်။
  • ကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိ၊ မရှိသိရန် မတူညီသော တိုင်းတာခြင်းများကို အသုံးပြုရသည်။

** အချို့အခြေအနေများမှလွဲ၍ ပုံမှန်မဟုတ်သော သွေးအဖြေများကို နောက်တစ်ရက်တွင် သေချာအောင် ထပ်မံစစ်ဆေးပါသည်။

ဆီးချိုရောဂါကုသခြင်း

နေ့စဉ်နှင့်အမျှ ဆီးချိုဆိုင်ရာဗဟုသုတများ၊ ကုသခြင်းနှင့်ကာကွယ်ရေးနည်းလမ်းများ တိုးတက်လျက်ရှိသည်။ ကုသမှု၏ရည်ရွယ်ချက်သည် သွေးတွင်းသကြားဓါတ်ကို အမြဲတမ်းပုံမှန်နီးပါးဖြစ်အောင် ထိန်းထားနိုင်ရေးဖြစ်သည်။ မိမိကိုယ်မိမိထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးခြင်းသည်လည်း ဆီးချိုရောဂါကုသရေးတွင် မပါမဖြစ်လိုအပ်သည်။ ကုသမှုများသည် လူတစ်ဦးချင်းစီအတွက် မတူညီပဲ ဆေးကုသမှုဘက်အပိုင်း၊ လူမှုပတ်ဝန်းကျင်အပေါ်ထားသည့် စိတ်နေစိတ်ထားပိုင်းနှင့် ဘဝနေထိုင်မှုပုံစံအပိုင်းတို့ကိုပါ ပြုပြင်လုပ်ဆောင်ရန် လိုပါသည်။

  • အမျိုးအစား ( ) ဆီးချိုကုသခြင်း - ပန်ကရိယမှ အင်ဆူလင်မထုတ်လုပ်နိုင်ခြင်းက အမျိုအစား (၁) ဆီးချိုရောဂါကို ထိန်းချုပ်ရန် ခက်ခဲစေပါသည်။ ကုသမှုတွင် သေချာတွက်ချက်ထားသော အစားအသောက်ပုံစံ၊ သတ်မှတ်ထားသော ကိုယ်လက်လှုပ်ရှားမှု၊ မိမိအိမ်တွင် သကြားဓါတ်တိုင်းတာခြင်းနှင့် နေ့စဉ် အင်ဆူလင်ထိုးခြင်း စသည်တို့ပါဝင်သည်။
  • အမျိုးအစား ( ) ဆီးချိုကုသခြင်း - ကုသမှုတွင် အစားအသောက်ထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မိမိအိမ်တွင် သကြားဓါတ်တိုင်းတာခြင်းတို့ပါဝင်ပြီး အချို့အခြေအနေများတွင် ဆေးသောက်ခြင်း နှင့်/သို့မဟုတ် အင်ဆူလင်ထိုးခြင်းပါ ပါဝင်သည်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများ၏ ၄ဝ% သည် အင်ဆူလင်ထိုးဆေး လိုအပ်ပါသည်။

အစာရှောင်ပြီးစစ်သည့် သကြားဓါတ်ပမာဏမူမမှန်ခြင်း (IFG)

အစာရှောင်စစ်သည့် သကြားဓါတ်ပမာဏမူမမှန်ခြင်းသည် ရောဂါရှာဖွေမှုတွင် အုပ်စုသစ်တစ်ခုအဖြစ်တွေ့ရပြီး ဤအုပ်စုတွင်းရှိသူများ၏ အစာရှောင်ပြီးတိုင်းသော သကြားဓါတ်ပမာဏသည် ၁၁၀-၁၂၅ mg/dL ရှိသည်။ ဤပမာဏသည် ပုံမှန်ဆိုသည်ထက်များနေပြီး ဆီးချိုဟုအမည်တပ်နိုင်လောက်အောင်လည်း မများပေ။ သိပ္ပံပညာရှင်များက အဆိုပါအုပ်စုမှ မည်သူတို့သည် ဆီးချိုဝေဒနာရှင်များ ဖြစ်လာကြမည်ကိုခန့်မှန်းရန်နှင့် ထိုသို့ဖြစ်မလာအောင် မည်သို့ကာကွယ်ရမည် ဆိုသည်များကို သိရှိအောင် ကြိုးစားရှာဖွေနေကြသည်။

အင်ဆူလင်ဆိုသည်မှာဘာလဲ။

ပန်ကရိအတွင်း ဘီတာဆဲလ်များမှ အင်ဆူလင် ပြုလုပ်ပေးပါသည်။ အစာစားပြီးတိုင်း အစားအစာမှရရှိသော ဂလူးကို့(စ်)ဓါတ်ကို ခန္ဓာကိုယ်မှအသုံးပြုရန် သို့မဟုတ် သိမ်းထားရန်အတွက် ခန္ဓာကိုယ်ကိုကူညီရန် ဘီတာဆဲလ်များက အင်ဆူလင်ကို ထုတ်ပေးပါသည်။

အမျိုးအစား (၁) ဆီးချိုသမားများတွင် ပန်ကရိယက အင်ဆူလင်ကိုမထုတ်ပေးနိုင်တော့ပါ။ ဘီတာဆဲလ်များ ပျက်စီးသွားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အစားအစာမှရရှိသော ဂလူးကို့(စ်)ဓါတ်ကို အသုံးပြုရန် အင်ဆူလင်ထိုးဆေး လိုအပ်ပါသည်။

အမျိုးအစား (၂) ဆီးချိုသမားများတွင် အင်ဆူလင်ကို ထုတ်နိုင်သော်လည်း သူတို့၏ခန္ဓာကိုယ်က ကောင်းစွာ မတုန့်ပြန်နိုင်တော့ပါ။ ထို့ကြောင့် အချို့သော အမျိုးအစား(၂) ဆီးချိုရောဂါလူနာများသည် ဂလူးကို့(စ်)ဓါတ်မှ စွမ်းအင်ရရှိရန် ဆီးချိုဆေး သို့မဟုတ် အင်ဆူလင်ထိုးဆေးကို အသုံးပြုရပါသည်။

အင်ဆူလင်ကို သောက်ဆေးအနေဖြင့် အသုံးပြု၍မရပါ။ အဘယ်ကြောင့်ဆိုသော် အင်ဆူလင်သည် အစားအစာထဲတွင် ပါဝင်သော ပရိုတင်းကဲ့သို့ ၎င်းအား အစာချေစဉ်တွင် ချေဖျက်နိုင်သောကြောင့် ဖြစ်ပါသည်။ အင်ဆူလင် သွေးထဲရောက်ရှိအောင် အရေပြားအောက်ရှိ အဆီရှိသောနေရာသို့ ထိုးပေးရပါမည်။

ရောင်းချနေသော အင်ဆူလင်အမျိုးအစားပေါင်း ၂ဝ ကျော်ရှိသည်။ ၎င်းတို့သည် ထုတ်လုပ်ပုံ၊ ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံနှင့် ဈေးနှုန်းတို့ကွာခြားကြသည်။

အောက်ပါတို့ကို အခြေခံ၍ အင်ဆူလင်အမျိုးအစား (၄) မျိုးထပ်ရှိပါသည်။

  • ထိုးပြီး မည်မျှအကြာအာနိသင်စပြသည် (အာနိသင်စပြချိန်)
  • မည်သည့်အချိန်တွင် အာနိသင်အကောင်းဆုံးဖြစ်သည် (ဆေးစွမ်းအားအမြင့်ဆုံးအချိန်)
  • ခန္ဓာကိုယ်တွင်း မည်မျှကြာကြာခံသည် (ကြာချိန်)

အမျိုးအစား ( ) ဆီးချိုကုသရန် ဆေးဝါးများ

အမျိုးအစား (၂) ဆီးချိုအတွက် ပထမဆုံးကုသမှုမှာ သွေးတွင်းသကြားဓါတ်ထိန်းရန် အစားအသောက်စီမံပေးခြင်း၊ ကိုယ်အလေးချိန်လျှော့ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း တို့ဖြစ်ပါသည်။ သို့သော် တခါတလေ ထိုသို့ ဆောင်ရွက်ခြင်းများသည် သွေးတွင်းသကြားဓါတ်ကို ပုံမှန်သို့ရောက်အောင် မလုပ်နိုင်ပါ။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် ဆေးသောက်ကာ သွေးတွင်းသကြားဓါတ်ကို လျော့ကျအောင် ပြုလုပ်ရပါမည်။ သောက်ဆေးနှင့် အင်ဆူလင်ထိုးဆေးဟူ၍ ဆေးနှစ်မျိုးရှိပါသည်။ ဆီးချိုသောက်ဆေးမှာ အင်ဆူလင်မဟုတ်ပါ။

ဆေးများအလုပ်လုပ်ပုံ

ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓါတ် အလွန်မြင့်တက်နေပါသည်။ ထိုကဲ့သို့ မြင့်တက်နေရခြင်းမှာ ဂလူးကို့(စ်)သည် ဆဲလ်ထဲသို့မဝင်ဘဲ သူရှိနေကြ သွေးအတွင်းရှိမြဲရှိနေခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် ဂလူးကို့(စ်)ဓါတ် ဆဲလ်အတွင်းသို့ဝင်ရန်မှာ အင်ဆူလင်ရှိနေရမှာဖြစ်ပြီး ထိုဆဲလ်သည်လည်း ဂလူးကို့(စ်)ဓါတ်ကို ”အလိုရှိနေရမည်” ဖြစ်သည်။

  • အမျိုးအစား (၁) ဆီးချိုရောဂါရှိသူများသည် အင်ဆူလင်ကို မထုတ်လုပ်နိုင်ပါ။ ထိုသူများအတွက် သွေးတွင်း သကြားဓါတ်ကျရန်မှာ အင်ဆူလင်ထိုးခြင်းနည်း တစ်ခုတည်းသာရှိသည်။
  • အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများတွင် ပြဿနာ (၂) ခုရှိပါသည်။ သူတို့သည် လုံလောက်သော အင်ဆူလင်ကို မထုတ်လုပ်နိုင်ခြင်းနှင့် ခန္ဓာကိုယ်တွင်းရှိဆဲလ်များသည် ဂလူးကို့(စ်)ဓါတ်ကို အသုံးပြုသင့်သလောက် လိုလိုလားလား မသုံးသောကြောင့် ဖြစ်သည်။

ယနေ့ရောင်းချနေသော ဆီးချိုဆေးများသည် အောက်ပါ အုပ်စု (၃) စုထဲမှ ဖြစ်ပါသည်။ ထိုဆေးများသည် သွေးတွင်းသကြားဓါတ် လျော့ချရန် ပြုလုပ်ပုံခြင်းမတူညီကြပါ။

ပထမအုပ်စုဆေးများသည် ဘီတာဆဲလ်များကို လှုံ့ဆော်ကာ အင်ဆူလင်ကို ပိုထွက်စေသည်။

  • ဆာလ်ဖိုနိုင်းယူရီးယား ဟုခေါ်သောဆေးများကို ၁၉၅ဝ နှစ်များကတည်းက စတင်သုံးစွဲခဲ့ပါသည်။ ထိုဆေးများကို ယေဘုယျအားဖြင့် အစာမစားမှီ တစ်နေ့ တစ်ကြိမ်မှနှစ်ကြိမ်အထိ သောက်သုံးရပါသည်။ ဆာလ်ဖိုနိုင်းယူရီးယားဆေးအားလုံးသည် သွေးတွင်းသကြားဓါတ်ပမာဏအပေါ် တူညီသော အကျိုးသက်ရောက်မှုရှိသော်လည်း ဘေးထွက်ဆိုးကျိုး၊ သောက်ပုံသောက်နည်းနှင့် အခြားဆေးများနှင့် ဓါတ်ပြုပုံတို့ မတူညီကြပါ။
  • ရက်ပါဂလီနိုက်ဟုခေါ်သောဆေးသည် အာနိသင်တိုသောဆေး ဖြစ်သည်။ ထိုဆေးကို အစာမစားမီ တစ်နေ့သုံးကြိမ် သောက်သုံးရပါသည်။ ယခုအုပ်စုမှဆေးများသည် အင်ဆူလင်ထုတ်လုပ်ခြင်းကို လှုံ့ဆော်သောကြောင့် သွေးတွင်းသကြားဓါတ် လိုသည်ထက်ပိုနည်းသွားခြင်းကိုလည်း ဖြစ်စေနိ်ုင်ပါသည်။


ဒုတိယအုပ်စုဆေးများသည် ခန္ဓာကိုယ်အား ရှိနေပြီးသားအင်ဆူလင်ကို သိရှိခံစားနိုင်အောင် လုပ်ဆောင်ပေးသည်။

  • မက်ဖော်မင်ဆေးသည် ဘိုင်ဂွာနိုက်အမျိုးအစား ဖြစ်ပါသည်။ ၎င်းသည် များသောအားဖြင့် အသည်းတွင် အင်ဆူလင် အလုပ်ပိုလုပ်နိုင်အောင်ကူညီကာ သွေးတွင်းသကြားဓါတ်ကို လျော့ကျစေရန် ပြုလုပ်ပေးပါသည်။ ထိုဆေးကို တစ်နေ့ နှစ်ကြိမ်မှသုံးကြိမ် သောက်သုံးရပါမည်။ မက်ဖော်မင်၏ ဘေးထွက်ဆိုးကျိုးမှာ ဗိုက်လေပွခြင်းဖြစ်ပြီး ဆေးသောက်ပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း သက်သာသွားလေ့ရှိပါသည်။
  • ဂလီတာဇုန်း၊ ရိုစီဂလီတာဇုန်းနှင့် ပိုင်ယိုဂလီတာဇုန်းဟုခေါ်သော ဆေးများသည် သိုင်ရာဇိုလီဒင်း ဒိုင်အုန်းအုပ်စုဝင်ဆေးများ ဖြစ်ပါသည်။ ထိုဆေးများသည် ကြွက်သားများနှင့်အဆီများထဲတွင် အင်ဆူလင်ပိုမိုအလုပ်လုပ်နိုင်ရန် ကူညီပေးကြပါသည်။ လီတာဇုန်းဟုခေါ်သော ဆေးသည် ခန္ဓာကိုယ်တွင်း အရည်ဓါတ်စုပုံခြင်းကို ဖြစ်စေနိုင်သောကြောင့် အကယ်၍ ၎င်းနှင့်ပတ်သက်ပြီး သံသယလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့်ပြသပါ။

တတိယအုပ်စုသောက်ဆေးများသည် ကစီဓါတ်နှင့်သကြားဓါတ်အချို့ကို ချေဖျက်ရာတွင် နှေးစေခြင်း သို့မဟုတ် တားဆီးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။

  • အကာဘို့စ်နှင့် မက်ဂ်လီတောဟုခေါ်သော ဆေးများသည် အယ်လ်ဖာ ဂလူကိုဆိုက်ဒေ့စ်အား တားဆီးသည့်အရာများဖြစ်သည်။ ထိုဆေးများသည် ပေါင်မုန့်၊ အားလူးနှင့် ခေါက်ဆွဲစသည့်တို့မှရသော ကစီဓါတ်ကိုချေဖျက်မှုအား တားဆီးခြင်းဖြင့် သွေးတွင်းသကြားဓါတ်ကျအောင် လုပ်ဆောင်ပေးပါသည်။ ထိုဆေးများသည် အချို့သကြားဓါတ်များအား ချေဖျက်ခြင်းကိုလည်း နှေးအောင် လုပ်ဆောင်ပေးပါသည်။ ထိုဆေးများသည် အစာစားပြီးနောက် သွေးတွင်းသကြားဓါတ် မြင့်တက်လာခြင်းကို နှေးစေပါသည်။ ထိုဆေးကို အစာပထမတစ်လုပ်/တစ်ကိုက်နှင့်အတူ သောက်သုံးသင့်ပါသည်။ ထိုဆေးများတွင် လေထိုးခြင်းနှင့် ဝမ်းလျောခြင်းစသော ဘေးထွက်ဆိုးကျိုးများရှိတတ်ပါသည်။

ဆီးချိုရောဂါကုသမှုအစီအစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ဆီးချိုဌာန စာမျက်နှာတွင် လေ့လာနိုင်ပါသည်။

IMG
IMG
IMG
IMG
 
Rating score: 8.86 of 10, based on 7 vote(s)